Chapter 9

835 95 0
                                    

အပိုင်း (၉) စီချွမ် ကြက်သား အစပ်


ဆုယောင်က စုန့်ရန်၏ စကားကို ကြားလိုက်သောအခါ ကြောင်သွားပြီး "ကျွန်မက ဘာလို့ လက်စားချေရမှာလဲ" ဟု ပြန်မေးလိုက်သည်။

စုန့်ရန်က ဆု‌ယောင်၏ ရိုးသားသောမျက်နှာ အမူအယာကို ကြည့်ကာ စားပွဲပေါ်ရှိ အမဲသားခြောက်ဘူးကိုသာ ထိုးပြပြီး "ဒါဆို ဘာလို့ ဒီအမဲသားခြောက်က စပ်နေတာလဲ။ ငရုတ်သီးတွေ အများကြီး ထည့်ထားတာ လက်စားချေတာ မဟုတ်ရင် ဘာလဲ" ဟု မေးလိုက်သည်။

"အမဲသား အစပ်ကြော်က အိမ်မှာ လုပ်လာတာပါ။ ဘာမှ ပိုမထည့်ထားပါဘူး။ ရှင်က အစပ် မစားနိုင်ဘူးလား"

ဆုယောင်က စုန့်ရန်၏ နီမြန်းနေသော မျက်နှာကို ကြည့်ကာ ထိုသို့ မေးလိုက်သည်။

ဆုယောင် အမဲသားခြောက်ကို လုပ်ခဲ့စဉ်က လူအားလုံး၏ အကြိုက်နှင့် ကိုက်ညီစေရန် အစပ်အရသာ
အများကြီး မထည့်ခဲ့ပေ။

ထို့ကြောင့် အစပ် မစားနိုင်သော လူသာ ဤသို့ ဖြစ်နိုင်မည် ဖြစ်သည်။

"မင်း ဘယ်လို ပြောလိုက်တာလဲ"

စုန့်ရန်က ရေဘူးကို ယူသောက်ကာ ထိုသို့ ပြန်မေးလိုက်သည်။

အခန်းထဲရှိ အခြေအနေမှာ တင်းမာစ ပြုလာသဖြင့် ဝမ်ယန်က "ရှင်တို့ စကားပြောနေကြနော်။ ကျွန်မ ရေဘူး ထပ်ယူပေးမယ်" ဟု ပြောကာ အခန်းအပြင်သို့ ထွက်သွားတော့သည်။

စပ်နေသဖြင့် မျက်နှာ နီရဲနေသော စုန့်ရန်ကို ကြည့်ကာ ဆုယောင်က အားနာနေခဲ့၏။

သို့သော် ဤကိစ္စမှာ ဆုယောင်ကို အပြစ်တင်၍ မရပေ။

ဆုယောင်နှင့် စုန့်ရန် သိကြသည်မှာ နှစ်ရက်သာ ရှိ
သေးသဖြင့် စုန့်ရန် အစပ်မစားနိုင်သည့် အကြောင်းကို ဆုယောင်က မသိသေးပေ။

ဆုယောင် ကိုယ်တိုင်ကမူ ချိုချို၊ ငန်ငန်၊ ခါးခါး၊ စပ်စပ် အရသာ ကောင်းနေသရွေ့ အကုန်လုံးကို စားနိုင်သူ ဖြစ်သည်။

ထို့အပြင် ယနေ့ခေတ်တွင် စီချွမ် စားသောက်ဆိုင်နှင့် ဟူနန် စားသောက်ဆိုင်များက နေရာအနှံ့တွင် ဖွင့်လှစ်လာပြီ ဖြစ်သဖြင့် အစပ် မစားနိုင်သောသူ  ရှိလိမ့်ဦးမည်ဟု မထင်ထားခဲ့ပေ။

စုန့်ရန်၏ မျက်ရည်ဝဲနေသော မျက်လုံးများကို ကြည့်ကာ ဆုယောင်၏ မကျေနပ်ချက်များက ပျောက်ကွယ်သွားပြီး အားနာစိတ်ဝင်လာတော့သည်။

"ကျွန်မ ရှင် အစပ် မစားနိုင်တာကို တကယ် မသိခဲ့လို့ပါ။ ဒါမှမဟုတ် ရေခဲရေ သောက်လိုက်မလားဟင်"

"ရေခဲရေ သောက်လိုက်ရုံနဲ့ အစပ်ပြေသွားလိမ့်မယ်လို့ မင်းက ထင်နေတာလား"

ဆုယောင်က ပြန်မပြောနိုင်တော့သဖြင့် တိတ်ဆိတ်သွားကာ တစ်စုံတစ်ရာကို သတိရသွားခဲ့သည်။

"အိုး...ကျွန်မ ရှင့်တစ်‌ယောက်တည်းအတွက် ပျားရည်အရသာ အမဲသားခြောက် လုပ်လာခဲ့သေးတယ်။ အဲ့ဒါ စားလိုက်ရင် ရှင် အစပ်ပြေသွားမှာပါ"

"ဟမ်၊ ပျားရည် အရသာ၊ ဟုတ်လား"

စုန့်ရန်က စိတ်ထဲတွင် ထူးဆန်းသွားသော်လည်း အညိုရောင် စက္ကူအိတ်ကို အမြန်ဖောက်ကာ အထဲမှ အမဲသားခြောက်ဘူးကို ထုတ်ယူလိုက်သည်။

ပျားရည် အမဲသားခြောက်ဘူးမှာ လေးထောင့်ဘူးဖြစ်ပြီး အမဲသား အစပ်ခြောက်ဘူးနှင့် မတူပေ။

အဖုံးကို ဖွင့်လိုက်သောအခါ လိမ္မော်နီရောင် အမဲသားခြောက်များကို အစီအရီ လှပစွာ ထည့်ထားသည်ကို တွေ့လိုက်ရသည်။

အသားအနံ့နှင့် ပျားရည်အနံ့ကလည်း လှိုင်ထွက်လာသဖြင့် မြင်ရသူအဖို့ သွားရည်များပင် မြိုချနေရတော့၏။

ထို့ကြောင့် စုန့်ရန်က တစ်ခုပြီး တစ်ခု ယူမြည်းကာ အရသာခံနေတော့သည်။

အစပိုင်းတွင် စပ်နေသော်လည်း အစပ်ပြေလာသောအခါ အရသာခံသည့် အာရုံက ပြန်လည်ကောင်းမွန်လာခဲ့၏။

"အစီအစဉ်က စတော့မယ်။ မင်း အခုထိ မိတ်ကပ်မလိမ်းသေးဘူးလား"

စုန့်ရန်က စားနေရာမှ ရပ်ကာ ဆုယောင်ကို အဝေးသို့ ပထုတ်လိုက်သည်။

အပြင်လူများ ရှေ့တွင် စုန့်ရန်က အစား စားနေသည့်ပုံကို မပြချင်ပေ။

ဆုယောင်က အနည်းငယ် ကြောင်သွားသော်လည်း စုန့်ရန်၏ ဆိုလိုရင်းကို သဘောပေါက်သွားကာ အခန်းထဲမှ ထွက်သွားတော့သည်။

သူမ ထွက်သွားပြီး မကြာခင်တွင် ပျားရည်အမဲသားခြောက်ဘူးမှာလည်း ပြောင်သလင်းခါသွားလေပြီ။

ထို့အပြင် စုန့်ရန်က အမဲသား အစပ်ခြောက် ငါးခုကိုပါ ယူစားလိုက်၏။

အစပ် အရသာ၏ သဘောတရားမှာ မစားနိုင်လေလေ ထပ်မံ စားချင်လေလေ ဖြစ်သဖြင့် စုန့်ရန်က "အစပ် အရသာက ဒီလောက်တောင် စားကောင်းတာလား" ဟု ရေရွတ်ပြီး ဆက်စားနေတော့သည်။

....

ဆုယောင်၏ အမဲသား အစပ်ခြောက်က ရိုက်ကူးရေး အဖွဲ့သားများ၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။

ဆုယောင်ကို ဆက်ဆံကြသော အမူအယာများမှာလည်း ရုတ်ချည်း ပြောင်းလဲသွားခဲ့ကြ၏။

အစီအစဉ် မစခင်၌ ဒါရိုက်တာ ကိုယ်တိုင် ဆုယောင်ဆီသို့ ရောက်လာကာ "ဆုယောင်၊ ရဲရဲတင်းတင်း မှတ်ချက်ပေးလို့ ရတယ်နော်။ အားနာမနေနဲ့၊ သိလား။ ပြိုင်ပွဲဝင်တွေက မင်းကို ခက်ခဲအောင် လုပ်ရင် ဆရာတို့ ကူညီပေးမယ်၊ သိလား" ဟု ပြောလိုက်သည်။

ဆုယောင်က စိတ်ထဲမှ "ငါက ဒိုင်လူကြီးဆိုတော့ အမှန်အတိုင်း ဝေဖန်မှ ရမှာပေါ့။ ဘာလို့ ဒါရိုက်တာက ငါ့ကို ခုလို လာပြောနေတာလဲ" ဟု တွေးပြီး ထူးဆန်းသွား၏။

သို့သော် အပြင်ပန်းတွင်မူ ပြုံးပြကာ "အဲ့ဒါက ပုံမှန်ပါပဲ။ ကျွန်မ ပြိုင်ပွဲဝင် အကုန်လုံးကို မျှမျှတတ ဝေဖန်မှာပါ။ စိတ်မပူပါနဲ့ ဒါရိုက်တာ" ဟု ပြန်ပြောလိုက်သည်။

ဤအစီအစဉ်ကို စုန့်အုပ်စုက ရင်းနှီးမြှုပ်နှံထားသဖြင့် အဓိက တာဝန်ရှိသူမှာ စုန့်ရန် ဖြစ်၏။

အစီအစဉ်တွင် လာပြိုင်ကြသော ပြိုင်ပွဲဝင်များမှာ ယုံကြည်မှု အပြည့်ရှိနေကြသော စာဖိုမှူးများနှင့် စာဖိုမှူး မျိုးဆက်များ ဖြစ်ပြီး စုန့်ရန်၏ အရှေ့တွင် မျက်နှာကောင်းရရန် ကြိုးပမ်းနေကြသည်။

စုန့်ရန်၏ ရည်ရွယ်ချက်မှာလည်း ဤအစီအစဉ်မှ
တစ်ဆင့် သူ၏ ကိုယ်ပိုင် စာဖိုမှူး ရှာဖွေရန် ဖြစ်သည်။

သို့သော် ဒါရိုက်တာကမူ အစီအစဉ် ကြည့်ရှုနှုန်း များပြားရန်အတွက် လူစိတ်ဝင်စားနိုင်သည့် ဆုယောင်ကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်၏။

ဆုယောင်၏ အာရုံစိုက်ခံရအောင် လုပ်နိုင်သည့် အရည်အချင်းဖြင့် ပွဲဆူအောင် လုပ်ခိုင်းရန် ဖြစ်သည်။

သို့သော် ယခု ဆုယောင်ကမူ ဒါရိုက်တာ၏ အဓိက ရည်ရွယ်ချက်ကို မသိဘဲ သူမကို ဂရုစိုက်ပေးသည်ဟု ထင်ကာ ပြုံးရွှင်နေတော့သည်။

ဆယ်မိနစ်ခန့် ကြာပြီးသောအခါ ဖိတ်ကြားထားသော ပရိသတ်များက တစ်ယောက်ပြီး တစ်ယောက် ကြည့်ရှုမည့် နေရာသို့ ရောက်လာကြ၏။

အကဲဖြတ် ဒိုင်လူကြီးများကလည်း နေရာတွင် ဝင်ထိုင်လိုက်ကြသည်။

ဆုယောင်က အလယ်တွင် ထိုင်ရပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ဝမ်ယန်နှင့် စုန့်ရန်တို့က ထိုင်ကြ၏။

ဝမ်ရန်နှင့် စုန့်ရန်တို့၏ ဘေးတွင် အမျိုးသား ဒိုင်လူကြီး နှစ်ယောက်က ထိုင်နေကြပြီး စုစုပေါင်း အကဲဖြတ် ဒိုင်လူကြီး ငါးယောက်ဖြစ်သည်။

"နှုတ်ခမ်းကြီး ရောင်နေတာ ဘယ်လိုလုပ်ကြမလဲ"

မိတ်ကပ်ပြင်ပေးသူ၏ စကားသံကို ဝမ်ယန်က ကြားသွားကာ ဒိုင်လူကြီး လွီကို လှမ်းကြည့်လိုက်ပြီး "အစ်ကို လွီရဲ့ နှုတ်ခမ်းက ဘာလို့ ရောင်နေတာလဲ" ဟု မေးလိုက်သည်။

ဆုယောင်က ရှေ့သို့ ကုန်းကြည့်လိုက်သောအခါ ဒိုင်လူကြီး လွီက ရှက်သွားပြီး နှုတ်ခမ်းကို လက်ဖြင့်အုပ်ကာ "ခုနက စိတ်ဆိုးစရာ ကိစ္စလေး ရှိလို့" ဟု ပြောလိုက်၏။

"စိတ်ဆိုးစရာ ကိစ္စ ဟုတ်လား။ ဒါဆို အစ်ကိုဘဲ့ကရော၊ ဘာလို့ ရောင်နေတာလဲ"


ဝမ်ယန်၏ စကားကြောင့် ဒိုင်လူကြီး ဘဲ့ကပါ မလုံမလဲ ဖြစ်သွားပြီး "အစ်ကိုရောပဲ..." ဟု ပြောလိုက်တော့သည်။

အမျိုးသား ဒိုင်လူကြီး နှစ်ယောက်၏ နှုတ်ခမ်းများမှာ ရောင်နေပြီး နီရဲနေကြကာ မိတ်ကပ်နှင့်ပင် ဖုံးထား၍ မရပေ။

စကား ပြောလိုက်သောအခါတွင်လည်း အမဲသားအစပ်ခြောက် အနံ့က ထောင်းခနဲ ထွက်လာသည်။

ဆုယောင်နှင့် ဝမ်ယန်တို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စုန့်ရန်ကို လှမ်းကြည့်လိုက်သောအခါ စုန့်ရန်က ထိုင်ခုံကို မှီထိုင်ကာ မျက်နှာတစ်ဝက်ကို လက်ဖြင့် အုပ်ထားသဖြင့် နှုတ်ခမ်းကို မမြင်ရပေ။

ထို့ကြောင့် ပြန်လှည့်လိုက်သောအခါ စုန့်ရန်ကို မိတ်ကပ်ပြင်ပေးသူထံမှ တီးတိုး စကားသံကို ကြားလိုက်ကြရ၏။

"လူကြီးမင်း စုန့်....ရှင့်ရဲ့ နှုတ်ခမ်းက ရောင်နေတယ်နော်။ မိတ်ကပ်ပစ္စည်း တစ်ခုခုနဲ့များ ဓာတ်မတည့်လို့လား"

"အာ၊ မဟုတ်...မဟုတ်ပါဘူး"

စုန့်ရန်၏ စပ်နေသော အသံ ထွက်လာသောအခါ နှစ်ယောက်သားက ရယ်ချင်သွားကြသည်။

ထိုအချိန်တွင် အစီအစဉ် စတော့မည် ဖြစ်သဖြင့် အစီအစဉ် တင်ဆက်သူမှ နှုတ်ဆက်စကားဆိုကာ အစီအစဉ်ကို စတင်လိုက်၏။

ယနေ့ ပါဝင် ယှဉ်ပြိုင်လာသော ပြိုင်ပွဲဝင်များမှာ အဆင့်မြင့် စာဖိုမှူးများ ဖြစ်ကြသည်။

ယနေ့ပြိုင်ပွဲမှာ ယခင် ပြိုင်ပွဲများနှင့် မတူဘဲ ပြိုင်ပွဲဝင် (၂) ဦးကို ဒိုင်များက ရွေးကာ ထိပ်တိုက် ယှဉ်ပြိုင်ခိုင်းမည့် အစီအစဉ် ဖြစ်၏။

စုန့်ယန်က စာဖိုမှူး နှစ်ယောက်ကို ကျပန်းရွေးလိုက်သောအခါ နှစ်ယောက်စလုံးက ထူးဆန်းစွာ စီချွမ် အစားအသောက်ကို အထူးပြုထားသည်ကို တွေ့
လိုက်ရသည်။

ပြိုင်ပွဲဝင် ကျင့်ရီပေါ်က နွေးထွေးသော အပြုံးဖြင့် သူယှဉ်ပြိုင်မည့် စီချွမ် ကြက်သား အစပ် အကြောင်းကို မိတ်ဆက်လိုက်သည်။

တစ်ဖက်ပြိုင်ပွဲဝင် ဖန့်ချန်ကမူ ဟင်းပွဲတွင် ပါဝင်သည့် အဓိက ပစ္စည်း၏ အရည်အသွေးကို ရှင်းပြလိုက်သဖြင့် ပရိသတ်များက ဖန့်ချန်ကို ပို၍ စိတ်ဝင်စားသွားကြသည်။

ဟင်းပွဲကိုသာ တိုက်ရိုက် ရှင်းပြလိုက်သော ကျင့်ရီပေါ်ကမူ ပွဲမစခင်ကပင် အာရုံစိုက်ခံရမှု နည်းသွားခဲ့သည်။

"ဟင်း...ဟင်းပွဲ နာမည်ကို ထုတ်ပြောလိုက်မှတော့ စိတ်ဝင်စားစရာ ဘယ်ကောင်းတော့မလဲ" ဟု စုန့်ရန်က ကြည့်ကာ ဝေဖန်လိုက်၏။

"ဒင်"

(၄၅) မိနစ် ပြိုင်ပွဲ စတင်လိုက်သောအခါ နှစ်ယောက်သား ပစ္စည်းများ ထားသည့်အခန်းသို့ အပြေးဝင်ကာ ဟင်းချက်ပစ္စည်းများကို သွားယူကြတော့သည်။

ဖန့်ချန်က ယုံကြည်မှု အပြည့်ရှိသော မျက်နှာဖြင့် လူအများ၏ အကြည့်အောက်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ပါဝင်ပစ္စည်းများကို အမြန် ရွေးယူလိုက်သည်။

တစ်ဖက်တွင်လည်း ကျင့်ရီပေါ်က စိတ်လှုပ်ရှားနေသဖြင့် ကြီးမားသော မီးဖိုခန်းကြီးထဲတွင် ပါဝင်ပစ္စည်းများကို ရှာမတွေ့ဘဲ ယောင်လည်လည် ဖြစ်နေခဲ့သည်။

"ဘယ်နေရာမှာပါလိမ့်"

ကျင့်ရီပေါ်က လိုအပ်သော ပစ္စည်းများကို ရေရွတ်ကာ ပြေးလွှားနေသဖြင့် ဆုယောင်က မနေနိုင်တော့ဘဲ မိုက်ကို ကိုင်ကာ သတိပေးလိုက်ရတော့သည်။

"ငရုတ်သီးမှုန့်က ရှင့်ရဲ့ ဘယ်ဘက်စင် အောက်ဆုံးအထပ်မှာလေ"

"အိုး၊ တွေ့ပြီ။ ကျေးဇူးပါ ဆရာမ ဆု"

ကျင့်ရီပေါ်က ဟင်းပွဲတွင် အရေးပါဆုံး ငရုတ်သီးမှုန့်ကို ရှာတွေ့သွားသောအခါ ဆုယောင်ကို လှည့်ပြီး ကျေးဇူးတင်လိုက်သည်။

ဆုယောင်က မျှော်လင့်ထားသော အပြုံးဖြင့် ပြန်လည်ပြုံးပြလိုက်သည်။

စီချွမ် ကြက်သား အစပ်မှာ ဆုယောင်၏ အကြိုက်ဆုံး ဟင်းလျာ တစ်ခု ဖြစ်သဖြင့် ဆုယောင်က လိုချင်သော အရသာကို စားရရန် မျှော်လင့်နေမိသည်။

အတွေးထဲတွင် စီချွမ် ကြက်သား အစပ်၏ အရသာကို တွေးရင်း သွားရည်ကျလာသဖြင့် ကင်မရာကို ကွယ်ကာ မြိုချလိုက်ရတော့၏။


...…….................................
.........................................


အပိုင်း (၉) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now