Chapter 36

413 49 0
                                    

အပိုင်း (၃၆) ဝက်ခြေထောက်အစပ်

ထို့အပြင် ရင်းနှီးနေသော ရေပုံး တစ်ပုံးက သူမ၏ အိပ်ယာ ဘေးတွင် ရှိနေပြီး ရေပုံးထဲတွင် ငါး နှစ်ကောင် ရှိနေခဲ့သည်။
"နိုးပြီလား ဆုယောင်။ ငါ အစ်မ မန်လင်း နိုးလာတာကို စောင့်နေရင်းနဲ့ အခုပဲ ရေချိုးပြီးတာ"
ဝမ်ယုက မျက်နှာကို ခရင် လိမ်းနေရင်းဖြင့် ထိုသို့ ပြောလိုက်သည်။

ဆုယောင်က မျက်လုံးကို ပွတ်ပြီး "ငါ့ကို နင်နဲ့ အစ်မ
မန်လင်း ပြန်ခေါ်လာပေးတာလား။ ကျေးဇူးပဲနော်" ဟု ပြောလိုက်သည်။

"မဟုတ်ဘူး။ ငါတို့ ခေါ်လာပေးတာ မဟုတ်ဘူး။ ခေါင်းဆောင် ခေါ်လာပေးတာ။ ပြီးတော့ ခေါင်းဆောင်က ငါးဖမ်းပေးထားသေးတယ်။ တော်တော် ရယ်ရတယ် သိလား။ ခေါင်းဆောင်က အကြာကြီး ငါးမျှားပြီးမှ ငါးသေးသေးလေး နှစ်ကောင်ပဲ ဖမ်းမိခဲ့တယ်။ သူများတွေက ငါး အကြီးကြီးတွေ ဖမ်းမိလာတဲ့ အချိန်မှာ သူက သေးသေးလေး နှစ်ကောင်ပဲ ဖမ်းမိလာတယ်၊ ဟဟ" ဟု ဝမ်ယုက ရယ်မောပြီး ပြောဆိုလိုက်သည်။

ဆုယောင်က အတန်ကြာ တိတ်ဆိတ်သွားပြီးမှ ခေါင်းကို ကုတ်ကာ "ခေါင်းဆောင် ခေါ်လာပေးတာလား" ဟု ထပ်မေးလိုက်သည်။
"အင်းလေ။ ခေါင်းဆောင်က အရမ်း သတ္တိရှိတာပဲ။ သူများတွေဆို နင်နဲ့ ကောလဟာလ ထွက်မှာစိုးလို့ သိပ်မလှုပ်ရှားကြဘူး။ ဒါပေမယ့် ခေါင်းဆောင်ကတော့ အနုပညာ အသိုင်းအဝိုင်းက မဟုတ်လို့ မကြောက်တာ ထင်တယ်" ဟု ဝမ်ယုက မနာလို အားကျသည့် လေသံဖြင့် ပြောလိုက်သည်။

ဆုယောင်က ရင်ထဲတွင် နွေးထွေးသွားသဖြင့် ပြုံးပြကာ ထပ်မပြောတော့ပေ။

အားလုံးက နေမြင့်သည်အထိ အိပ်လိုက်ကြပြီး ပထမဆုံး လုပ်ကြသည့် အရာမှာ ပိုက်ဆံ ရေတွက်ခြင်း အလုပ် ဖြစ်၏။
"ပိုက်ဆံတွေ မြန်မြန် ထုတ်လိုက်ပါဦး ခေါင်းဆောင်။ အတူတူ ရေလို့ ရအောင်လို့" ဟု လင်းရန်ချီက စုန့်ရန်၏ ကျောပိုးအိတ်ကို ပျော်ရွှင်စွာ ကြည့်ပြီး ပြောလိုက်သည်။

အားလုံးကလည်း ဤသည်ကိုပဲ မျှော်လင့်နေကြ၏။
ချောင်မန်လင်းက ဖြည်းဖြည်းချင်း ရေတွက်လိုက်ရာ နောက်ဆုံးတွင် "ဝိုး...ငါတို့ ညက ရှာခဲ့တာ (၄၅၀၀) ယူရိုတောင်မှလား" ဟု အံ့ဩတကြီး ထအော်လိုက်သည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now