Chapter 12

888 103 1
                                    

အပိုင်း (၁၂) ကင်ချီ


စင်ပေါ်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို စင်အနောက်ရှိ လူများက မသိနိုင်ခဲ့ပေ။

ကျင့်ရီပေါ်က စင်ပေါ်မှ ဆင်းလာသောအခါ သူ၏ ကြက်သား အစပ်ဟင်း ပန်းကန်ကို ကိုင်ပြီး အခြားသူများကို လိုက်မြည်းခိုင်းတော့သည်။

ထိုအခါ အားလုံး၏ အဖြေမှာ ငံသည်ဟု တစ်ပြိုင်တည်း ထွက်လာကြ၏။

အခြား ပြိုင်ပွဲဝင်များက ပြိုင်ပွဲအခြေအနေကို ဝိုင်း၍ မေးမြန်းကြသောအခါ ကျင့်ရီပေါ်က မထိမ်မချန်ဘဲ အကုန်ပြောပြခဲ့သည်။

"ဒိုင်လူကြီး ဆုသာ ချီးကျူးရင် အမှတ်က များလိမ့်မယ်။ သူက ချက်ပြုတ်တာ ငါတို့ထက်တောင် တော်သေးတယ်"

ကျင့်ရီပေါ်၏ စကားကို ပြိုင်ပွဲဝင် စာဖိုမှူးများက မယုံကြည်ကြပေ။

"သရုပ်ဆောင် မင်းသမီးရဲ့ အချက်အပြုတ် စွမ်းရည်က ကောင်းတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"

"မဖြစ်နိုင်တာ။ ငါ့ လက်ရာက ကောင်းတော့ ဒိုင်တွေ မနားတမ်း မြည်းမှာ သေချာတယ်"

"ငါ့ ဟင်းကိုလည်း ဝေဖန်ကြမှာ မဟုတ်ဘူး"

.....

နောက်ထပ် ယှဉ်ပြိုင်မည့် စာဖိုမှူး နှစ်ယောက်က ခေါင်းကိုမော့ကာ စင်ပေါ်တက်သွားသော်လည်း တစ်နာရီကြာသောအခါ မျက်နှာရှုံ့မဲ့ပြီး ပြန်ဆင်းလာကြသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီလောက် အမှားသေးသေးလေးကို သူက သိနေတာပဲ"

"သူက တကယ့် နတ်ဆိုးပဲ"

ထိုလူနှစ်ယောက်၏ ပြောစကားများကြောင့် ကျန်ရှိ
နေသော ပြိုင်ပွဲဝင်များက စိတ်လှုပ်ရှားလာကြတော့သည်။

ကျင့်ရီပေါ်ကမူ သူ၏ ပစ္စည်းများကို သိမ်းဆည်းကာ ရိုက်ကွင်းမှ ထွက်ခွာသွားတော့၏။

အပြင်ဘက်တွင် ညနေစောင်းနေပြီ ဖြစ်သဖြင့် မီးများကို ထွန်းထားကြသည်။

ကျင့်ရီပေါ်က မြို့တော်ရှိ မြင်ကွင်းများနှင့် တောက်ပနေသော ကြယ်အစုံကို ကြည့်ကာ ဘဝအသစ် ပြန်စမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။

အစီအစဉ် ရိုက်ကူးနေဆဲ အချိန်မှာပင် ဆုယောင်က သူမကို အာရုံစိုက်နေသော မျက်လုံးများကို သတိထားမိသွားခဲ့သည်။

တစ်ဖက်မှာ ဆုယောင်၏ အကြောင်းများကို မေးမြန်းချင်သော အစီအစဉ် တင်ဆက်သူ ဖြစ်ပြီး အခြားတစ်ဖက်မှာ မေးခွန်းများကို မေးမြန်းချင်နေသော စာဖိုမှူးများ ဖြစ်သည်။

ထို့အပြင် ဖူးယောင်နေသော နှုတ်ခမ်းနှင့် ဘေးတွင် ထိုင်နေသော စုန့်ရန်ကလည်း တစ်ယောက်အပါအဝင် ဖြစ်နေသည်။

ဆုယောင်က ပထမနှစ်ခုကို ကောင်းစွာ ဖြေရှင်း ကိုင်တွယ်နိုင်ခဲ့သည်။

စုန့်ရန်ကမူ "ဟင်းပွဲ တစ်ပွဲက မာတယ်။ ပျော့တယ်။ အရသာရှိတယ်။ မရှိဘူး ဆိုတာကို အကဲဖြတ် ဆုက ဘယ်လို သိတာပဲ" အစရှိသည့် မေးခွန်းများကို ဘေးနားမှ တောက်လျှောက် ထိုင်မေးနေတော့သည်။

ဆုယောင်က တစ်ကြိမ်၊ နှစ်ကြိမ် ပြန်ဖြေပေးသော်လည်း များလာသောအခါ စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

"နောက်တစ်ခေါက်မှ ပြောပြမယ်လေ"

စုန့်ရန်၏ မေးခွန်းများကို စကားစဖြတ်ပြီးနောက် ဆုယောင်က ပြိုင်ပွဲဝင်များကိုသာ အားပေးနေခဲ့သည်။

ဆုယောင်၏ ချစ်စရာကောင်းသောပုံစံကို ကြည့်ပြီး
ဘေးနားမှ ဝမ်ယန်က သဘောကျနေခဲ့၏။

ရိုက်ကူးရေး ပြီးသွားသောအခါ ညရောက်နေပြီ ဖြစ်သည်။

လူတိုင်း ပင်ပန်းနေကြသဖြင့် အချင်းချင်း နှုတ်ဆက်ရန် ဆန္ဒပင် မရှိကြတော့ချေ။

ဆုယောင်က ဝမ်ယန်နှင့် ဖုန်းနံပါတ် အလဲအလှယ် လုပ်ပြီးနောက် ရန်ယိဖန်းနှင့်အတူ ရိုက်ကွင်းမှ ထွက်လာခဲ့သည်။

"မင်း ဒီမှာ ခဏစောင့်နေဦးနော်။ ငါကားမောင်းလာခဲ့မယ်"

ဆုယောင်က အဝင်ပေါက်တွင် စောင့်နေရင်း ပင်ပန်းပြီး အဆက်မပြတ် သန်းနေတော့သည်။

"မိန်းကလေး ဆု"

ထိုအချိန်တွင် အနောက်ဘက်မှ ရင်းနှီးသောအသံတစ်သံ ထွက်လာခဲ့၏။

ဆုယောင်က လှည့်ကြည့်လိုက်ပြီးနောက် "ဒီနေ့က အရမ်းနောက်ကျနေပြီ ဆိုတော့ ကျွန်မ အိမ်ပြန်ပြီး နားလိုက်တော့မယ်" ဟု တန်းငြင်းလိုက်သည်။

သူမက စုန့်ရန်၏ သီးသန့် စာဖိုမှူး မဟုတ်သောကြောင့် ညဘက်အချိန်တွင်ပါ ချက်ပေးရန် မလိုဟု သတ်မှတ်ထားသည်။

"အဲ့လို မဟုတ်ပါဘူးဗျာ"

လက်ထောက် လျန်ယွဲ့က ပြုံးပြပြီး ဘူးအလွတ်ကို ထုတ်ပြကာ "အမဲသားခြောက် အစပ်ကြော် ရှိသေးလားဟင်" ဟု ထပ်မေးလိုက်သည်။

"မရှိတော့ဘူး။ အဲ့ဒါက သေချာ အချိန်ပေးပြီး လုပ်ရတာဆိုတော့ ကျွန်မ ထပ်လုပ်မှာ မဟုတ်တော့ဘူး" ဟု ဆုယောင်က လျင်မြန်စွာ ငြင်းလိုက်တော့သည်။

လျန်ယွဲ့က အနည်းငယ် စိတ်ညစ်သွားသော်လည်း ခဏကြာ စဉ်းစားပြီနောက် သူ၏ အလုပ်ကဒ်ကို လှမ်းပေးကာ "ကျွန်တော့်နာမည်က လျန်ယွဲ့ပါ။ နောက်ဆို ပြဿနာ တစ်စုံတစ်ရာ ရှိရင် ကျွန်တော့်ဆီ ဖုန်းဆက်ပြီး အကူအညီတောင်းလို့ ရပါတယ်" ဟု ပြုံးပြ နှုတ်ဆက်လိုက်သည်။

ဆုယောင်က အစပိုင်းတွင် ငြင်းရန် စဉ်းစားလိုက်သော်လည်း မိတ်ဆွေ တစ်ယောက် တိုးလျှင် သူမအတွက် အကျိုးရှိသည်ဟု တွေးကာ လက်ခံလိုက်တော့သည်။

လျန်ယွဲ့ကလည်း စိတ်ထဲမှ "တော်သေးတာပေါ့။ သူဌေး စုန့်ရဲ့ အကြိုက်နဲ့ ကိုက်အောင် ချက်တတ်တဲ့ စာဖိုမှူးကို ရှာတွေ့သွားလို့။ ဒါပေမယ့် ခက်တာက သူက အနုပညာ လောကထဲက ဖြစ်နေတယ်" ဟု တွေးလိုက်သည်။

အနုပညာ လောက၏ နှစ်စဉ် လစာမှာ သန်း (၁၀၀) ခန့် ရှိသည်။

ထို့ကြောင့် ဆုယောင်က သီးသန့် စာဖိုမှူး အလုပ်ကို စိတ်မဝင်စားခြင်း ဖြစ်မည်ဟု လျန်ယွဲ့က သတ်မှတ်လိုက်သည်။

....

ထို့နောက် ဆုယောင်က ရန်ယိဖန်း၏ ကားဖြင့် အိမ်သို့ ပြန်လာခဲ့၏။

ရန်ယိဖန်းက ဆုယောင်၏ လုပ်ဆောင်ချက်များကို အစအဆုံး မြင်လိုက်ရသဖြင့် "မင်း ဒီနေ့ လုပ်ခဲ့တာတွေက အရမ်းကောင်းတယ်။ အမှားလည်း တစ်ခုမှ မပါဘူး။ တစ်ချက်တည်းနဲ့ အရင်တုန်းက ကောလဟာလတွေကို လှန်ပစ်နိုင်တယ်။ ပြီးတော့ မင်းရဲ့ ချက်ပြုတ် စွမ်းရည်ကိုလည်း ပြနိုင်ခဲ့တယ်။ ဒီအစီအစဉ် ထုတ်လွှင့်တာနဲ့ မင်းရဲ့နာမည် ပြန်တက်လာမှာ သေချာတယ်" ဟု ချီးမွမ်းတော့သည်။

"ဒါပေမယ့် ကျွန်မ သရုပ်ဆောင် မကောင်းဘူး"

ယခု ဆုယောင်က ဟင်းချက်စွမ်းရည်၊ လှပသည့် ရုပ်ရည်နှင့် ခန္ဓာကိုယ်အပြင် သရုပ်မဆောင်တတ်၊ သီချင်းလည်း မဆိုတတ်သဖြင့် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

ထို့ကြောင့် စိတ်ထဲမှ "အလုပ် ပြောင်းလိုက်ရင် ကောင်းမလား" ဟုပင် တွေးနေတော့သည်။

ထိုအခါ ရန်ယိဖန်းက "သရုပ်ကောင်းကောင်း မဆောင်တတ်ဘူးလား။ ဒါဆို အစ်ကို မင်းကို ရသစုံ အစီအစဉ် လမ်းကြောင်းထဲ ထည့်ပေးရမလား" ဟုမေးလိုက်သည်။

"ဟင်၊ ဘယ်လမ်းကြောင်းလို့ ပြောလိုက်တာလဲ အစ်ကို ရန်"

"ရသစုံ လမ်းကြောင်း။ အစ်ကို မင်းကို စောင့်ကြည့်ကြည့်တာတော့ မင်းက ရသစုံ အစီအစဉ်တွေနဲ့ဆို ပိုအဆင်ပြေမယ်လို့ ထင်တယ်။ လူ စိတ်ဝင်စားအောင် မင်းက ဆွဲဆောင်နိုင်တယ်။ မင်းလို လုပ်နိုင်တဲ့သူမျိုး ရသစုံ လမ်းကြောင်းပေါ်မှာ မတွေ့ဖူးသေးဘူး၊ ဟဟ" ဟု ရန်ယိဖန်းက ရယ်မောကာ ပြောဆိုလိုက်သည်။

"..."

ဆုယောင်က ငြိမ်နေသဖြင့် ရန်ယိဖန်းက "ဒါမှမဟုတ် သရုပ်ဆောင်ပဲ ဆက်လုပ်မလား" ဟု မေးလိုက်သည်။

"မ...မဟုတ်ပါဘူး။ ကျွန်မတော့ ရသစုံ အစီအစဉ်တွေက ပိုကောင်းတယ်လို့ ထင်တယ်။ အထူးသဖြင့် ခုလိုမျိုး ဟင်းချက် အစီအစဉ်တွေက ကျွန်မအတွက် ပိုပြီး အဆင်ပြေတယ်" ဟု ဆုယောင်က ခေါင်းခါကာ ပြောဆိုလိုက်သည်။

ထိုအခါ ရန်ယိဖန်းက "ဒါဆို ဒီရက်ပိုင်းတော့ အိမ်မှာ ခဏနားနေလိုက်ဦး။ ငါမင်းနဲ့ အဆင်ပြေမယ့် ရသစုံ အစီအစဉ် တစ်ခုကို ကမ်းလှမ်းထားတယ်။ သူတို့ အကြောင်းပြန်ကြားတာကို စောင့်ရမယ်" ဟုပြောလိုက်သည်။

"ဟုတ်ကဲ့ အစ်ကို ရန်၊ ကျေးဇူးနော်"

ဆုယောင်က အိမ်ပြန်ရောက်သောအခါ နားရက်များတွင် ကင်ချီ သိပ်မည်ဟု စဉ်းစားလိုက်သည်။

ကင်ချီမျာများသိပ်ပြီး သူမအိမ်အတွက်အပြင် အခြားသူများကိုပါ ဝေပေးမည်ဟု စဉ်းစားလိုက်သည်။

နောက်တစ်နေ့ မနက် (၆) နာရီတွင် ဆုယောင်က ခြင်းတောင်းဖြင့် အနီးအနားရှိ ဟင်းသီးဟင်းရွက်ဈေးသို့ တစ်ယောက်တည်း ထွက်လာခဲ့၏။

ပုံမှန်အရ ထိုဈေးတွင် အဘွားများနှင့် အဒေါ်ကြီးများသာ လာဝယ်လေ့ရှိကြပြီး ငယ်ရွယ်သော မိန်းကလေးကို တွေ့ရသည်မှာ ရှားပါးသည်။

ထို့ကြောင့် ဈေးရောင်းသူ အများအပြားက ဈေးသက်သာသည်ဟု ဆိုကာ လှမ်းခေါ်နေကြတော့၏။

ဆုယောင်က မုန်လာဥ အဖြူကို ကြည့်ပြီး "မုန်လာဥအဖြူ ဘယ်လိုရောင်းလဲ" ဟု မေးလိုက်သည်။

"(၂) ယွမ်နဲ့ (၈) ဆင့် ရောင်းတယ် မိန်းကလေး။ မိန်းကလေး ဝယ်မယ်ဆို ပိုလျှော့ပေးမယ်"

ဆုယောင်က ပြန်မပြောသေးဘဲ စဉ်းစားနေသည့်အချိန်တွင် ဘေးနားမှ အန်တီကြီးက "ဟဲ့၊ မုန်လာဥအဖြူတစ်လုံးကို (၂) ယွမ်နဲ့ ရောင်းတာ မများဘူးလား" ဟု ထပြောလိုက်သည်။

"အစ်မကြီးကလည်း၊ ဒါပုံမှန်ဈေးပဲလေ။ အရည်အသွေး ကောင်းတာဆိုရင် ဒီလောက်တော့ ပေးရမှာပေါ့"

ထိုအခါ ထိုအန်တီကြီးက ဆုယောင်၏ လက်ကို ဆွဲကာ "လာ သမီး၊ ဘာဝယ်ချင်တာလဲ။ အန်တီ ဈေးသက်သာပြီး လတ်ဆတ်တဲ့ တခြားဆိုင်ကို ခေါ်သွားမယ်။ ဒီနေ့ သမီးလိုချင်တာတွေ အကုန်လုံးကို အန်တီ လိုက်ဝယ်ပေးမယ်" ဟုပြောပြီး ခေါ်သွားတော့သည်။

"ဟုတ်ကဲ့၊ ကျေးဇူးပါ အန်တီ"

ဆုယောင်က ထိုအန်တီကြီး၏ အကူအညီဖြင့် ဟင်းသီးဟင်းရွက် ဈေးထဲတွင် လိုအပ်သော အသီးအရွက်များကို ဈေးသက်သက်သာသာဖြင့် ဝယ်ယူနိုင်ခဲ့သည်။

ထို့နောက် ဝမ် မျိုးရိုး အန်တီကြီးက ဆုယောင်၏ ဈေးခြင်းတောင်းကို ကြည့်ကာ "ချဉ်ဖတ်လုပ်မလို့လား သမီး" ဟု မေးလိုက်သည်။

"ဟုတ်ကဲ့ အန်တီ။ သမီး ကင်ချီ သိပ်မလို့။ ကင်ချီ ထည့်ဖို့ ပုလင်း ဝယ်ရဦးမယ်" ဟု ပြန်ပြောလိုက်သည်။

"ကင်ချီ ပုလင်း၊ ဟုတ်လား"

အန်တီဝမ်က ခဏ စဉ်းစားလိုက်ပြီးနောက် "ဒါဆို အန်တီ နောက်ကို လိုက်ခဲ့ သမီး။ ကင်ချီ သိပ်တဲ့ဘူးကို ဈေး‌သက်သက်သာသာနဲ့ ဝယ်လို့ရမယ့် ဆိုင်ကို အန်တီ သိတယ်" ဟု ပြောကာ လမ်းပြ ခေါ်သွားတော့သည်။

ဆုယောင်က အန်တီ ဝမ်၏ အနောက်မှ ပျော်ရွှင်စွာ လိုက်သွားကာ ကင်ချီပုလင်းကို ဝယ်ယူခဲ့၏။

ထို့နောက် ဆုယောင်က လမ်းတွင် အိမ်တွင် ချန်ထားမည့် ပမာဏနှင့် ဝေပေးမည့် ပမာဏကို ခွဲခြမ်း စဉ်းစားနေကာ အိမ်သို့ ဖြည်းညင်းစွာ လမ်းလျှောက်ပြီး ပြန်လာခဲ့သည်။

ဓာတ်လှေကားမှ ထွက်လိုက်သောအခါ သူမ၏ အိမ်ရှေ့တွင် ခေတ်ပေါ် အဝတ်အစား ဝတ်ထားပြီး ရွှေရောင်ဆံပင် ဆိုးထားသော မိန်းကလေးတစ်
ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ဆုယောင် ဓာတ်လှေကားမှ ထွက်လာသောအခါ အသံမြည်လာသဖြင့် စိတ်ပျက်လက်ပျက် ထိုင်နေသော မိန်းကလေးက ခေါင်းမော့လာကာ ထလာပြီး "နင် ဘာလို့ အိမ်မှာ မရှိတာလဲ ဆုယောင်ရယ်။ မနက် အစောကြီး ဘယ်တွေ သွားနေတာလဲ။ ငါဗိုက်ဆာနေပြီ။ ငါ့ကို တံခါးဖွင့်ပေးပြီး တစ်ခုခုကျွေးပါဦး" ဟု ပြောလိုက်၏။

ထိုအခါ ဆုယောင်က အံ့ဩသွားပြီး စိတ်ထဲမှ "ငါနဲ့သိတဲ့သူလား" ဟု တွေးလိုက်သည်။


...…….................................
.........................................


အပိုင်း (၁၂) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now