ဆုယောင်က ဝက်သား ထမင်းပေါင်း လုပ်ရန်အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်နေခဲ့သည်။
ဆန်ကို ရေဆေးပြီး စစ်ထားကာ အသီးအရွက်များကို ဆေးကြောလိုက်၏။
ဝက်သားများကို ဆေးကြော သန့်စင်ပြီး ပါးပါးလှီးကာ အရသာ ဝင်အောင် နယ်နှပ်ထားလိုက်သည်။
ထိုအရာများကို လုပ်ရသည်မှာ ဆုယောင်အဖို့ ငြီးငွေ့စရာ မကောင်းသော်လည်း ဘေးမှ ရပ်ကြည့်နေသော ချောင်မန်လင်းနှင့် ဝမ်ယုတို့က ပျင်းလာသဖြင့် ဆုယောင် အနားမှ ထွက်သွားရန် ပြင်ကြတော့၏။
ထို့ကြောင့် ဆုယောင်ကို နှုတ်ဆက်ကာ ဖုန်းကို ကိုင်ပြီး အနီးအနားတွင် ဓာတ်ပုံ လျှောက်ရိုက်ရန် ထွက်သွားကြတော့သည်။
အချိန်ကြာကြာ ရပ်ပြီး လုပ်နေရသဖြင့် ဆုယောင်က ပင်ပန်းလာကာ ခန္ဓာကိုယ်က လေ့ကျင့်ခန်းလုပ်ရန် လိုအပ်လာကြောင်းကို ခံစားမိလိုက်၏။
အခြား ဟင်းခတ် အမွှေးအကြိုင်များ ယူရန် လှည့်လိုက်သောအခါ ချွေးများ စိုရွှဲနေသော စုန့်ရန်နှင့် မျက်နှာချင်းဆိုင် ဆုံမိသွားသည်။
"မနက်ခင်း လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာတာလား ခေါင်းဆောင်"
ဆုယောင်က အရင်ဦးဆုံး စုန့်ရန်ကို ပြုံးပြပြီး လှမ်းနှုတ်ဆက်လိုက်သည်။
"ဟုတ်တယ်။ ဒီနေ့ အိပ်ယာ ထတာ နောက်ကျသွားလို့ မနက်စာ စားပြီးမှ လေ့ကျင့်ခန်း လုပ်လိုက်ရတာ"
စုန့်ရန်က မျက်နှာမှ ချွေးများကို သုတ်ကာ အင်္ကျီကို လှန်ပြီး အပူငွေ့များကို ခတ်ထုတ်လိုက်သည်။
ထိုအခါ ဆုယောင်က စုန့်ရန်၏ ကိုယ်မှ ချွေးနံ့အစား ရေချိုးဆပ်ပြာ အနံ့ကို ရလိုက်သဖြင့် စုန့်ရန် သုံးသော ရေချိုးဆပ်ပြာမှာ အတော်ပင် ဈေးကြီးမည်ဟု ထင်မှတ်လိုက်၏။
သူမ သုံးသော ရေချိုးဆပ်ပြာမှာ တစ်ခုဝယ် တစ်ခုလက်ဆောင်ရသည့် ဈေးသက်သာသည့် ရေချိုးဆပ်ပြာ ဖြစ်သဖြင့် တွေးကြည့်ကာ သိမ်ငယ်သွားတော့သည်။
ဆုယောင် အတွေးပေါင်းစုံ တွေးနေသည့်အချိန်၌ စုန့်ရန်က ပြင်ဆင်ထားသော ပစ္စည်းများကို ကြည့်ကာ "မုန့် လုပ်မလို့လား" ဟု မေးလိုက်၏။