Chapter 29

579 73 1
                                    

အပိုင်း(၂၉) ငါးဟင်းရည်


ဆုယောင်က အစားအသောက်နှင့် လူအများ၏ စိတ်ကို ဆွဲဆောင်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။

ဆုယောင်က ငယ်ရွယ်စဉ်အချိန်က အခြားကလေးများ ကစားနေသည့်အချိန်တွင် သူမ မိဘများ၏ စားသောက်ဆိုင်တွင်သာ ချက်ပြုတ်နည်းကို သင်ယူခဲ့ရပြီး မီးဖိုခန်း၌သာ လေ့ကျင့်ပြီး အချိန်ကုန်ခဲ့ရသည်။

ထို့အပြင် မိဘများ၏ အလုပ်ကို ကူလုပ်ပေးရပြီး မိဘများ ချက်ပြတ်နေသည်ကို ကြည့်ကာ ပန်းကန်များကို ပြင်ဆင်ပေးရသည်။

ဆုယောင်၏ အမေက သဘောကောင်းသဖြင့် ဆုယောင် မီးဖိုခန်းတွင်သာ အချိန်ကုန်ဆုံးနေရပြီး သူမတို့ မိဘများအတိုင်း အလုပ်လုပ်နေရသည်ကို သနားသွားကာ အိမ်သို့ စောစောပြန်ခိုင်းလိုက်သည်။

ထို့ကြောင့် ဆုယောင်က အိမ်သို့ပြန်ကာ
ပတ်ဝန်းကျင်ရှိ ကစားနေသော ကလေးများကို ကြည့်ပြီး ဝင်ကစားခွင့်ရရန် အကြံထုတ်ခဲ့၏။

ဆု‌ယောင်က ထိုကလေးများကို ဆွဲဆောင်ရန်အတွက် မုန့်များ လုပ်ကျွေးခဲ့သည်။

မုန့်မကြိုက်သည့် ကလေးဟူသည်မှာ ရှားပါးလှသဖြင့် ဆုယောင်၏ ကမ်းလှမ်းချက်ကို ကလေးများက သဘောတူခဲ့ကြသည်။

ဤသို့ဖြင့် ဆုယောင်က ကလေးဗိုလ် ဖြစ်လာကာ ကလေးများနှင့်အတူ ကစားခွင့်ရလာခဲ့၏။

ယခုလည်း ဆုယောင်က ထိုနည်းလမ်းကို အသုံးပြုကာ ရိုက်ကူးရေး အဖွဲ့သားများကို သူမဘက်ပါအောင် ဆွဲဆောင်လိုက်သည်။

"ဂေါ်ဖီသနပ် ငါးဟင်းရည်က ထမင်းနဲ့ စားရင် အရမ်းစားလို့ ကောင်းတယ်။ ဒါပေမယ့် အရိုးတော့ နည်းနည်းပါတယ်နော်။ ဆရာတို့က အမြဲတမ်း အချိန်ပိုဆင်းရပြီး ပင်ပင်ပန်းပန်း လုပ်ရတာ‌ဆိုတော့ ဒီငါးက ခန္ဓာကိုယ်ကို အားဖြည့်ပေးတယ်"

ဆုယောင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်ကာ ရိုက်ကူးရေး အဖွဲ့သားများကို လာဘ်ထိုးလိုက်သည်။

အကြောင်းမှာ လွန်ခဲ့သည့် နှစ်ရက်အတွင်း ရိုက်ကူးရေးအဖွဲ့သားများ စားရသည့် အစားအသောက်ကို တိတ်တဆိတ် လေ့လာခဲ့ရာ အနောက်တိုင်း အသင့်စား အစားအသောက်များကိုသာ စားနေရကြောင်းကို တွေ့လိုက်ရ၏။

ထို့ကြောင့် ယနေ့နေ့လည်တွင် ဆုယောင် ရိုက်ကူးရေး အဖွဲ့သားများကို အကင်ချောင်း ဝယ်ကျွေးခဲ့စဉ်က ထိုလူများက အပျော်လွန်ကာ မျက်ရည်များပင် ဝဲသွားကြသည်။

"ပေးပါ..."

တိတ်ဆိတ်နေသည့် ရိုက်ကူးရေးအဖွဲ့များကြားမှ အသံတိုးတိုးလေး ထွက်လာကာ အသက်ငယ်ငယ် ကောင်လေးမှ "အလကား ကျွေးတာလားဟင်" ဟုအသံတိုးတိုးဖြင့် ဆုယောင်ကို မေးလိုက်သည်။

"ဒါပေါ့ အလကား ကျွေးတာပေါ့။ ဒီတောအတွင်း ဆရာတို့က ကျွန်မတို့နဲ့ တစ်နေ့လုံး တစ်ညလုံးအလုပ်လုပ်နေရတာဆိုတော့ အရမ်းပင်ပန်းနေမှာပဲလေ။ ဆရာတို့ ကျွန်မတို့ကို ပုံထွက်ကောင်းအောင် ရိုက်ပေးဖို့ပဲ မျှော်လင့်ပါတယ်" ဟု ဆုယောင်က ပြုံးပြီး ပြောလိုက်သည်။

"ဒါဆို ကျေးဇူးပဲနော်၊ အစ်မ ဆုယောင်"

ပီဒီကောင်လေးက ဆုယောင်၏ လက်ထဲမှ ငါးဟင်းရည်ကို ခပ်မြန်မြန်ယူကာ "ဒါဆို ကျွန်တော်တို့ ညစာ အရင်သွားစားလိုက်ဦးမယ်။ ပြီးမှ ပြန်လာခဲ့မယ်နော်" ဟု ပြောလိုက်သည်။

....

ခဏအကြာတွင် စုန့်ရန်က ဆေးထားသော အသီးအရွက်များနှင့်အတူ ပြန်ရောက်လာခဲ့သည်။

"ပင်ပန်းသွားပြီ ခေါင်းဆောင်"

ဆုယောင်က အသီးအရွက်များကို လှမ်းယူလိုက်ကာ စုန့်ရန်ကို ထိုသို့ ပြောလိုက်သည်။

စုန့်ရန်ကမူ ဟင်းရည်အိုးကိုသာ စိတ်အားထက်သန်စွာ ကြည့်နေပြီး ရပါတယ် ဟူသော သဘောဖြင့် လက်ကာပြလိုက်၏။

ဆုယောင်က စုန့်ရန်ကို ကြည့်ပြီး စိတ်ထဲမှ ပြုံးလိုက်ကာ အသီးအရွက်များကို အိုးထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။

ဆုယောင်က အကုန်လုံးကို တစ်ခါတည်း ရောမထည့်ဘဲ တစ်မျိုးချင်းဆီကို အချိန်ခြားကာ ထည့်လိုက်သည်။

အရင်ဆုံး ပဲပင်ပေါက်ကို ထည့်ပြီး တို့ဖူးခြောက်နှင့် အစိမ်းရောင် အရွက်များကို နောက်ဆုံးမှ ထည့်လိုက်သည်။

ထွက်လာသော ဟင်းရည်မှာ အလွန်လှပနေ၏။

ထိုအချိန်တွင် ငါးအရိုးပြုတ် ဟင်းရည်က အဖြူရောင်သို့ ပြောင်းနေပြီ ဖြစ်ရာ ဆီပူထိုးထားသော ဂေါ်ဖီသနပ်များက ဟင်းရည်ပေါ်တွင် ဝေ့ဝဲကာ လှပနေတော့သည်။

အသီးအရွက်များ ထည့်လိုက်ချိန်တွင် ဂေါ်ဖီသနပ်များက မြုပ်သွားသော်လည်း ခဏကြာသောအခါ ပြန်ပေါ်လာပြီး ဟင်းရည်က ဆူပွက်လာတော့သည်။

ဆုယောင်က အချိန်ကျလာပြီ ဖြစ်သဖြင့် ပါးလှပ်စွာ လှီးထားသော ငါးအသားလွှာများကို တူဖြင့် တစ်ခုချင်း အိုးထဲသို့ ထည့်လိုက်၏။

မိနစ်အနည်းငယ် ကြာသောအခါ ငါးအသားလွှာများက အကြည်ရောင်မှ အဖြူရောင်သို့ ပြောင်းသွားတော့သည်။

ထို့နောက် အဖြူရောင် ငါးအသားလွှာများက ပန်းပွင့်ကဲ့သို့ အိုးထဲတွင် တွန့်လိမ်လှပစွာ ဖူးပွင့်နေတော့သည်။

ဆုယောင်က နောက်ဆုံးအနေဖြင့် လှီးထားသော ကြက်သွန်မြိတ်များကို အိုးထဲသို့ ထည့်ဖြူးလိုက်ရာ ငါးဟင်းရည် ဟင်းပွဲမှာ လုံးဝ ပြီးပြည့်စုံသွားတော့သည်။

စုန့်ရန်က ငါးဟင်းရည်ကို ကြည့်ပြီး "ပန်းကန်ယူလိုက်တော့မယ်" ဟု ပြောကာ ပန်းကန်လုံးနှင့် တူကို လှမ်းယူလိုက်သည်။

"ခဏနေပါဦး။ လုပ်စရာလေး ကျန်သေးတယ်" ဟုဆုယောင်က ပြောပြီး ဆီပူကို ငါးဟင်းရည်ထဲသို့ လောင်းထည့်လိုက်သည်။

ဆုယောင်က ငါးဟင်းရည်ထဲတွင် ငရုတ်သီးသနပ်များကိုပါ ထည့်ထားသဖြင့် အရသာ မကောင်းမည်ကို မစိုးရိမ်ရပေ။

သို့သော် ဆီထည့်ထားသဖြင့် အခြားသူများ မစားမည်ကို အနည်းငယ် စိုးရိမ်နေမိသည်။

"ကျွန်တော့်ကို ထပ်‌ထည့်ပေးလို့ ရဦးမလား အစ်မဆုယောင်"

စုန့်ရန်က ငါးအသားလွှာကို ယူမြည်းပြီး ကျေနပ် သဘောကျနေချိန်၌ ပီဒီကောင်လေးက ရောက်လာကာ ဆု‌ယောင်ထံမှ ငါးဟင်းရည်ကို ထပ်တောင်း
လိုက်သည်။

စုန့်ရန်က ဆုယောင် ငါးဟင်းရည်ကို ပန်းကန်လုံးထဲခပ်ထည့်ပေးနေသည်ကို ကြည့်လိုက်ပြီး သူတို့ မစားရသေးခင် အခြားသူများကို အရင်ကျွေးနေသဖြင့် အံ့ဩသွားတော့သည်။

"လူက အများကြီးကို တစ်ပန်းကန်ထဲနဲ့ လောက်ရဲ့လား"

"လောက်တယ် အစ်မ ဆုယောင်။ ကျေးဇူးပဲနော်"

ပီဒီကောင်လေးက ဆုယောင်တို့ကို အားနာသဖြင့် ထပ်ခါတလဲလဲ ငြင်းနေတော့သည်။

သို့သော် ဆုယောင်က ပန်းကန်လုံး အပြည့် ထည့်ပေးလိုက်သဖြင့် ပီဒီကောင်လေးက ကျေးဇူးတင်သွားကာ "အစ်မ ဆုယောင်က အရမ်းသဘောကောင်းတာပဲ။ ကျေးဇူးပါဗျာ" ဟု ပြောပြီး ထွက်သွားတော့သည်။

ထို့နောက် ပီဒီကောင်လေးက လုပ်ဖော်ကိုင်ဖက်များ
ကိုပါ ခေါ်ကာ အတူတူ စားလိုက်ကြသည်။

ရိုက်ကူးရေး အဖွဲ့သားများ၏ ပုံစံကို ကြည့်ကာ စုန့်ရန်က ဆုယောင်၏ အကြံအစည်ကို အနည်းငယ် ရိပ်မိသွားသည်။

ထို့ကြောင့် ဆုယောင် အနားသို့ ကပ်ကာ "ပိုက်ကွန်ချလိုက်တာလား" ဟု မေးလိုက်သည်။

"ဟင်"

ဆုယောင်က ပါးစပ်ကို လက်ဖြင့် ပိတ်ကာ အံ့ဩသွားသဖြင့် စုန့်ရန်က ပြုံးလိုက်သည်။

ထို့နောက် စုန့်ရန်က ဘာကိုမှ မသိလိုက်သည့် ပုံစံမျိုး ဟန်ဆောင်ကာ ငါးဟင်းရည်အိုးကို သယ်ပြီး ကားထဲသို့ ဝင်သွားတော့သည်။

....

ငါးဟင်းရည်က စားပွဲပေါ်သို့ ရောက်သွားသောအခါ ဝမ်ယုက စိတ်သက်သာရ ရလာခဲ့သည်။

ဝမ်ယုက နီရဲနေသော မျက်လုံးများကို ပွတ်လိုက်ပြီး ငါးဟင်းရည်ကို ကြည့်လိုက်ကာ "ငါးက အကြီးကြီးကို ဒီလောက်လေးပဲ ရတာလား။ အသားတွေပဲ ကျုံ့တတ်တာ မဟုတ်ဘဲ ငါးပါ ကျုံ့တတ်တာလား" ဟုအံ့ဩစွာ မေးလိုက်သည်။

"အများကြီး ရတယ်။ ဒါပေမယ့် ပီဒီတွေကို ခွဲပေးလိုက်လို့ နည်းသွားတာ။ သူတို့လည်း အလုပ်ပင်ပန်းနေကြလို့လေ"

ဆုယောင်က ရှင်းပြလိုက်သဖြင့် ဝမ်ယုက ဘာမှမပြောတော့ဘဲ တူကို ကိုင်ကာ စစားတော့သည်။

ညစာ မစားတော့ဘူးဟု ပြောထားကြသော လူများကလည်း တူကိုကိုင်ကာ စစားကြတော့သည်။

အထူးသဖြင့် ဂျီအန်းဝမ်က အခြားသူများ မစားကြသော ငရုတ်သီးသနပ်ကို ယူစားက ကြိုက်နေတော့သည်။

ဂျီအန်းဝမ်က ငရုတ်သီးကို ကိုက်ပြီး ဇွန်းအပြည့်
ဟင်းရည် ခတ်သောက်ကာ ထမင်းဖြင့် တွဲစားရင်း ခေါင်းမဖော်တော့ပေ။

ထိုအခါ "အစ်ကို အန်းဝမ်၊ ငရုတ်သီးတွေ စားနေတာ လည်ချောင်း ထိမှာ မကြောက်ဘူးလား" ဟု လင်းရန်ချီက စိတ်ပူပြီး လှမ်းမေးလိုက်သည်။

အဖွဲ့သားများထဲတွင် သူနှင့် ဂျီအန်းဝမ်တို့ နှစ်ယောက်က အဆိုတော်များ ဖြစ်ကြသဖြင့် အသံနှင့် ပတ်သက်ပြီး ဂရုစိုက်ကြရသည်။

လင်းရန်ချီက အိုင်ဒေါ ဖြစ်သဖြင့် စင်ပေါ်တွင် ကခုန်နေရသည်က များရာ သီချင်း သိပ်ဆိုရန် မလိုအပ်သော်လည်း ဂျီအန်းဝမ်ကမူ အဆိုတော်စစ်စစ် ဖြစ်သဖြင့် အထူး ဂရုစိုက်ရမည် ဖြစ်သည်။

ထိုအခါ ဂျီအန်းဝမ်၏ အစားစားနှုန်းက နှေးသွားပြီး "စိတ်ပူပေးလို့ ကျေးဇူးပဲ ရန်ချီ။ ငါငယ်ငယ်လေးကတည်းက ဒီလိုပဲ စားလာတာဆိုတော့ အသံကို ဂရုစိုက်ရမှာ မေ့သွားတယ်" ဟု ပြန်ပြောလိုက်သည်။

ဂျီအန်းဝမ်က ထိုသို့ပြောပြီးနောက် ငရုတ်သီးသနပ်ကို ထပ်မထိတော့ဘဲ ငါးကိုသာ ပြောင်းစားလိုက်
၏။

ငါးအသားလွှာက နူးညံ့လတ်ဆတ်နေပြီး အငံအရသာ ဝင်နေသည့် ဂေါ်ဖီသနပ်နှင့် တွဲစားလိုက်ပါက အလွန်ပင် စားကောင်းနေတော့သည်။

"ဒီနေ့ ချက်တဲ့ ဟင်းက အရမ်းစားကောင်းတာပဲ ဆုယောင်"

ဂျီအန်းဝမ်က နှစ်ရက်အတွင်း ဆုယောင်ကို ဦးဦးဖျားဖျား ချီးမွမ်းလိုက်ခြင်း ဖြစ်သည်။

ဆုယောင်၏ ဟင်းပွဲက အိမ်၏ အငွေ့အသက်များကို ခံစားနေရပြီး ဂျီအန်းဝမ် အိမ်လက်ရာ မစားရသည်မှာ နှစ်အနည်းငယ် ကြာနေပြီ ဖြစ်သဖြင့် အိမ်ကို လွမ်းဆွတ်မိသွားတော့သည်။

"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို အန်းဝမ်။ ပြီးတော့ ကျွန်မ အစ်ကို အန်းဝမ်ရဲ့ အယ်လ်ဘမ် အသစ်ကို ကြိုက်ပါတယ်။ သီချင်းက နားထောင်လို့ ကောင်းပြီး မငြီးငွေ့သွားစေဘူး။ အစ်ကို အန်းဝမ် အသစ်ထပ်ထုတ်မယ်ဆိုရင် ကျွန်မ ဝယ်ပြီး
နားထောင်မယ်"

ဆုယောင်၏ စကားကြောင့် ဂျီအန်းဝမ် အပါအဝင် အားလုံးက အံ့ဩသွားကြသည်။

အကြောင်းမှာ အရင် ဆုယောင်က အင်တာဗျူးတစ်ခုတွင် ဂျိီအန်းဝမ်၏ အယ်လ်ဘမ် အသစ်နှင့် ပတ်သက်ပြီး ဝေဖန်ခဲ့သောကြောင့် ဖြစ်၏။

ထိုကိစ္စကို ဆုယောင်က အားလုံးမေ့နေသည့် အချိန်မှ ထတောင်းပန်လိုက်ခြင်း ဖြစ်သဖြင့် အံ့ဩသွားကြခြင်း ဖြစ်သည်။

"ဆုယောင်က တောင်းပန်နေတာလား"

ဂျီအန်းဝမ်က အံ့ဩသွားသဖြင့် ခေါင်းမော့ကြည့်လိုက်သောအခါ ဆုယောင်နှင့် မျက်လုံးချင်း ဆုံသွားပြီး ဆုယောင်၏ လှပသော မျက်နှာနှင့် ရိုးသားပြီး တောင်းပန်ချင်စိတ် အပြည့်ဖြစ်နေသည့် မျက်လုံးများကို တွေ့လိုက်ရသည်။

နှာခေါင်းထဲတွင်လည်း ငါးဟင်းရည်အနံ့က လွှမ်းမိုး
နေရာ ဂျီအန်းဝမ်က သူ၏ အရှေ့တွင် ရှိနေသော ဆုယောင်က အသက် (၂၁) နှစ်သာ ရှိသေးသော မိန်းကလေးငယ်လေး ဖြစ်ကြောင်းကို သတိရသွား၏။

ထိုမိန်းကလေးက ခရီးစဉ်အတွင်း အားလုံး၏ အကြိုက်များကို ဂရုစိုက်ပေးနေရပြီး (၂၇) နှစ် ရှိနေပြီဖြစ်သည့် သူက အရင်က ကိစ္စများအပေါ်တွင်အငြိုးထားနေမိသဖြင့် ရှက်သွားတော့သည်။

ထို့ကြောင့် ခေါင်းကို ပြန်ငုံ့ကာ စားလိုက်ပြီး "ပြီးခဲ့တာတွေ ပြီးပါစေတော့။ လက်ရှိမှာပဲ ကောင်းအောင် နေကြတာပေါ့" ဟု ပြောလိုက်၏။

ဂျီအန်းဝမ်၏ စကားကြောင့် အားလုံးက စိတ်အေးသွားကာ ဆုယောင်ကို မျက်လုံးမှိတ်ပြလိုက်ကြသည်။

ဆုယောင်ကလည်း ဂျီအန်းဝမ်၏ စကားကြောင့် ပျော်ရွှင်သွားကာ ဂျီအန်းဝမ်နှင့် ဖုန်းနံပါတ် အပြန်အလှန် လဲထားလိုက်၏။

ခရီးသွားဗန်ကားထဲတွင် အဖွဲ့သားများ အားလုံးကရယ်မောပျော်ရွှင်စွာ စားသောက်နေကြပြီး ထိုအချိန်တွင် မှန်အကြည်ရောင် ကားပြတင်းပေါက်ကို တစ်စုံ‌တစ်ယောက်က လာခေါက်သည့် အသံကို ကြားလိုက်ရသည်။

အားလုံးက လှည့်ကြည့်လိုက်သောအခါ ဒါရိုက်တာ ကွမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဒါရိုက်တာ ကွမ်က ပြုံးပြကာ "ညစာစားပွဲက ပျော်စရာကြီးပါလား။ ဆုယောင်နဲ့ စုန့်ရန် စားပြီးရင် ခဏလာခဲ့ကြနော်။ ပြောစရာရှိလို့" ဟု ပြောလိုက်သည်။

ဝမ်ယုက ဒါရိုက်တာ ကွမ်ကို တစ်ချက်လှည့်ကြည့်ကာ မျက်နှာတည်တည်ဖြင့် နေပြီး ပြန်လှည့်သွားတော့၏။

ဆုယောင်နှင့် စုန့်ရန်တို့ကမူ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး အနည်းငယ် ပြုံးလိုက်ကြသည်။

အကြောင်းမှာ ငါးစာချရန်ပင် မလိုတော့ဘဲ ငါး
ကိုယ်တိုင် ပိုက်ကွန်ထဲသို့ ဝင်တိုးလာပြီ ဖြစ်သောကြောင့် ဖြစ်လေ၏။


...…….................................
.........................................


အပိုင်း (၂၉) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now