အပိုင်း (၃၈) ဝက်ခြေထောက် အစပ်
စားသောက်ဆိုင်ထဲတွင် စားပွဲထိုးမှ ဝက်ခြေထောက် ဟင်းပွဲကို လာချသောအခါ ဆုယောင်က ဝက်ခြေထောက်ကို နူးညံ့ပြီး စေးကပ်နေမည်ဟု ထင်ထားခဲ့သည်။
ပါးစပ်ထဲသို့ ထည့်လိုက်ရုံဖြင့် ပျော်ဝင်သွားမည်ဟု ထင်ထားခဲ့၏။
သို့သော် မီနူးတွင် ဝက်ခြေထောက် အစပ်ဟင်းဟု ရေးထားသော်လည်း အမှန်တကယ် ချက်ထားသော အသားမှာ ဝက် ခြေသလုံးသား ဖြစ်နေခဲ့သည်။
တရုတ်နိုင်ငံတွင် ဝက်ခြေထောက်သားနှင့် ဝက် ခြေသလုံးသားမှာ ကွာခြားလှသည်။
ဝက်ခြေထောက်သားမှာ ဝက်၏ ခြေထောက်အသားဖြစ်ပြီး ဝက် ခြေသလုံးသားမှာ ခြေထောက် အပေါ်ဘက် အသား ဖြစ်သည်။ဝက်ခြေထောက် အသားထဲတွင် ကိုလာဂျင် အပြည့်
ပါဝင်ပြီး ချက်စားလျှင်သော် လည်းကောင်း၊ နှပ်စားလျှင်သော် လည်းကောင်း အလွန် စားကောင်းလှ၏။ဝက် ခြေသလုံးသားက မာကျောပြီး စား၍ သိပ်မကောင်းပေ။
အစားအသောက် ယဉ်ကျေးမှု မတူညီသောကြောင့် နိုင်ငံခြားသားများက ဝက်ခြေထောက် မစားကြဘဲ ဝက်ခြေသလုံးသားကိုသာ စားကြသည်။
သို့သော် တရုတ် လူမျိုးများကမူ ဝက်ခြေထောက်ကိုသာ အကြိုက်ဆုံး ဖြစ်၏။
အချိန်ကား နောက်ကျနေပြီ ဖြစ်သဖြင့် စူပါမားကတ် အတော်များများ ပိတ်နေပြီ ဖြစ်ရာ ဆုယောင်က စုန့်ရန် ခေါ်သွားသော နေရာသို့သာ လိုက်သွားခဲ့သည်။
ဝက်ခြေထောက် ရွေးသောအခါ စုန့်ရန်က ကုန်းပြီး ဝက်ခြေထောက် သုံးချောင်းကို ယူလိုက်ကာ ဆုယောင်ကို လောက်၊ မလောက် လှမ်းမေးလိုက်သည်။
ဆုယောင်က လှမ်းကြည့်ပြီး ခေါင်းခါကာ "ခုနှစ်ယောက်စာ ဆိုတော့ မလောက်သေးဘူး" ဟု ပြောလိုက်၏။
ပုံမှန်ဆိုလျှင် လူ ခုနှစ်ယောက်ကို ဝက်ခြေထောက် သုံးချောင်းဖြင့် လောက်ငှသော်လည်း ဆုယောင်က ဝက်ခြေထောက်ကို ကြိုက်သဖြင့် ပိုပိုသာသာ ဝယ်ယူလိုက်သည်။
စုန့်ရန်ကလည်း အားပေး ထောက်ခံကာ ဝက်ခြေထောက် ခြောက်ချောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ဝယ်ပြီး မားကတ်မှ ပြန်ထွက်လာခဲ့ကြ၏။