Chapter 27

714 83 1
                                    

အပိုင်း(၂၇) ပန်းသီးမုန့်


အဖွဲ့သား အားလုံးက ရလာသည့် ဆုကြေးကို ဆုယောင်၏ ကိုယ်ပိုင်စရိတ်အဖြစ် သုံးစွဲရန် သဘောတူလိုက်ကြသည်။

ထိုအခါ ဆုယောင်က မငြင်းဘဲ ပိုက်ဆံကို သူမ၏ အိတ်ထဲသို့ ထည့်လိုက်ပြီး သူမကို စားချင်သည့်အရာများကို ပြောရန် အဖွဲ့သားများကို ပြောလိုက်သည်။

စုန့်ရန်က ဆုယောင်၏ ပျော်ရွှင်နေပုံကို လှမ်းကြည့်ပြီး ပန်းသီးမုန့်ကို ဖြည်းဖြည်းချင်း စားနေလိုက်သည်။

ပန်းသီးမုန့် ပူနေသည့်အချိန်မှ အေးသွားသည့်အချိန်အထိ စုန့်ရန်က ဖြည်းဖြည်းချင်း စားနေသဖြင့် ပန်းသီးမုန့် တစ်ဝက်ခန့်မှာ ကုန်သွားပြီ ဖြစ်သည်။

"ကြည့်ရုံနဲ့ ခေါင်းဆောင်အတွက် ရည်ရွယ်ပြီး လုပ်ထားမှန်း သိသာတယ်"

လင်းရန်ချီက တစ်ယောက်တည်း ရေရွတ်နေသည်ကို စုန့်ရန်က ကြားသွားပြီး "ဟမ်" ဟု ပြန်မေးလိုက်သည်။

"ပန်းသီးမုန့်က ကြည့်ရုံနဲ့ အရသာရှိမယ့်ပုံပဲလို့ ပြောတာပါ။ ဆုယောင်က တရုတ် ဟင်းပွဲတွေအပြင် မုန့်လုပ်တဲ့ နေရာမှာလည်း ထိပ်တန်းပဲ ထင်တယ်" ဟုလင်းရန်ချီက ပြန်ပြင်ပြောလိုက်သည်။

စုန့်ရန်က သူ၏ နှုတ်ခမ်းပေါ်တွင် ကပ်နေသော သကြားများကို လျှာဖြင့် လှမ်းယက်လိုက်ပြီး "ပန်းသီးမုန့်က အရမ်း စားကောင်းတယ်" ဟု ပြောလိုက်သည်။

ဆုယောင်က စုန့်ရန်ကို လှည့်မကြည့်သော်လည်း စုန့်ရန်၏ စကားကို ကြားလိုက်သောအခါ ပြုံးသွားတော့သည်။

အခြားသူများ : "..."

ရိုက်ကူးနေသူများကလည်း လူငယ် နှစ်ယောက်၏ အချစ်ကို ဖော်ညွှန်းနေသည့် မြင်ကွင်းကို အရ
ရိုက်ကူးထားလိုက်သည်။

နောက်ဆုံးတွင် စုန့်ရန်၏ လက်ထဲမှ ပန်းသီးမုန့်မှာ အကုန် ကုန်သွားပြီ ဖြစ်သည်။

ထိုအခါမှ အခြားသူများက ကျေနပ်သွားကာ အစားအသောက် ပွဲတော်တွင် လျှောက်ကြည့်နေလိုက်ကြသည်။

မီတာ တစ်ဝက်ခန့် နီးပါး လျှောက်လာသောအခါ တူရကီစတိုင် အကင်များကို ရောင်းချနေသော အကင်ဆိုင်ကို တွေ့လိုက်ရ၏။

ကြီးမားသော ဝက်အူချောင်းကင်ကို သကြားမှုန့် ဖြူးထားပြီး မျက်နှာထက် အရွယ်အစား ပိုကြီးမားသော ပေါင်မုန့်ကြီးများကို ရောင်းချနေသည်။

စင်ပေါ်တွင် ဘီယာနှင့် ဝိုင်များကို ရောင်းချရန်အတွက် စီစီရီရီ တင်ထားသည်။

အစပိုင်းတွင် အားလုံးက ကိုယ်အလေးချိန် ထိန်းရန်အတွက် စိတ်ထိန်းထားလိုက်ကြ၏။

အဓိက အကြောင်းအရင်းမှာ စုန့်ရန်ထံတွင် ပိုက်ဆံတောင်းရမည်ကို စိုးရိမ်ကြသောကြောင့် ဖြစ်သည်။

ဆုယောင်က ရလာသည့် ဆုကြေးကို ထုတ်လိုက်တော့မှ အားလုံးက စားချင်သည့် အကင်များကို မှာစားလိုက်ကြတော့သည်။

ဆုယောင်က ပိုက်ဆံကို ပျော်ပျော်ရွှင်ရွှင် ထုတ်ပေးလိုက်ပြီး အကင်ချောင်းများကို အဖွဲ့သားများကိုသာမက ပီဒီများကိုပါ ဝေပေးလိုက်သည်။

အဖွဲ့သားများက ဝက်အူချောင်းကင်များ၊ ဒိန်ချဉ်ဗူးများ၊ ပေါင်မုန့်များကို လက်က ကိုင်ကာ လမ်းတစ်လျှောက် လျှောက်လာခဲ့ကြသည်။

ဆုယောင်က လမ်းပေါ်တွင် တွေ့သော ဆိုင်များတွင်လည်း ဝင်ဝယ်နေသဖြင့် မုန့်များမှာ တဖြည်းဖြည်း များလာတော့သည်။

ထို့ကြောင့် လမ်းဆက်လျှောက်ရန် အဆင်မပြေတော့သဖြင့် အများပြည်သူပိုင် စားပွဲနှင့် ထိုင်ခုံများပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။

ထို့နောက် ဝယ်ယူထားသော မုန့်နှင့် အအေးများကို စိတ်တိုင်းကျ ပျော်ရွှင်စွာ စားသောက်နေကြတော့သည်။

ဆုယောင်တို့ ထိုင်စားနေသော အနီးအနားတွင် စင်နိမ့် တစ်ခုရှိပြီး ထိုစင်နိမ့်ပေါ်တွင် ဖျော်ဖြေနေကြသော တီးဝိုင်းအဖွဲ့က ပစ္စည်းများ သိမ်းဆည်းကာ ထွက်ခွာသွားကြသည်။

အဖွဲ့ထဲတွင် ဂီတအ‌ကြောင်းကို နားလည်သူများမှာ လင်းရန်ချီနှင့် ဂျီအန်းဝမ်တို့သာ ရှိပြီး အဖွဲ့သားများက မြှောက်ပေးလိုက်သည့်အခါ မူးနေသည့် အရှိန်ဖြင့် စင်ပေါ်သို့ တက်ဆိုကြတော့သည်။

ထို့နောက် ရော့ခ်သီချင်းကို စတင်တီးခတ် သီဆိုလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ဆူဆူညံညံ ဖြစ်သွားတော့သည်။

ဆုယောင်က တေးဂီတ‌အကြောင်းကို နားမလည်သော်လည်း နားကွဲမတတ် တီးခတ်နေသော ဒရမ်

အသံကို ကြားလိုက်သောအခါ နားကို ပိတ်ထားချင်နေမိတော့သည်။

ထိုအချိန်တွင် သူမ၏ နားကို တစ်စုံတစ်ယောက်က အနောက်မှ လာပိတ်လိုက်သဖြင့်  ဆုယောင်က လှည့်ကြည့်လိုက်သောအခါ စုန့်ရန်၏ ရင်ခွင်ထဲသို့ ရောက်သွားမတတ် ဖြစ်သွားခဲ့သည်။

ဆုယောင်က စုန့်ရန်၏ ရုတ်တရက် အပြုအမူကြောင့် လန့်သွားကာ ရင်ခုန်သွားခဲ့၏။

စုန့်ရန်က ဆုယောင်၏ နားနားသို့ ကပ်လာကာ မိုက်ခရိုဖုန်းကို ပိတ်လိုက်ပြီး "မင်း တရုတ်နိုင်ငံကို ပြန်ရောက်ရင် အော်ဒါ လက်ခံချင်လား။ ကြိုက်တာ ချက်လို့ ရတယ်။ မကန့်သတ်ထားဘူး။ တစ်ခေါက်ကို နှစ်ထောင်ရမယ်။ အဆင်ပြေလား" ဟု ပြောလိုက်သည်။

"အင်း၊ ဟုတ်ပြီလေ"

အစား‌အသောက် ပွဲတော်တွင် အတော်နောက်ကျသည်အထိ လည်ပတ်ပြီးနောက် အားလုံးက လက်ထဲတွင် အထုတ်ကြီး၊ အထုတ်ငယ်များကို ကိုင်ပြီး မပြန်ချင်၊ ပြန်ချင်ဖြင့် ပြန်လာခဲ့ကြသည်။

"ခေါင်းဆောင်၊ ဒီည ကျွန်တော်တို့ ဘယ်မှာနေမှာလဲ"

ကားမောင်းရမည့် ဟဲယွမ်ဟန်က စုန့်ရန်ကို လှမ်းမေးလိုက်သည်။

စုန့်ရန်က သွားရမည့်နေရာကို ပြောလိုက်ပြီးနောက် ဆုယောင်က "ညအိပ်မယ့် နေရာကို မသွားခင် အာရှဈေးကို အရင်ဝင်ကြမယ်လေ။ ဝယ်စရာတွေ ရှိသေးတယ်" ဟု ပြောလိုက်သည်။

ထိုအခါ ဟဲယွမ်ဟန်က စုန့်ရန်၏ ခွင့်ပြုချက်ကိုပင် စောင့်မနေတော့ဘဲ "ဟုတ်ပြီ" ဟု ပြောကာ အာရှဈေးသို့ မောင်းလိုက်သည်။

ဆုယောင်က ယခု အဖွဲ့ တစ်ခုလုံးတွင် လူတိုင်း လိုချင်နေကြသော ရတနာ တစ်ခု ဖြစ်နေပြီ ဖြစ်သဖြင့် စုန့်ရန်ကို အထူးတလည် တင်ပြစရာ မလိုတော့ပေ။

ဆုယောင်က ပြတင်းပေါက် ဘေးတွင် ဝင်ထိုင်လိုက်ကာ သူမ ဝယ်ရမည့်ပစ္စည်းများကို စိတ်ထဲမှ
စဉ်းစားလိုက်ရင်း မုန့်စားထားသည်မှာ ဗိုက်မဝသေးဘူးဟု ခံစားရသဖြင့် "ညစာအတွက် ဘာစားချင်လဲ" ဟု ထမေးလိုက်သည်။

"စားဦးမလို့လား"

"မုန့်စားထားတာနဲ့ ဗိုက်ပြည့်နေကြပြီလား။ ညစာစားထားတာမှ မဟုတ်တာ။ အခုကနေ မနက်အထိဆို (၁၂) နာရီကျော်တောင် မစားဘဲ နေနိုင်ကြလို့လား" ဟု အားလုံး၏ အမေးကို ဆုယောင်က အံ့ဩတကြီး ပြန်မေးလိုက်သည်။

အဆုံးတွင် စုန့်ရန်က ပေါ့ပေါ့ပါးပါး ဟင်း တစ်ခွက်ကိုသာ ချက်ပြုတ်ရန် ပြောလိုက်သဖြင့် ဆုယောင်က သဘောတူလိုက်သည်။

....

ဆုယောင်တို့ အဖွဲ့သားများက အာရှဈေးတွင် ပျော်ရွှင်စွာ လည်ပတ်နေချိန်တွင် ဆုယောင်ထံမှ လက်မှတ်ရထားသော ရှောက်ရွဲ့က ဆုယောင်နှင့်အတူ အခြား အနုပညာရှင်များနှင့် ဟင်းချက် ပြိုင်ပွဲတွင် တွေ့ဆုံခဲ့သည့် အကြောင်းကို အင်တာနက်ပေါ်တွင် ဆုယောင် လက်မှတ် ထိုးထားသောပုံနှင့်အတူ ပုံ သုံးပုံကို တွဲတင်လိုက်သည်။

ထို့နောက် ဆုယောင်၏ ဟင်းချက် လက်ရာမှာ အလွန် ကောင်းကြောင်းနှင့် ဆုယောင်က အလွန်စိတ်ထားကောင်းကြောင်းကိုပါ အသေးစိတ် ရေးတင်လိုက်သည်။

ရှောက်ရွဲ့က သူမ၏ အတွေ့အကြုံကိုသာ ပျော်ရွှင်ပြီး မျှဝေလိုက်သော်လည်း သူမ၏ ပို့စ်မှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မျှဝေသူများက ရိုက်ကူးနေသော အစ်ီအစဉ်ကို ခန့်မှန်းလိုက်ရာ "လည်လည်သွားမယ်" အစီအစဉ်မှာ နှစ်စဉ် နှစ်တိုင်း ယခုအချိန်တွင် ရိုက်ကူးနေကြဖြစ်သဖြင့် ထိုအစီအစဉ် ဖြစ်မည်ဟု ခန့်မှန်းလိုက်ကြသည်။

သို့သော် "လည်လည်သွားမယ်" အစီအစဉ်က ရိုက်ကူးနေကြောင်း မကြေညာထားသည့်အပြင် အဖွဲ့ဝင်များကပါ သဲလွန်စ တစ်စုံတစ်ရာ မတင်ထား

သဖြင့် ပရိသတ်များက အလွန်သိချင်လာတော့သည်။

ထို့ကြောင့် ရှောက်ရွဲ့ တင်ထားသော ပုံ သုံးပုံကို သေချာ ကြည့်လိုက်သောအခါ လင်းရန်ချီ၊ ဂျီအန်းဝမ်၊ ဝမ်ယု၊ ချောင်မန်လင်းနှင့် ဟဲယွမ်ဟန်တို့ကိုပါ တွေ့လိုက်ရသည်။

ထိုအနုပညာရှင်များ၏ ပရိသတ်များက ရှောက်ရွဲ့၏ ပို့စ်အောက်တွင် သူတို့ အနုပညာရှင်များကိုသာ ချီးမွမ်းခန်း ဖွင့်ပြီး ဆုယောင်ကို လာတိုက်ခိုက်နေကြသဖြင့် လူနည်းစု ဖြစ်သော ဆုယောင်၏ ပရိသတ်များက တိတ်ဆိတ်နေလိုက်ရတော့သည်။

သို့သော် ပို့စ်ပိုင်ရှင် ရှောက်ရွဲ့က ငြိမ်ငြိမ်မနေဘဲ "ဘာဖြစ်လို့လဲ။ ဆုယောင်ကို နင်တို့ ထမင်းကျွေးထားတာမို့လို့ ပါးစပ်ပုတ်ကြီးနဲ့ လျှောက်ပြောနေကြတာလား။ ငါ့ ဆုယောင်က ရုပ်ချောပြီး ဟင်းချက်ကောင်းတယ်ဟဲ့" ဟု ပြန်ပြောဆိုလိုက်သည်။

"ဧည့်သည် ခြောက်ယောက် ဟုတ်လား။ ခုနှစ်ယောက် ပါတာဟဲ့။ ဆုယောင်ဘေးက ဦးထုပ်ဆောင်းထားတဲ့ တစ်ယောက်က စုန့်ရန်။ နင်တို့ပဲ သူ့ကို နတ်သားလေးဆိုပြီး ဝိုင်းငမ်းနေခဲ့ကြတာလေ။ ငါ အမြင်တော့ သူက ပုံမှန်ပဲ။ ဆုယောင်ရဲ့ဟင်းကိုလည်း အများကြီး စားနေတာ ငါ တွေ့ခဲ့တယ်"

.....

ရှောက်ရွဲ့က ဆုယောင်ကို မကောင်းပြောထားသည့် ကောမန့်များကို တစ်ခုချင်း ပြန်လည် တုံပြန်ပြောဆိုလိုက်သည်။

ရှောက်ရွဲ့၏ ပြောဆိုမှုကြောင့် ပရိသတ်များက ဦးထုပ်နှင့် လူကို သေချာ ကြည့်လိုက်သောအခါ အမှန်တကယ်ပင် စုန့်ရန် ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

စုန့်ရန်က ဆုယောင်၏ ဘေးတွင် ရပ်နေကာ မျက်နှာ တစ်ခုလုံး နီးပါးကို ဦးထုပ်ဖြင့် ဖုံးကာထားသည်။

ထိုပုံကို မြင်လိုက်ကြသော ပရိသတ်များက စုန့်ရန်နှင့် ဆုယောင် အတူ ရိုက်ကူးခဲ့သော "ချိုချို စပ်စပ် ငံငံလေး" အစီအစဉ်ကို သတိရသွားကြသည်။

"ဟိုအစီအစဉ်မှာ သတင်းထွက်နေလို့ နိုင်ငံခြားမှာ ရိုက်ကူးရေး သွားလုပ်ကြတာလား"

"တစ်ခုခုတော့ တစ်ခုခုပဲနော်"

"သူတို့ နှစ်ယောက်က ဘာတွေလဲ"

အခြား အနုပညာရှင်များ၏ ပရိသတ်များက ငြိမ်ကျသွားချိန်၌ ဆုယောင်နှင့် စုန့်ရန်တို့ကို သဘောတူညီကျသော ပရိသတ်များက ပို့စ်အောက်တွင် အောင်ပွဲခံနေကြသဖြင့် ရန်ပွဲများ ပြေငြိမ်းသွားတော့သည်။

ဆုယောင်၏ သတင်းများကို စောင့်ကြည့်နေသော  ရန်ယိဖန်းက ထိုသတင်းကို မြင်သွားကာ "ဟင် ဘယ်လိုဖြစ်ပြီး ဟိုလူက ပါလာပြန်ရတာလဲ။ ဒါရိုက်တာ ပြောတော့ ဧည့်သည်က ခြောက်ယောက်ပဲဆို။ ဒီလူက ဒိီအစိီအစဉ်ထိပါ လာပြီး တို့ဆုယောင်ကို လာဆွယ်နေတာပဲ" ဟု ရေရွတ်ပြီး စိတ်တိုနေတော့သည်။

"ပြဿနာတော့ ကြီးပြီ၊ ဒါရိုက်တာ ကွမ်။ ကျွန်တော့်တို့ရဲ့ ဧည့်သည်တွေ သတင်းက အင်တာနက်မှာ နာမည်ကြီးနေပြီ။ ဘယ်လိုလုပ်ကြမလဲ။ တစ်ရက်တောင် မပြည့်သေးဘူးဆိုတော့ ဖျက်ချခိုင်းလိုက်ရမလား၊ ဒါရိုက်တာ ကွမ်"

ထိုအချိန်တွင် လက်ထောက် ဒါရိုက်တာက သတင်းဖတ်မိသွားပြီး ဒါရိုက်တာ ကွမ်ထံ အလောတကြီး လာပြောလိုက်သည်။

"ဖျက်ခိုင်းမယ် ဟုတ်လား။ ဘာလို့ ဖျက်ခိုင်းရမှာလဲ"

ဒါရိုက်တာ ကွမ်က ညစာ ပြင်ဆင်နေသော ဆုယောင်နှင့် အနားတွင် တောက်လျှောက် ကပ်နေသော စုန့်ရန်တို့ကို ကြည့်ကာ ပြုံးလိုက်ပြီး "မစ္စတာ စုန့် အဆင်ပြေရင် ပြီးတာပဲလေ။ ဘာလို့ ဖျက်ခိုင်းမှာလဲ။ သူတို့ နှစ်ယောက်ကြောင့် ငါတို့ အစီအစဉ်က ပိုပေါက်တော့မှာ" ဟု ပြောလိုက်သည်။

စုန့်ရန်က ယခုတစ်ခေါက် "လည်လည်သွားမယ်" အစီအစဉ်၏ စပွန်ဆာ ဖြစ်သဖြင့် စုန့်ရန်သာ ခွင့်ပြုလျှင် မဖြစ်နိုင်စရာ အကြောင်း မရှိပေ။

"အခုနေ ဖြေရှင်းလိုက်တာထက်စာရင် ဒီအတိုင်း လွှတ်ထားလိုက်တာ ပိုကောင်းတယ်။ ထိပ်တန်း ရှာဖွေမှု စာရင်းထဲ ရောက်သွားလည်း မဆိုးပါဘူး"


...…….................................
.........................................


အပိုင်း (၂၇) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now