Chapter 16

739 84 0
                                    

အပိုင်း (၁၆) "လည်လည်သွားမယ်" အစီအစဉ်


"မင်းပုံစံက ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ"

ဆုယောင် ထိတ်လန့်နေသည့် အချိန်တွင် စုန့်ရန်က လောင်စာဆီ ထပ်ထည့်ကာ မီးမွှေးလိုက်သည်။

"ကျွန်မ ပုံစံက ကြည့်မကောင်းလို့လား"

စုန့်ရန်က ခဏကြာ တွေဝေသွားပြီးနောက် "အင်း" ဟု ပြန်ဖြေလိုက်သည်။

"..."

အခြားသူများ၏ စိတ်ထဲ၌မူ "ဆုယောင်ရဲ့ပုံစံက ကြည့်မကောင်းဘူးဆိုတော့ စုန့်ရန်က ကန်းနေတာများလား" ဟု အံ့ဩကာ တွေးလိုက်တော့၏။

အခြားကိစ္စများကို ဘေးဖယ်ပြီး ဆုယောင်၏ အသွင်အပြင် တစ်ခုထဲကို ကြည့်လိုက်လျှင် လူတိုင်း၏ အမြင်၌ ဆုယောင်က စွဲမက်ဖွယ်ရာ ဖြစ်နေသည်။

ဆုယောင်က ကြက်သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အသားရောင်နှင့် ခန္ဓာကိုယ် ကောက်ကြောင်းမှာ ပေါ်လွင်နေ၏။

ရှည်လျား၍ အနည်းငယ် ကောက်ထားသော အမည်းရောင် ဆံပင်အရှည်နှင့် မျက်ခုံး‌မွှေးသာ ဆွဲထားပြီး နှုတ်ခမ်းနီ အနီရောင်ကိုသာ ဆိုးထားသော ကြည်လင်သော မိတ်ကပ်အပြင်အဆင်က သူမ၏ အလှအပကို ပေါ်လွင်နေစေသည်။

ထိုကဲ့သို့သော ဆုယောင်၏ ပုံစံက မြင်ရသူတိုင်းကို စွဲမက်စေနိုင်၏။

သို့သော် ထိုပုံစံက ဆုယောင်၏ နဂို ချစ်စရာကောင်းသော ပုံစံမှ ကွဲထွက်နေခဲ့သည်။

စုန့်ရန်က ထူးဆန်းစွာ ကြည့်နေသော အခြားသူများ၏ အမြင်ကို ဂရုမစိုက်ဘဲ ဆုယောင်၏ လက်ထဲမှ အရာကို ကြည့်ကာ "ကျွန်တော် ဒါကို ဝိုင်းသယ်ပေးမယ်။ မင်း အရင်ဆုံး ထိုင်ဖို့ နေရာရှာလိုက်" ဟု ပြောလိုက်သည်။

"အင်း၊ ကျေးဇူးနော်"

ဆုယောင်က ပြုံးပြကာ လေအေးစက်နှင့် အနီးဆုံးနေရာတွင် ဝင်ထိုင်လိုက်သည်။

အကြောင်းမှာ စုန့်ရန်ကြောင့် ထွက်သွားသော ဒေါသများကို ငြိမ်းသတ်ရန် ဖြစ်၏။

ဆုယောင် ထိုင်ပြီးသောအခါ စုန့်ရန်က သူမ၏ ညာဘက်ရှိ နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။

စုန့်ရန်၏ မျက်နှာထားက ပုံမှန်ဖြစ်နေ၍ မိန်းကလေး တစ်ယောက်ကို စော်ကား ပြောဆိုထားသည့်အ‌ပေါ်တွင် ခံစားချက် မရှိသည့် ပုံစံမျိုး ဖြစ်၏။

သီးသန့် အခန်းထဲတွင် အခြေအနေက အေးစက်သွားသဖြင့် တစ်ဦး တစ်ယောက်မှ စကားစမပြောကြတော့ပေ။

ဆုယောင်က ဒေါသထွက်၍ ခဏကြာပြီးနောက် စိတ်ပြေလာကာ အစီအစဉ်တွင် ပါဝင်သော
ဧည့်သည်များကို ကြည့်ပြီး သူမ၏ နေရာကို စိတ်ထဲမှ တွက်ချက်လိုက်သည်။

"လည်လည်သွားမယ်" အစီအစဉ်က အချိန်အကြာကြီး တင်ဆက်ပြသခဲ့သော အစီအစဉ် တစ်ခုဖြစ်သော်လည်း ရှေ့တွင် တင်ဆက်ပြသခဲ့သော အပိုင်းများက အောင်မြင်မှု သိပ်မရခဲ့ပေ။

သို့သော် အစီအစဉ်တွင် ပါဝင် တင်ဆက်သူများထဲမှ နာမည်ကြီး အောင်မြင်သွားကြသူများ ရှိသည်။

ထို့ကြောင့် အများ၏ အမြင်၌ ဤအစီအစဉ်ကို နာမည်ကြီးများ မွေးထုတ်ပေးသော အစိီအစဉ်အဖြစ် စတင် မြင်လာခဲ့၏။

အကြောင်းရင်းမှာ ပါဝင်သူ အများစုက အလုပ်ကြိုးစား၍ နာမည် သိပ်မရှိသော အနုပညာရှင်များ ဖြစ်သောကြောင့် ဖြစ်သည်။

ယခု ပါဝင်လာသော သူများမှာလည်း ပွဲဦးထွက်ပြီးသော်ငြား နာမည် မကြီးသည့် အမျိုးသား အိုင်ဒေါ လင်းရန်ချီ၊ နာမည် သိပ်မရှိသည့် သရုပ်ဆောင်
မင်းသမီး ဝမ်ယု၊ ရှေးခေတ်ကားများတွင် နာမည်ကြီးသော မင်းသမီး ချောင်မန်လင်း၊ ထွက်သည့် သီချင်းတိုင်း မပေါက်သော ဂျီအန်းဝမ်နှင့် အချိန် အပိုင်းအခြား တစ်ခုသာ အောင်မြင်ခဲ့ပြီး နာမည်ပြန်ကျသွားသော ဟဲယွမ်ဟန် တို့ဖြစ်၏။

ဆုယောင်နှင့် စုန့်ရန်တို့ကမူ ဆုယောင်က လတ်တလော ထိပ်တန်း ရှာဖွေမှု စာရင်းတွင် နံပါတ် (၁) နေရာရထားပြီး စုန့်ရန်က သူငယ်ချင်းတစ်ယောက်၏ ဖိတ်ထားခံရသည် ဟူ၍ ဖြစ်သည်။

"ကဲ၊ အခု လူစုံပြီဆိုတော့ အစားအသောက်တွေ အရင်စားကြတာပေါ့။ စားရင်းနဲ့မှ စကား ဆက်ပြောကြမယ်လေ" ဟု ဟဲယွမ်ဟန်က ဦးဆောင်ကာ စပြောလိုက်သည်။

ပြင်ဆင်ထားသော အစားအသောက်များမှာ စီချွမ် အစားအသောက်များ ဖြစ်သဖြင့် အစပ် မစားရဲသော သူများက တစ်လုတ်၊ နှစ်လုတ်သာ ဟန်ပြစားလိုက်ကြ၏။

ဆု‌ယောင်ကမူ ပထမဆုံး တစ်လုတ် မြည်းကြည့်ပြီး
အကြိုက်တွေ့သွားသဖြင့် များများ ယူစားတော့သည်။

ထိုအချိန်တွင် တင်းကျပ်စွာ ပိတ်ထားသော ဟင်းရည်အိုးကို စုန့်ရန်က စားပွဲပေါ်သို့ ချလိုက်ရာ အားလုံး၏ အာရုံက ထိုအိုးဆီသို့ ရောက်သွားတော့၏။

ချောင်မန်လင်းက အိုးကို ကြည့်ကာ "မစ္စတာ စုန့်၊ အဲ့အိုးက ဘာလုပ်ဖို့လဲ။ စားဖို့ ထည့်လာတာလား" ဟု မေးလိုက်သည်။

"အစီအစဉ် ရိုက်ကူးနေတဲ့အချိန်မှာတော့ ကျွန်တော့်ကို နာမည်ပဲ ခေါ်ပါ။ ဒီအိုးထဲမှာ အစားအသောက် တစ်ခုခု ထည့်ထားတာ ထင်တယ်။ သိချင်ရင် ဆုယောင်ကို မေးကြည့်လေ" ဟု စုန့်ရန်က ပြန်ပြောလိုက်၏။

စုန့်ရန်၏ စကားကြောင့် ဆုယောင်က နင်သွားကာ "ဒါက ရှင်တို့နဲ့ ပထမဆုံး အတူတူ စားရတာဆိုတော့ အားလုံးအတွက် ကျွန်မ စွပ်ပြုတ် ချက်လာခဲ့တယ်။ ကျွန်မက ဟင်းချက်တာက လွဲပြီး တခြားဟာတွေလည်း သိပ်မလုပ်တတ်တော့ အားလုံးနဲ့ ရင်းနှီးမှု ယူ
တဲ့အနေနဲ့ ဒီစွပ်ပြုတ်ကို ချက်ခဲ့တာပါ" ဟု ရှက်ရှက်နှင့် ပြောလိုက်သည်။

အားလုံးက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ချောင်မန်လင်းက ဦးဆောင်ကာ "အားလုံးက အဖွဲ့သားတွေပဲကို။ အထွေအထူးတွေ လုပ်မလာလည်း ရပါတယ်။ ကျွန်မလည်း အိမ်မှာပဲ အမြဲနေတာဆိုတော့ ဟင်းတော့ ချက်တတ်တယ်။ ဒါပေမယ့် လက်ရာကတော့ မကောင်းဘူး" ဟု‌ စပြောလိုက်သည်။

ဘေးနားရှိ လူများက ချောင်မန်လင်း၏ စကားအဓိပ္ပာယ်ကို နားလည်သွားကာ သူတို့လည်း ဟင်းချက်တတ်သည် ဆိုသည့်အကြောင်းကို ရယ်မော၍ ပြောကြတော့၏။

ဆုယောင်ကမူ နားမလည်သဖြင့် ပြုံးပြကာ "ဒါဆို အားလုံးအတူတူ ချက်စားကြမယ်လေ။ ကျွန်မလည်း ရှင်တို့ရဲ့ လက်ရာကို မြည်းကြည့်ချင်တယ်" ဟု ပြန်ပြောလိုက်သည်။

....

ဆုယောင်၏ မျက်လုံးမှ အနည်းငယ် စိတ်ပျက်သွားသော အမူအယာကို တွေ့လိုက်ရသော ချောင်မန်လင်းတို့က ပို၍ လှောင်ပြောင်ကာ ပြောဆိုနေလိုက်ကြ၏။

တက်ကြွ၍ စကားများသော လင်းရန်ချီကမူ စုန့်ရန်ကို ဦးတည် နောက်ပြောင်သော စကားများကို ပြောဆိုလိုက်သည်။

သို့သော် စုန့်ရန်၏ အာရုံက သူ၏ အရှေ့တွင် ရှိနေသော စွပ်ပြုတ်အိုးတွင်သာ ရှိနေခဲ့သဖြင့် အခြားသူများကို လျစ်လျူရှုထားလိုက်၏။

ထို့ကြောင့် အခြား အကြောင်းအရာကို ပြန်ပြောင်းကာ ရယ်မော ပြောဆိုနေကြတော့သည်။

လင်းရန်ချီ၊ ချောင်းမန်လင်း၊ ဝမ်ယုနှင့် ဂျီအန်းဝမ်တို့က စတွေ့ကတည်းက လေးယောက် အုပ်စုဖွဲ့ထားရာ အခြား ဧည့်သည်များကို ဂရုမစိုက်ဘဲ သူတို့အချင်းချင်းသာ ပြောဆိုနေခဲ့ကြ၏။

ဟဲယွမ်ဟန်က အားလုံးထဲတွင် အသက်အကြီးဆုံး ဖြစ်သဖြင့် ထိုလေးယောက်ကို ဂရုမစိုက်ဘဲ ဘေးတွင် ထွက်နေလိုက်သည်။

ဆုယောင်ကမူ ထိုသူတို့နှင့် စကားလိုက်ပြောရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သဖြင့် နှစ်ခေါက်မြောက် ကြိုးစားအပြီးတွင် လက်လျှော့လိုက်တော့၏။

ထို့နောက် စုန့်ရန်ကို လှည့်ကြည့်လိုက်သောအခါ စုန့်ရန်က စွပ်ပြုတ်အိုးကို ဖွင့်နေဆဲ ဖြစ်သဖြင့် "ရှင်အခုထိ ဖွင့်လို့မရသေးဘူးလား" ဟု အံ့ဩတကြီး မေးလိုက်သည်။

"မင်း ဘယ်လောက်တောင် အသေပိတ်ထားတာလဲ"

"..."

ဆု‌ယောင်က စွပ်ပြုတ် အရည်များ ဖိတ်ကျမည်ကို စိုးရိမ်သောကြောင့် အိုးကို သုံးဆင့် အလုံပိတ်ထားခဲ့သည်။

ထို့ကြောင့်သာ စုန့်ရန်က ယခုအချိန်ထိ ဖွင့်၍ မရသေးခြင်း ဖြစ်၏။

"ရှင် ဖွင့်လို့ မရရင် ကျွန်မကို ပေး။ စွပ်ပြုတ်က ပူတုန်း သောက်မှ ကောင်းတာ"

နှစ်မိနစ် ကြာပြီးနောက် ဆုယောင်က အဖုံးဖွင့်လို့ ရသွားသဖြင့် စွပ်ပြုတ်အိုးကို စုန့်ရန်ဆီသို့ လှမ်းပေးလိုက်သည်။

အခြား ဧည့်သည်များကမူ ဆုယောင်၏ လက်ရာကို သိချင်စိတ်ဖြင့် ဆုယောင်တို့ကို သတိထား ကြည့်နေလိုက်ကြ၏။

စုန့်ရန်က အခြားသူများကို ဂရုမစိုက်ဘဲ စွပ်ပြုတ်အိုး အဖုံးကို ဖွင့်လိုက်ရာ မွှေးကြိုင်သော ရနံ့က အခန်း တစ်ခုလုံးကို ပျံ့လွင့်သွားသည်။

ထို့နောက် စွပ်ပြုတ်ကို ဇွန်းဖြင့် အပြည့်ခပ်သောက်လိုက်ရာ မပျော်ရွှင်‌ဖြစ်နေခဲ့သော စုန့်ရန်၏ မျက်လုံးများတွင် ကျေနပ်မှု အပြည့် ဖြစ်သွားသော အရိပ်အ‌ယောင် ပေါ်လာခဲ့သည်။

ဆုယောင်က စုန့်ရန်၏ အစားချေးများမှုကို သိထားသဖြင့် စုန့်ရန် စားနေသော ပုံစံကို ကြည့်ကာ သူမ၏ စွပ်ပြုတ်က အဆင်ပြေကြောင်း သိရှိလိုက်၏။

"အားလုံးပဲ ပူတုန်းလေး မြည်းကြည့်ကြပါဦး"

ဆုယောင်က ထိုသို့ ပြောလိုက်သော်လည်း လေးယောက် အုပ်စုက ဆုယောင်၏ လက်ရာကို မမြည်းချင်သဖြင့် အချိန်ဆွဲကာ လှုပ်ရှားနေကြတော့သည်။

ဆုယောင် ချက်ခဲ့သော စွပ်ပြုတ်မှာ ကျန်းနန်မြို့၏ အိမ်ချက် ဟင်းလျာ တစ်မျိုး ဖြစ်သည်။

ချက်ပြုတ်နည်းမှာ ရိုးရှင်းပြီး မျှစ်၊ ဝက်ပေါင်ခြောက်နှင့် ဝက်သား သုံးထပ်သား ကိုသာ အသုံးပြုထားသည်။

စွပ်ပြုတ်ရည်မှာ ပျစ်နှစ်ပြီး အဖြူရောင် အနှစ်ရည် ဖြစ်၏။

မျှစ်၏ အရသာက ကြွပ်ရွပျော့ပျောင်းပြီး ဝက်သားများက နူးညံ့သည်။

ထိုစွပ်ပြုတ်က အိမ်ချက် ဟင်းလျာ ဖြစ်သော်လည်း ပုံမှန် ချက်စား၍ မရနိုင်သော ဟင်းလျာမျိုး ဖြစ်၏။

အကြောင်းမှာ မီးအေးအေးဖြင့် လေးနာရီကြာ ပြုတ်ထားရသောကြောင့် ဖြစ်သည်။

ထို့အပြင် ပါဝင်ပစ္စည်း သုံးမျိုးကိုလည်း အချိန်ခွဲ၍ အိုးထဲသို့ ထည့်ရသည်။

ပါဝင်ပစ္စည်း ရွေးသည်မှ စ၍ အိုးထဲတွင် ချက်ပြုတ်သည်အထိ သေချာ ဂရုတစိုက် ချက်ပြုတ်ရသော ဟင်းလျာတစ်မျိုး ဖြစ်၏။

ဆုယောင်က အဆင့်တိုင်းကို သူမ ကိုယ်တိုင် သေချာ ပြုလုပ်ထားခဲ့၍ အိုးထဲသို့ ထည့်လာပြီးသည့်အချိန်မှ စကာ တစ်ခါမှ အဖုံး မဖွင့်ခဲ့ပေ။

ထို့ကြောင့် ယခု အဖုံးဖွင့်လိုက်သောအခါ စွပ်ပြုတ်၏ မွှေးရနံ့က အလွန်ပင် မွှေးကြိုင်နေခဲ့သည်။

ဆုယောင်က အစပ်ဟင်းများကို အများအပြား စားထားသဖြင့် စွပ်ပြုတ် တစ်ဇွန်း ယူသောက်လိုက်ရာ မွေးပျံ့ လန်းဆန်းပြီး အရသာရှိကြောင်း ခံစားမိလိုက်၏။

ထို့ကြောင့် စိတ်ထဲမှ "ဒီအရသာနဲ့ဆို သူတို့ကို အပိုင်မဆွယ်နိုင်ဘူးဆိုတာ မယုံဘူး" ဟု ရေရွတ်လိုက်သည်။

ထိုအချိန်တွင် စုန့်ရန်က ဒုတိယမြောက် ထမင်းပန်းကန်ကိုပင် စားနေပြီ ဖြစ်သည်။

"ကျွန်တော် မြည်းကြည့်မယ်"

ဟဲယွမ်ဟန်က တူကို ကောက်ကိုင်ကာ ပါဝင်ပစ္စည်း သုံးမျိုးလုံးကို တစ်ပြိုင်တည်း ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် အလိုလို ပြုံးသွားကာ ဆုယောင်ကို လက်မထောင်ပြလိုက်၏။

ထို့နောက် ဟဲယွမ်ဟန်က စကားအများကြီး မပြော
ဘဲ စွပ်ပြုတ်ကိုသာ ငုံ့စားနေတော့သည်။

စုန့်ရန်နှင့် ဟဲယွမ်ဟန်တို့ကို ကြည့်ပြီး ကျန်သည့်လေးယောက်မှာ အံ့ဩနေတော့၏။

"အေးသွားရင် စားမကောင်းတော့ဘူးနော်"

ဆုယောင်က ထိုလေးယောက်ကို ကြည့်ကာ သတိပေးလိုက်သည်။

စုန့်ရန်ကလည်း တတိယမြောက် ထမင်းပန်းကန်ကို ထည့်ကာ ရက်ပေါင်းများစွာ အစား မစားရသည့် လူကဲ့သို့ စားနေတော့၏။

တစ်ဖက်တွင်လည်း ကင်မရာများက ရိုက်ကူးနေသဖြင့် မျက်နှာ မပေးလျှင် မကောင်းမည် စိုးသောကြောင့် လေးယောက်သား အချက်ပြလိုက်ကာ တူကို ကောက်ကိုင်လိုက်သည်။

အရသာ အလွန်ကောင်းသော စွပ်ပြုတ်အရည်၊  မျှစ်၏ ချိုမြိန်မှု၊ ဝက်ပေါင်ခြောက်၏ လတ်ဆတ်မှုနှင့် ဝက်သုံးထပ်သား၏ နူးညံ့မှုတို့ ပေါင်းစပ်ထား
သော အရသာကို စားပြီး လေးယောက်သား အံ့ဩဆွံ့အသွားတော့၏။


...…….................................
.........................................


အပိုင်း (၁၆) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now