Chapter 24

755 86 0
                                    

အပိုင်း(၂၄) ပန်းသီးဝိုင် ဝက်သုံးထပ်သား အကြွပ်ကြော်


အားလုံးက ဆုယောင်ကို တစ်ခုခု ပြောချင်သော်လည်း လျှောက်သွားနေသော လင်းရန်ချီက စိတ်လှုပ်ရှားစွာ ပြန်ရောက်လာကာ "ခေါင်းဆောင်နဲ့ ဆုယောင်တို့ ဟိုနားမှာ ဟင်းချက် ပြိုင်ပွဲ တစ်ခုရှိတယ်။ ပွဲစဉ်တိုင်းမှာ ပထမအဆင့် ရတဲ့လူက ဆုအကြီးကြီး ရမှာ။ ကျွန်တော် နောက်ပွဲစဥ်အတွက် နာမည်စာရင်း ပေးလာခဲ့တယ်"

ဟင်းချက် ပြိုင်ပွဲဟု ကြားလိုက်သောအခါ ဆုယောင်က ရုတ်တရက် မျက်နှာ မော့လာပြီး "ပြိုင်ပွဲက ဘယ်နားမှာလဲ" ဟု မေးလိုက်သည်။

ပထမအစက မူးနေသော်လည်း ဟင်းချက် ပြိုင်ပွဲဟူသော စကားကို ကြားသောအခါ ဆုယောင်က လန်းဆန်းသွားတော့သည်။

သို့သော် အခြားသူများ၏ အမြင်၌ ဆုယောင်၏ ပါးများက နီရဲနေပြီး အနီရောင် နှုတ်ခမ်းများက စိုစွတ်နေကာ မျက်လုံးများက မှုန်ဝေနေ၏။

ထိုပုံစံကို မည်သူက ကြည့်ကြည့် မူးနေသည်ဟုပင် ထင်မြင်မည် ဖြစ်သည်။

လင်းရန်ချီက အကြောင်းအရင်းကို မသိလိုက်သဖြင့် အံ့ဩပြီး "ဆုယောင် ဘာဖြစ်နေတာလဲ။ ဘာလို့ မျက်နှာက အရမ်း နီနေတာလဲ။ ဓာတ်မတည့်တာ ဖြစ်နေတာလား" ဟုမေးလိုက်သည်။

"နီနေတယ် ဟုတ်လား"

ဆုယောင်က ခေါင်းကိုခါကာ သူမ၏ ပါးကို ကိုင်ကြည့်လိုက်သည်။

ဆုယောင်၏ ပါးများက အလွန်ပူနေသဖြင့် မှန်မကြည့်ဘဲနှင့်ပင် ဘယ်လောက် ရဲနေကြောင်းကို ခန့်မှန်းနိုင်သည်။

"ကျွန်မ ပန်းသီးဝိုင် သောက်ထားလို့ နည်းနည်းမူးနေတာ။ ဓာတ်မတည့်တာ မဟုတ်ပါဘူး။ ဒါနဲ့ ရှင်ပြောတဲ့ ပြိုင်ပွဲနေရာက ဘယ်မှာလဲ"

"ဟိုနားမှာ။ ပြိုင်တဲ့လူတွေ အများကြီးပဲ"

လင်းရန်ချီက အားလုံးကို ဦးဆောင်ပြီး အစားအသောက် ပြိုင်ပွဲ ရှိရာသို့ ခေါ်သွားလိုက်သည်။

ဆုယောင်က လင်းရန်ချီ၏ နောက်မှ ထပ်ကြပ်မခွာ လိုက်သွားပြီး စိတ်လှုပ်ရှားနေသည့် မျက်နှာမှာ ပေါ်လွင်နေတော့သည်။

လင်းရန်ချီနှင့် ဆုယောင်တို့က မြန်မြန် လျှောက်နေကြသဖြင့် အခြားသူများကပါ အနောက်မှ အလျင်အမြန် လိုက်လျှောက်ကြရ၏။

ထို့ကြောင့် ပီဒီများကပါ အနောက်မှ ကင်မရာများကို ကိုင်ပြီး မသက်မသာဖြင့် အလျင်အမြန် လိုက်ကြ‌ရတော့သည်။

ကံကောင်းသည်မှာ ပြိုင်ပွဲနေရာက သိပ်မဝေးပေ။

လမ်း၏ တစ်ဖက်တစ်ချက်တွင်လည်း ဈေးဆိုင်များ အစီအရီဖြင့် စည်ကားနေသည်။

ဈေးဆိုင်တိုင်းတွင်လည်း ဝယ်သူများဖြင့် အလွန်စည်ကားလှသည်။

လမ်းသုံးခွဆုံသို့ ရောက်သောအခါ စင်မြင့် အကြီးကြီးကို တွေ့လိုက်ရသည်။

ထိုစင်မြင့်ကို နေရာ အကျယ်ကြီး ယူကာ တည်ဆောက်ထားပြီး အပေါ်ပိုင်းတွင် စပွန်ဆာ ပေးထားသော ပန်းသီဝိုင်၏ တံဆိပ်ကို ချိတ်ဆွဲထားသည်။

စင်မြင့်၏ တစ်ဖက် တစ်ချက်တွင်လည်း ပန်းသီးဝိုင်ဖာများကို ဈေးနှုန်းနှင့်တကွ ထပ်တင်ထားသည်။

စင်မြင့်၏ အလယ်တွင် မီးဖို ဆယ်ခုနှင့် အိုးများ၊ ခွက်များ အစရှိသည့် မီးဖိုချောင်သုံး ပစ္စည်းများကို ထားရှိထား၏။

မှန်နှင့် ကာထားသော ရေခဲသေတ္တာထဲတွင် လတ်လတ်ဆတ်ဆတ် အသား၊ ငါးများကို ထည့်ထားသည်။

အစားအသောက် ပွဲတော်မှာ လူ အလွန် စည်ကားနေသဖြင့် ဦးစီးသူက သက်တော်စောင့်များကိုပါ ငှားထားပြီး စင် ပတ်ပတ်လည်တွင် စောင့်ကြပ်စေခဲ့သည်။

အဝေးတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်တွင် ပြိုင်ပွဲ စည်းမျဉ်းများနှင့် ဆုကြေးကို စာလုံးကြီးကြီးဖြင့် ရေးထားပြီး အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသည်။

"တွေ့လား။ ကျွန်တော် ခုနက ပြောထားသလိုပဲ ပထမဆုက ပိုက်ဆံရမှာ။ တစ်ပွဲကို လူ ကိုးယောက်ပြိုင်ရတယ်။ ပြိုင်ပွဲကြာချိန်က တစ်နာရီ။ ပန်းသီးဝိုင်ကို အဓိကထားတဲ့ ဟင်းလျာကို ချက်ပြုတ်ရမှာ။ စင်ပေါ်က လူကြီး ကြိုက်အောင် ချက်နိုင်ရင် သူက အနိုင်ရရှိတဲ့လူကို ဆုံးဖြတ်ပေးတယ်။ ပထမဆုက ယူရို တစ်ထောင်၊ ဒုတိယဆုနဲ့ တတိယဆုက ပန်းသီး ဝိုင်ပုလင်းတွေ အလကားရမှာ" ဟု လင်းရန်ချီက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။

ထို့နောက် လင်းရန်ချီက ပူပူ‌နွေးနွေး ရထားသည့် ပြိုင်ပွဲဝင် ကတ်ကို ကိုင်ပြကာ "ကျွန်တော် သွားမေး
တဲ့ အချိန်မှာ နောက်တစ်ပွဲအတွက် ပြိုင်မယ့်လူတွေက ပြည့်သွားပြီ။ ဒါပေမယ့် ကံကောင်းချင်တော့ ပြိုင်ပွဲဝင် တစ်ယောက်က သူ့ ကောင်မလေးနဲ့ ပြဿနာ ဖြစ်ပြီး မပြိုင်ဖြစ်တော့တာနဲ့ သူ့နေရာကို ဝင်ပြိုင်လို့ ရသွားတာ" ဟု ပြောလိုက်သည်။

"နင် ကံကောင်းသွားတာပေါ့" ဟု ချောင်မန်လင်းက ဖြစ်စဉ် တစ်ခုလုံးကို နားထောင်ကာ လင်းရန်ချီ၏ ပုခုံးကို ကိုင်ပြီး ပြောလိုက်သည်။

ဆုယောင်က စင်မြင့်၏ အနီးသို့ ရောက်လာသောအခါ ပြိုင်ပွဲဝင်များ၏ လှုပ်ရှားမှုများကို အသေအချာ မြင်လိုက်ရသည်။

"မင်း ဝင်ပြိုင်ချင်လို့လား"

နှာခေါင်းထဲတွင် ပူဒီနာအနံ့ ရလာသောအခါ ဆုယောင်က နောက်သို့ လှည့်မကြည့်ဘဲ "အင်း၊ ကျွန်မ စမ်းကြည့်ချင်တယ်" ဟု ပြောလိုက်သည်။

"စင်ပေါ်မှာ ရှုံးသွားမှာကို မကြောက်ဘူးလား။ ကင်မရာတွေလည်း အများကြီးပဲနော်" ဟု စုန့်ရန်က ထပ်မံ သတိပေးလိုက်သည်။

ထိုအခါ ဆုယောင်က စုန့်ရန်ကို လှည့်ကြည့်လာတော့သည်။

စုန့်ရန်၏ စိတ်ထဲ၌ ဆုယောင်က မကြောက်ဘူးဟု ပြန်ဖြေမည်ဟု ထင်ထားသော်လည်း ဆုယောင်က "ကြောက်တာပေါ့။ လူရှေ့သူရှေ့မှာ အရှက်ကွဲရင် မျက်နှာပျက်စရာ ဖြစ်မှာကို။ ဒါပေမယ့် အခု မကြိုးစားကြည့်ဘူးဆိုရင် စားသောက်ဆိုင် ဖွင့်လို့ ဧည့်သည်တွေဆီက လက်ညိုးထိုး‌ ဝေဖန်ခံရရင် ပိုရှက်စရာ ကောင်းမှာ" ဟု ဆုယောင်က စားသောက်ဆိုင် ဖွင့်မည့် အကြောင်းကို စုန့်ရန် ရှေ့တွင် လွှတ်ခနဲ ထွက်သွားတော့သည်။

စားသောက်ဆိုင်များတွင် ချေးများတတ်သော စုန့်ရန်ကမူ ဆုယောင်၏ စကားကို နားထောင်ပြီး ပြုံးသွားတော့သည်။

ဆုယောင်က ထိုသို့ ပြောလိုက်ပြီးမှ နောင်တရသွားကာ ပြန်ရှင်းပြမည် အလုပ်တွင် စုန့်ရန်က မျက်နှာတည်တည်ဖြင့် တစ်ဖက်သို့ လှည့်သွားတော့၏။

စင်ပေါ်ရှိ ပွဲစဥ်မှာလည်း ပြီးဆုံးသွားပြီ ဖြစ်သဖြင့် အနိုင်ရရှိသူများကို ကြေညာလိုက်ပြီ ဖြစ်သည်။

ပွဲစီစဉ်သူက ဆူရရှိသူများကို ဆုငွေအပြင် ပန်းသီးဝိုင်များကိုပါ ထပ်ပေးလိုက်သေးသည်။

ဆုမရရှိသော သူများကိုလည်း ပန်းသီးဝိုင်များ လက်ဆောင် ပေးလိုက်သဖြင့် ဆုမရလျှင်ပင် ပန်းသီးဝိုင် ရရှိမည် ဖြစ်သည်။

"ဒါဆို ပြိုင်ပွဲမှာ ရှုံးရှုံး၊ နိုင်နိုင် ပန်းသီးဝိုင်ကတော့ ရမယ့် သဘောပေါ့" ဟု ဟဲယွမ်ဟန်က ကြည့်ပြီး ပြောလိုက်သည်။

"ဆုယောင်ကို ယုံကြည်လိုက်ပါ အစ်ကို ယွမ်ဟန်ရယ်။ ဆုယောင်က ပ၊ ဒု၊ တ ထဲမှာ ပါမှာပါ" ဟုလင်းရန်ချီက ပြန်ပြောလိုက်သည်။

ပြိုင်ပွဲတွင် အနိုင်ရပါက အဖွဲ့သား အားလုံး မျက်နှာပန်းလှမည် ဖြစ်ပြီး ရှုံးနိမ့်သွားပါက ရုပ်သံလွှင့်သည့် အချိန်၌ ဆုယောင်၏ ဂုဏ်သတင်းမှာ ကျဆင်းသွားမည် ဖြစ်သည်။

ထို့အပြင် ယခု ပြိုင်ပွဲက ယူရိုတစ်ထောင် ပေးသော ပြိုင်ပွဲ ဖြစ်သဖြင့် နောက်ကွယ်တွင် လုပ်ဇာတ် မရှိနိုင်ဟု မပြောနိုင်ပေ။

ချောင်မန်လင်း အပါအဝင် အားလုံးက ထိုကိစ္စကို စဉ်းစားမိလိုက်ကြသော်လည်း ဆုယောင်ကမူ စင်ပေါ်သို့ ရောက်သွားပြီ ဖြစ်သည်။

နောက်မှ လိုက်သွားသော ပီဒီကလည်း စင်ပေါ်ရှိ အစီအစဉ် တင်ဆက်သူနှင့် ညှိနှိုင်းနေပြီ ဖြစ်သည်။

ထို့နောက် အစီအစဉ် တင်ဆက်သူက "ဧည့်သည်တော်များ ခင်ဗျာ။ ဒီပွဲစဉ်မှာတော့ ထူးထူးခြားခြားပဲ တရုတ်နိုင်ငံက စတားက ပါဝင် ယှဉ်ပြိုင်ထားပါတယ်..." ဟု အစချီကာ ကြေညာလိုက်သည်။

ဖြတ်သွားဖြတ်လာများကလည်း အစီအစဉ် တင်ဆက်သူ၏ ကြေညာသံကို ကြားသောအခါ လှပသော ဆုယောင်ကို လှမ်းကြည့်ပြီး ပြိုင်ပွဲကို စိတ်ဝင်တစား ရပ်ကြည့်လာကြတော့သည်။

ဝိုင်သောက်ထား၍ အနည်းငယ် မူးနေသော ဆုယောင်က စင်အောက်ရှိ လူအုပ်ကြီးနှင့် ဝိုင်း၍ ရိုက်ကူးနေကြသော ကင်မရာများကို မကြောက်တော့ပေ။

အစီအစဉ် တင်ဆက်သူကလည်း ဆုယောင်ကို အထူး စိတ်ဝင်စားနေရာ အခြား ပြိုင်ပွဲဝင်များကို အင်တာဗျူးပြီးနောက် ဆုယောင်၏ အရှေ့သို့ လာရပ်ကာ "ဒီနေ့ ပြိုင်ပွဲကို ဘာဟင်းပွဲချက်မယ်လို့ စဉ်းစားပြီး လာပြိုင်တာလဲ ဆု" ဟု မေးလိုက်သည်။

"ကျွန်တော်တို့ရဲ့ ပန်းသီးဝိုင်ကို အဓိကထား သုံးရမယ်ဆိုတာကို သိတယ်မလား" ဟု အစီအစဉ် တင်ဆက်သူက ထပ်သတိပေးလိုက်သည်။

ဆုယောင်က ခေါင်းကို မော့ကာ သူမ၏ ပူနွေးနေသော မျက်နှာကိုထိပြီး အသံကျယ်ကျယ်ဖြင့် ပန်းသီးဝိုင် ဝက်သုံးထပ်သား အကြွပ်ကြော် ဟုပြောလိုက်တော့သည်။

"အသားဟင်းလျာ ချက်မှာဆိုတော့ တကယ် အံ့ဩစရာပဲဗျာ" ဟု အစီအစဉ် တင်ဆက်သူက အံ့ဩပြီး
ထပြောလိုက်သည်။

ဆုယောင် : "ဟုတ်ကဲ့၊ ပန်းသီးဝိုင်နဲ့ ဝက်သုံးထပ်သား အကြွပ်ကြော်နဲ့က အရမ်းလိုက်တယ်။ ဝက်သားက အပြင်ပိုင်းမှာ ကြွပ်ရွပြီး အတွင်းသားက နူးနူးညံ့ညံ့လေးနဲ့ ပန်းသီးဝိုင် အနံ့က သင်းနေတာဆိုတော့ အရမ်းစားလို့ကောင်းတယ်"

အစီအစဉ် တင်ဆက်သူ : "ကျွန်တော်တို့ရဲ့ဆုကတော့ ယုံကြည်မှု အပြည့်ပဲဗျ။ ကဲဒါဆို နောက်ထပ် မိနစ် ခြောက်ဆယ်ကို မျှော်လင့်စောင့်စားကြရအောင်လားဗျာ"

ဆုယောင် : "ကျေးဇူးပါ။ ကျွန်မ အကောင်းဆုံး ကြိုးစားမှာပါ"

အစီအစဉ် တင်ဆက်သူ ထွက်သွားပြီးနောက် နာရိီလက်တံက မိနစ် ခြောက်ဆယ်မှ ငါးဆယ့် ကိုးမိနစ်သို့ စတင် ကူးပြောင်းလာတော့သည်။

ဆုယောင်က ရေခဲသေတ္တာဆီသို့ ပြေးသွားကာ ဝက်သုံးထပ်သားကို ထုတ်ယူလိုက်ပြီး အနံ့ခံလိုက်သောအခါ အနံ့ မရှိသဖြင့် ဆုယောင်က စိတ်အေး

သွားသည်။

အချိန်တိုအတွင်း ချက်ပြုတ်ရသည့်အပြင် အသုံးပြုရသည့် ပါဝင်ပစ္စည်းက လတ်လတ်ဆတ်ဆတ် မဟုတ်ဘဲ အေးခဲထားသဖြင့် မလွယ်ကူလှပေ။

ထို့အပြင် ဟင်းခတ်ပစ္စည်းများက ဂျာမန်နိုင်ငံသုံး ပစ္စည်းများသာ ရှိသဖြင့် ဆုယောင်က ထိုပစ္စည်းများကိုသာ အသုံးပြုပြီး ချက်ပြုတ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ဆုယောင် မိးဖိုရှိရာ နေရာသို့ ပြန်ရောက်လာသောအခါ သူမ အနီးတွင် ထိုင်နေသော အကဲဖြတ်ဒိုင်က "ဟေ့၊ အရှေ့တိုင်းက ကလေးမလေး...။ မင်းက ဝိုင်နဲ့ ဝက်သားကို အတူတူ ချက်မယ်‌ဆို ဟုတ်လား" ဟု လှမ်းမေးလိုက်သည်။

"ဟုတ်ကဲ့"

အကဲဖြတ်ဒိုင်က သူ၏ မုတ်ဆိတ်ဖြူကို ပွတ်လိုက်ကာ "ဟုတ်ပြီလေ။ ဒါဆို ဒီဟင်းပွဲက ငါ့ကို ခံတွင်း မပျက်စေဖို့ပဲ မျှော်လင့်ပါတယ်" ဟုပြန်ပြောလိုက်သည်။

ဆုယောင်က အကဲဖြတ်ဒိုင် ဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားလည်သွားပြီး "စိတ်မပူပါနဲ့။ ကျွန်မရဲ့ ဟင်းပွဲက အဲ့လို ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး" ဟု ပြုံးကာ ပြန်ပြောလိုက်၏။

"ဒါဆို ငါ မင်းရဲ့ လုပ်ဆောင်ချက်ကို မျှော်လင့်နေမယ်"

ထိုအခါ ဆုယောင်၏ မတင်မကျ ဖြစ်နေသော ရင်ထဲမှ အလုံးကြီးက ကျသွားတော့သည်။

အကယ်၍ နောက်ကွယ်တွင် လုပ်ဇာတ်ခင်းထားပါက အကဲဖြတ်ဒိုင်ဆိုသူမှာ ပြိုင်ပွဲဝင် တစ်ဦး တစ်ယောက်ကိုမှ စကားပြောလိမ့်မည် မဟုတ်ပေ။

သို့သော် ယခု ပြောဆိုလိုက်သော စကားများက ထိုကိစ္စမျိုး မရှိသည်ကို ပေါ်လွင်နေသဖြင့် ဆုယောင်က ဟင်းခတ် အမွှေးအကြိုင်များကို ထည့်ရင်း မျက်နှာက ပြုံးနေတော့သည်။


...…….................................
.........................................


အပိုင်း (၂၄) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now