Chapter 26

599 79 0
                                    

အပိုင်း (၂၆) ပန်းသီးမုန့်


မိန်းကလေးငယ်လေးက အနိုင်ရသွားသဖြင့် အခြားပြိုင်ပွဲဝင်များက မကျေနပ်ကြတော့ပေ။

ထို့အတူ စင်အောက်ရှိ ပရိသတ် အများစုကပါ မကျေမနပ် ဖြစ်ကြပြီး "ရသစုံ အစီအစဉ် ရိုက်ကူးနေတဲ့ လူမို့လို့ ပထမနေရာ တမင်ပေးတာမလား။ လုပ်ဇာတ်ကြီးပဲ" ဟု အော်ဟစ် ပြောဆိုကြတော့သည်။

ထို့ကြောင့် ထိုကိစ္စကို ဖြေရှင်းရန် အစီအစဉ်တင်ဆက်သူက အကဲဖြတ်ဒိုင်ကို ကြည့်ပြီး ပြုံးလိုက်ကာ "ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို အားလုံးက မယုံမကြည် ဖြစ်နေကြတဲ့ပုံပဲ။ ဒါဆို ပြိုင်ပွဲဝင်ထဲက လူတွေကို ဒီပွဲရဲ့ ချန်ပီယံ ချက်ထားတဲ့ ဟင်းပွဲကို မြည်းကြည့်ခိုင်းလိုက်တာက ပိုကောင်းမယ်လို့ ထင်တယ်" ဟုပြောလိုက်သည်။

ထို့နောက် အစီအစဉ် တင်ဆက်သူက ဝက်သားများကို အတုံးသေးသေးလေး လှီးလိုက်ကာ ဒုတိယဆုနှင့် တတိယဆု ရရှိထားသော ပြိုင်ပွဲဝင်များကို မြည်းခိုင်းလိုက်သည်။

ဒုတိယဆုရှင် : "အရမ်း စားကောင်းတယ်။ အသားနဲ့ ပန်းသီးဝိုင်က သမနေပြီး အရည်ရွှမ်းနေတာပဲ"

တတိယဆုရှင် : "ကျွန်တော် သေချာမလုပ်ခဲ့ဘူး။ အရှုံးပေးပါတယ်"

နှစ်ယောက်သား အရှုံးကို ဝန်ခံလိုက်ကြသဖြင့် စင်ပေါ်ရှိ အခြား ပြိုင်ပွဲဝင်များက အသံ ထပ်မထွက်ကြတော့ပေ။

သို့သော် စင်အောက်ရှိ ပရိသတ်များက ဆူပူနေကြဆဲ ဖြစ်သည်။

ထို့ကြောင့် အစီအစဉ် တင်ဆက်သူက စင်အောက်သို့ ဆင်းကာ ပရိသတ်များထဲမှ ကျပန်း ရွေးချယ်ပြီး မြည်းစမ်းခိုင်းလိုက်သည်။

ပထမဆုံး မြည်းစမ်းသူ ပရိသတ်: "အိုးမိုင်ဂေါ့၊ တရုတ် အစားအစာတွေက အရသာကောင်းတယ်ဆိုတာတော့ သိပေမယ့် ဒီလောက်အထိ ကောင်းနေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး။ ဒီမိန်းကလေးငယ်ငယ်လေးတောင် ဒီလောက် ချက်တတ်နေတာဆိုတော့ နောက်ဆို တရုတ် အမျိုးသမီးကိုပဲ ရှာယူတော့မယ်။ ပြီးရင် ကျွန်တော့် ကလေးတွေ...."

အစီအစဉ် တင်ဆက်သူ : "ဟုတ်ပါပြီ။ ပရိသတ် နောက်တစ်ယောက်ဆီ ထပ်သွားကြတာပေါ့"

မြည်းစမ်းသူက အဓိပ္ပာယ် မရှိသော စကားများကိုသာ ဆက်တိုက် ပြောဆိုနေသဖြင့် အစီအစဉ် တင်ဆက်သူက တစ်ဖက်လှည့်ကာ ထွက်သွားတော့သည်။

နောက်ထပ် ထပ်မြည်းသော ပရိသတ်များကလည်း ဆုယောင်၏ ဟင်းပွဲကို အဆက်မပြတ် ချီးကျူးနေကြတော့သည်။

မိန်းကလေး တစ်ယောက်ကပင် ဆုယောင်၏ ဟင်းလျာကို မည်သည့် စားသောက်ဆိုင်တွင် ရနိုင်မည်နည်းဟု မေးမြန်းနေတော့သည်။

အစီအစဉ် တင်ဆက်သူက နောက်ဆုံး မြည်းစမ်းလိုက်သော မိန်းကလေးငယ်လေးကို မိုက်ပေးလိုက်
သောအခါ မိန်းကလေးငယ်လေးက စကားအများကြီးကို ဆက်တိုက် ပြောဆိုလိုက်သော်လည်း အစိအစဉ် တင်ဆက်သူနှင့် အခြားသူများက နားမလည်ခဲ့ပေ။

ဆုယောင်နှင့် "လည်လည်သွားမယ်" အစီအစဉ်မှ လူများသာ ထိုမိန်းကလေးငယ်လေး၏ စကားကို နားလည်ကြသည်။

"အာ၊ ဆုယောင်ရဲ့ လက်ရာက အရမ်း စားလို့ကောင်းတာပဲ။ ဝက်သားက ကြွပ်ရွပြီး ချိုအိနေတာပဲ။ ကျွန်မ အခုကစပြီး ဆုယောင်ရဲ့ အမာခံပရိသတ် ဖြစ်သွားပြီ" ဟု မိန်းကလေးငယ်လေးက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။

စင်ပေါ်တွင် ဆုယောင်က အကဲဖြတ်ဒိုင်နှင့် ဟင်းချက်နည်း အကြောင်းကို ဆွေးနွေးနေတုန်း ဖြစ်ပြီး ထိုမိန်းကလေး၏ စကားကို ကြားလိုက်သောအခါ ပျော်ရွှင်သွားပြီး လှည့်ကြည့်လာကာ ပြုံးပြလိုက်သည်။

.....

ပွဲစဉ်တစ်ခု ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ဆုယောင်က ယူရို တစ်ထောင်နှင့် ပန်းသီးဝိုင် တစ်ပုလင်းကို ကိုင်ကာ စင်ပေါ်မှ ဆင်းရန် ပြင်ဆင်လိုက်သည်။

ထို့အပြင် ဝက်သုံးထပ်သား အကြွပ်ကြော်နှင့် သူမ ဖုတ်ထားသော ခဲပတ်ဖြင့် အုပ်ထားသည့် ပန်းသီးမုန့်ကိုလည်း မမေ့ဘဲ ပြန်ယူလာခဲ့သည်။

ဆုယောင်က ပန်းသီးဝိုင်၏ အရသာကို အလွန်ကြိုက်နေသဖြင့် ပန်းသီးဝိုင် နောက် တစ်ပုလင်းကိုပါ ထပ်ယူလာခဲ့သည်။

"ကဲ၊ ဒါဆို ကျွန်တော်တို့ အခု နောက်ထပ် ပွဲစဉ်ကို စတင်ပါတော့မယ်"

အစီအစဉ် တင်ဆက်သူက ကြေညာလိုက်သဖြင့် နောက်ထပ် ပွဲစဉ်တွင် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များက စင်ပေါ်သို့ တက်လာကြသည်။

ဆုယောင်က လက်နှစ်ဖက် အပြည့် ပစ္စည်းများကို သယ်ပြီး စင်အောက်သို့ ဆင်းရန် ပြင်နေချိန်တွင် "နေပါဦး ဆု" ဟူသော အသံက အနောက်မှ ပေါ်ထွက်လာခဲ့သည်။

ထိုအခါ ဆုယောင်က ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သောအခါ ဖာဒီနန်က သူ၏ အလုပ်ကတ်ကို ထုတ်ယူကာ ဆုယောင်ကို လှမ်းပေးလိုက်ပြီး "မင်း ဘယ်မှာ ငယ်ငယ်ကတည်းက ချက်ပြုတ်တဲ့ပညာကို သင်ယူခဲ့တာလဲဆိုတာတော့ ငါ မသိဘူး။ ဒါပေမယ့် မင်းဒီနေ့ ချက်ခဲ့တဲ့ ဟင်းလျာကတော့ ငါ့အတွက် အံ့အားသင့်စရာပဲ။ ဒါက ငါ့ရဲ့ စားသောက်ဆိုင် လိပ်စာ။ ကြိုက်တဲ့အချိန် လာစားနော်။ မင်း လာတဲ့ အချိန်တိုင်း အလကား ကျွေးမှာ" ဟု ပြောလိုက်သည်။

ဆုယောင်က လှမ်းယူလိုက်ပြီး ဖာဒီနန်ကို ကျေးဇူးတင်စကား ဆိုလိုက်ကာ "ကျွန်မ နောက်အကြိမ်တွေဆို သေချာပေါက် ပိုက်ဆံရှင်းပါ့မယ်။ ဒါပေမယ့် ဒီတစ်ခေါက်က ရိုက်ကူးရေး လုပ်နေတာဆိုတော့ ဘက်ဂျက် သိပ်မလောက်လို့ ကျွန်မရဲ့ သူငယ်ချင်းတွေကို အလကား ကျွေးလို့ ရမလားဟင်" ဟု တွန့်ဆုတ်ပြီး မေးလိုက်သည်။

"ရတာပေါ့။ သိပ်ကောင်းတဲ့ အကြံပဲ" ဟု‌ ဖာဒီနန်က ပြန်ပြောလိုက်သည်။

ဆုယောင် စင်အောက်သို့ ရောက်လာသောအခါ ချောင်မန်လင်းနှင့် ဝမ်ယုတို့က အပြေးအလွှား ရောက်လာကြသဖြင့် အထွေအထူး လိုက်ရှာရန်ပင် မလိုတော့ပေ။

ထို့နောက် ဆုယောင် လက်ထဲမှ ဝိုင် နှစ်ပုလင်းကို လှမ်းယူလိုက်ကာ ချောင်မန်လင်းက ဆုယောင်ကို ဖက်လိုက်ပြီး "နင်က အရမ်းတော်တာပဲ ဆုယောင်ရယ်။ နင်တကယ် ယူရို တစ်ထောင် ရှာလာနိုင်တာပဲ။ ကောင်းလိုက်တာ" ဟု ပျော်ရွှင်စွာ ပြောလိုက်သည်။

ထို့နောက် လတ်တလောမှ ဆုယောင်၏ အမာခံ ပရိသတ် ဖြစ်လာသော မိန်းကလေးက ဆုယောင်အနားသို့ ပြေးလာကာ "ဆုယောင်က အရမ်းတော်တာပဲ။ အရမ်းလည်း လှတယ်" ဟု ပြောလိုက်သည်။

"ကျေးဇူးနော်" ဟု ဆုယောင်က ထိုမိန်းကလေးကို ပြုံးပြကာ ပြန်ပြောလိုက်သည်။

ထိုမိန်းကလေးက သူမ၏ အိတ်ထဲမှ မှတ်စု စာအုပ်ကို ထုတ်ကာ "ဆုယောင် လက်မှတ် ထိုးပေးလို့ရမလား" ဟု မေးလိုက်သည်။

ဆုယောင်က မှတ်စု စာအုပ်ကို လှမ်းယူပြီး "ဘာရေးပေးရမလဲဟင်" ဟု မေးလိုက်သည်။

"ကျွန်မရဲ့ နာမည်က ရှောက်ရွဲ့ပါ။ ဘွဲ့ရထားပြီးခါစပဲရှိသေးတယ်။ ပြီးတော့ အနာဂတ်မှာ ဘာဆက်လုပ်ရမလဲ ဆိုတာကိုလည်း မတွေးရသေးဘူး။ ဒါပေမယ့် အခုတော့ ဆုယောင် စင်ပေါ်မှာ ချက်ပြုတ်နေတာကို ကြည့်ပြီး စာဖိုမှူးလုပ်တာ မိုက်မယ် ထင်လို့ စာဖိုမှူးပဲ လုပ်တော့မယ်"

"အနာဂတ်အတွက်ဆို သေသေချာချာ စဉ်းစားသင့်တယ်။ စာဖိုမှူးအလုပ်က တကယ်တော့ မလွယ်ဘူး။ ဆောင်းရာသီဆို အေးပြီး နွေရာသီဆို ပူတယ်။ ဆီညှော်နံ့တွေလည်း ခံရတယ်။ ဟင်းပွဲတွေကို လေ့လာရတယ်။ တစ်နှစ်လောက် အချိန်ယူပြီး ပြင်ဆင်ရင်တောင် မလုံလောက်ဘူး"

"အာ၊ အဲ့လောက်တောင် ဒုက္ခများတာလား"

"ကျွန်မ မင်းကို တားချင်လို့ ပြောတာ မဟုတ်ဘူးနော်။ အိမ်ပြန်ရောက်ရင် မိဘတွေကို ဟင်းချက်
ကျွေးကြည့်လိုက်။ ဆုံးဖြတ်ချက် မချခင် နောက်မကျသေးပါဘူး"

"ဟုတ်ကဲ့။ ကျွန်မ အိမ်ပြန်ရောက်ရင် စမ်းကြည့်လိုက်မယ်"

ရှောက်ရွဲ့က သူမ သိချင်သည်ကို သိလိုက်ရသည့်အပြင် ဆုယောင်၏ လက်မှတ်ကိုပါ ရလိုက်သဖြင့် ပျော်ရွှင်ကာ ဆုယောင်ကို နှုတ်ဆက်ပြီး ထွက်သွားတော့သည်။

....

ထို့နောက် ဆုယောင်က ချောင်မန်လင်းတို့ဆီ လျှောက်သွားကာ ဝက်သုံးထပ်သား အကြွပ်ကြော်ကို ကမ်းပေးလိုက်ပြီး "စင်ပေါ်မှာ ဝက်သားတုံးအကြီးကို အတုံး သေးတုံးပြီး ဖယ်ထားတာ။ စားကြပါဦး" ဟု ပြောလိုက်သည်။

"အား၊ ကြိုက်လိုက်တာ"

အားလုံးက တစ်ကိုက်စီ မြည်းပြီးသွားသောအခါ
အရသာကို အလွန်ကြိုက်သွားကြတော့သည်။

ဆုယောင်ကလည်း အသား တစ်ဖက်ကို ယူမြည်းလိုက်ကာ သူမ၏ လက်ရာမှာ တိုးတက်လာကြောင်း ခံစားမိလိုက်သည်။

နှပ်ထားရသည့် အချိန်မှာ တိုတောင်းလှသော်လည်း ဝက်သားထဲတွင် အရသာ သေချာဝင်နေပြီး ဆော့စ်ထဲတွင်လည်း ပန်းသီးဝိုင်၏ အရသာက ပေါ်လွင်နေသည်။

အကျေနပ်ဆုံး ဖြစ်နေသူမှာ စုန့်ရန် ဖြစ်သဖြင့် ဆုယောင်က စုန့်ရန်၏ မျက်နှာကို ကြည့်ကာ ကြည်နူးနေတော့သည်။

"ဘာ ထပ်ယူလာသေးလဲ ဆုယောင်။ ဝက်သားအကြွပ်ကြော်က နည်းနည်းလေးဆိုတော့ နည်းနည်းပဲ စားလိုက်ရတယ်"

ချောင်မန်လင်းက ဆုယောင် ခဲပတ် နောက် တစ်ခု ဖွင့်နေသည်ကို တွေ့လိုက်သောအခါ ဝက်သား၏ အရသာက စွဲနေသေးသဖြင့် မျှော်လင့်တကြီး
မေးမြန်းလိုက်သည်။

"ပန်းသီးမုန့် ဖုတ်ထားတာ။ အစ်မ စားချင်လားဟင်"

ဆုယောင်က ခဲပတ်ကို ဖွင့်ပြီး အားလုံး ရှေ့တွင် ပန်းသီးမုန့်ကို ထုတ်ပြလိုက်သည်။

လှီးထားသော ပန်းသီးများကို အုတ်ဂျုံ၊ စပျစ်သီးခြောက်နှင့် ရောနှောကာ ဖုတ်ထားပြီး သကြားမှုန့်များ ဖြူးထားသည်ကို တွေ့ပြီး အချိုကြိုက်သော ချောင်မန်လင်းနှင့် လင်းရန်ချီတို့ပင် မစားရဲတော့ပေ။

အကြောင်းရင်းမှာ ခန္ဓာကိုယ် ဝိတ်တက်လာမည်ကို ကြောက်ကြသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဆုယောင်ကို ငြင်းရန် အကြောင်းပြချက် ရှာနေချိန်၌ ဆုယောင်က အရိပ်အကဲကြည့်ကာ "ခေါင်းဆောင် စားကြည့်ပါလား။ ကျွန်မတို့ထဲမှာ ခေါင်းဆောင်က ခန္ဓာကိုယ် ထိန်းသိမ်းစရာ မလိုဘူးဆိုတော့ ခေါင်းဆောင် စားကြည့်လိုက်ပါ" ဟု စုန့်ရန်ထံ ပန်းသီးမုန့်ကို ကမ်းပေးပြီး ပြောလိုက်သည်။

"အင်း၊ ဒါဆိုလည်း မြည်းကြည့်မယ်လေ"

စုန့်ရန်က ဝက်သား အကြွပ်ကြော်ကို သိပ်မစားလိုက်ရသဖြင့် ယခု အချိုမုန့်ဟု ဆိုသောအခါ လုံးဝ မငြင်းတော့ပေ။

ထို့နောက် ပန်းသီးမုန့်ကို ဇွန်းအပြည့်ခတ်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်ရာ စုန့်ရန်၏ မျက်နှာမှာ အပြုံးများဖြင့် ပြည့်သွားတော့သည်။

အခြားသူများကမူ နှစ်ခြိုက်စွာ စားနေသော စုန့်ရန်၏ ပုံစံကို ကြည့်ကာ မနာလို အားကျဖြစ်နေတော့သည်။

စုန့်ရန်က အလွန် ကြိုက်နှစ်သက်နေသော်လည်း ပန်းသီးမုန့်မှာ ပူနေသေးသဖြင့် ဖြည်းဖြည်းချင်းသာ စားနေလိုက်ရ၏။


...…….................................
.........................................


အပိုင်း (၂၆) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now