Chapter 25

629 80 0
                                    

အပိုင်း(၂၅) ပန်းသီးဝိုင် ဝက်သုံးထပ်သား အကြွပ်ကြော်


ပြိုင်ပွဲ စတင်၍ မကြာမီတွင် ဆုယောင်က အကဲဖြတ်ဒိုင် သူမ၏ ဟင်းပွဲကို အံ့ဩနေသည့် အကြောင်းရင်းကို နားလည်သွားတော့သည်။

အကြောင်းမှာ ပြိုင်ပွဲဝင် အများစုက ပန်းသီးမုန့်ကိုသာ ပြုလုပ်နေကြသောကြောင့် ဖြစ်၏။

ဟိုနေရာ၊ ဒီနေရာမှ သကြား ကျိုနေသဖြင့် စင်မြင့်ပေါ်တွင် အချိုနံ့များ ပျံ့နှံ့နေတော့သည်။

ဆုယောင်၏ ဘေးတွင် ရှိသော ပြိုင်ပွဲဝင် နှစ်ယောက်လုံးက ပန်းသီးမုန့်ကို လုပ်နေကြသဖြင့် ဆုယောင်က အချို အနံ့နှင့် ပန်းသီးဝိုင် အနံ့များ ရနေကာ မျက်နှာ အပူချိန်မှာလည်း ပို၍ မြင့်တက်လာတော့သည်။

သို့သော် ပြိုင်ပွဲဝင်တိုင်းက လုပ်နည်း မတူကြဘဲ အချို့က အချိုများများ၊ အချို့က ဆော့စ်နည်းနည်းဖြင့် ပန်းသီးမုန့်ကို ပြုလုပ်နေကြ၏။

အထူးသဖြင့် ဆုယောင်၏ ညာဘက် ဘေးရှိ ပြိုင်ပွဲဝင်က အချို အများဆုံး ဖြစ်သည်။

ထိုပြိုင်ပွဲဝင်က ပန်းသီးဝိုင်များ အငွေ့ပျံလုနီးပါး အချိန်တွင် သကြားများကို အမြောက်အမြား ထည့်ပြီး မွှေလိုက်သည်ကို ကြည့်ပြီး ဆုယောင်က အသည်းယားသွားတော့သည်။

ထိုအခါ ထိုပြိုင်ပွဲဝင်က ဆုယောင် ကြည့်နေသည်ကို သတိထားမိသွားပြီး "ဒီပန်းသီးမုန့် လုပ်နည်းကို ကျွန်တော့်ရဲ့ အဘွားဆီက သင်ထားတာ။ အရမ်းစားကောင်းတယ်ဆိုတာ အာမခံတယ်။ တစ်ကိုက်ကိုက်လိုက်တာနဲ့ ချိုပြီး နူးညံ့တဲ့ အရသာကြောင့် လူတိုင်း ကြိုက်ကြမှာ သေချာတယ်။ ဖုတ်ပြီးလို့ ရရင် ကျွန်တော် မင်းကို အရင်ဆုံး မြည်းကြည့်ခိုင်းမယ်" ဟု ပြုံးကာ ပြောလိုက်သည်။

ဆုယောင်က ခေါင်းကို ခါယမ်းပြီး "ရပါတယ်။ မလိုပါဘူး" ဟု ငြင်းလိုက်၏။

သို့သော် ပြိုင်ပွဲဝင်က "အားမနာပါနဲ့။ ပိုလုပ်လိုက်
မယ်" ဟု ပြောလိုက်သဖြင့် ဆုယောင်မှာ စိတ်ညစ်သွားတော့သည်။

တစ်ဖက်တွင်လည်း ဆုယောင်က အချိုမုန့်များကို မြည်းနေရသည့် အကဲဖြတ်ဒိုင်ကို ဆီချိုရောဂါ ခံစားရမည်ကို စိုးရိမ်ပြီး သနားသွားတော့သည်။

ထို့နောက် ဆုယောင်က အာရုံကို ပြန်စုစည်းကာ သူမ၏ ဟင်းလျာကို စတင်ပြင်ဆင်လိုက်သည်။

ပွဲစီစဉ်သူက မီးဖိုအောက်တွင် အကင်စက်များကိုပါ ထားရှိပေးထားသည်။

ပန်းသီးမုန့် လုပ်သူများက အကင်စက်ကို လိုအပ်ကြပြီး အချိန် အနည်းငယ်ဖြင့်သာ ချက်ပြုတ်ရသော ဆုယောင်ကလည်း အကင်စက်ကို လိုအပ်နေသည်။

မိနစ် အနည်းအကြာတွင် ပြုတ်ထားသော ဝက်သားက ရသွားပြီး အိုးထဲမှ ဆယ်ထုတ်လိုက်‌သောအခါ နယ်ဖတ်ထားသော အရောင်များ ပျောက်ကွယ်ကာ ဝက်သားက ဖြူလျော့လျော့ ဖြစ်နေခဲ့သည်။

အိုးအဖုံးကို ဖွင့်လိုက်သည့် အချိန်တွင် အသားနှင့် ဟင်းခတ် အမွှေးအကြိုင်များ၏ ရနံ့များက ပန်းသီးဝိုင်အနံ့များနှင့်အတူ ရောနှောကာ လေထဲတွင် ပျံ့လွင့်သွားတော့၏။

ဆုယောင်က ဆက်လက်၍ အနှစ်ရည် ပြုလုပ်နေသည့် အချိန်၌ အစီအစဉ် တင်ဆက်သူက အပြေးအလွှား ရောက်လာကာ "ဝိုး...အသားနဲ့ ဝိုင်ရဲ့ အနံ့က မွှေးနေတာပဲ။ နှာခေါင်းထဲမှာ...."

"ဟေ့"

အစီအစဉ် တင်ဆက်သူ၏ စကား မဆုံးခင်၌ ညာဘက်ဘေးနားမှ ပြိုင်ပွဲဝင်က ဖြတ်ပြောကာ "သူဝိုင်မသုံးရသေးဘူး။ ဝိုင် သုံးထားတာ ကျွန်တော်။ ကျွန်တော့်ဆီ လာခဲ့လေ" ဟု ရယ်ကျဲကျဲဖြင့်ပြောလိုက်သည်။

ထို့ကြောင့် စင်အောက်မှ ပရိသတ်များက ထရယ်လိုက်ကြသဖြင့် အစီအစဉ် တင်ဆက်သူက ရှက်သွားကာ "ဒီနေ့ အနံ့တွေ ရတာ အရမ်းများသွားလို့ မှားသွားတာ ဆောရီးပါဗျာ" ဟု ရှက်ဖြီး ဖြီး၍ အခြားသူများဆီ လျှောက်သွားတော့သည်။

တစ်ယောက်မှ စကားလာမပြောကြသောအခါ ဆုယောင်က သူမ၏ ဟင်းပွဲ ချက်ပြုတ်ရာတွင် ပို၍ မြန်ဆန်လာခဲ့သည်။

ဆုယောင်က ပြုတ်ထားသော ဝက်သုံးထပ်သားကို လေးထောင့်ပုံစံ လှီးကာ ပိုနေသည့် အသားများကို လှီးထုတ်လိုက်သည်။

ထို့နောက် ခက်ရင်းကို သုံးပြီး ဝက်သုံးထပ်သားကို အပေါက်ငယ်များ ဖြစ်အောင် ထိုးဆွလိုက်သည်။

ပြီးလျှင် စပ်ထားသော အနှစ်ရည်ဖြင့် အသားကို နယ်နှပ်လိုက်သည်။

မိနစ်နှစ်ဆယ် ကြာပြီးနောက် ဆုယောင်က နှပ်ထားသော ဝက်သားကို ထုတ်ယူကာ ခဲပတ်တစ်ခုဖြင့် ပတ်ပြီး အကင်စက်ထဲသို့ ထည့်လိုက်သည်။

ခဲပတ် မပတ်ခင်တွင်လည်း အသား ကြွပ်ရွစေသည့် အရေးအကြီးဆုံး လျှို့ဝှက်ချက် ဖြစ်သော ရှာလကာရည် အဖြူနှင့် ပင်လယ်ဆားကို ဝက်သား၏ အပေါ်မှ အသေအချာ အုပ်လိုက်သည်။

ထို့နောက် ကြိုတင် အပူပေးထားသော အကင်စက်ကို ဖွင့်ကာ ခဲပတ် ပတ်ထားသော ဝက်သားကို ထည့်လိုက်တော့သည်။

ဝက်သားကင်နေသည့် အချိန်တွင် ဆုယောင်က ပရိသတ်ထံ တစ်ချက် လှမ်းကြည့်လိုက်ရာ သူမကို ကြည့်နေသော စုန့်ရန်ကို ပထမဆုံး လှမ်းတွေ့လိုက်ရသည်။

စုန့်ရန်က သူမနှင့် မျက်လုံးချင်း ဆုံသွားသောအခါ အကြည့်လွှဲသွားသဖြင့် ဆုယောင်က "သူ ငါ့ကို စိတ်ဆိုးနေပြန်ပြီလား" ဟု တွေးကာ ဟင်းပွဲကိုသာ ဆက်ပြင်ဆင်နေလိုက်၏။

ထို့နောက် ဝက်သားကျက်မည့် အချိန်ကို စောင့်နေသည့် အချိန်၌ ဆုယောင်က ပန်းသီးများကို လှီးကာ ပန်းသီးမုန့် လုပ်ရန် ပြင်ဆင်လိုက်သည်။

ဤသည်ကို အစီအစဉ်တင်ဆက်သူက မြင်သွားသဖြင့် "ဟင်းပွဲ ပြောင်းမလို့လား ဆု" ဟု အံ့ဩတ
ကြီး မေးမြန်းလိုက်သည်။

"မဟုတ်ပါဘူး။ အချိန် အားနေလို့ လုပ်လိုက်တာ" ဟု ဆုယောင်က ပြန်ဖြေလိုက်သဖြင့် အစီအစဉ်တင်ဆက်သူနှင့် ပရိသတ်များပါ အံ့ဩသွားတော့သည်။

သတ်မှတ်ထားသော အချိန်ရောက်လာသောအခါ အကင်စက်မှ အသံမြည်လာသဖြင့် ဆုယောင်က ကင်ထားသော ဝက်သားကို ထုတ်ကာ ပင်လယ်ဆားကို ဖယ်ထုတ်လိုက်ပြီး အထဲမှ ဝက်သားကို ထုတ်ယူလိုက်သည်။

ထို့နောက် ဝက်သားကို ပန်းသီးဝိုင် သုတ်ကာ အကင်စက်ထဲသို့ နောက်တစ်ကြိမ် ပြန်ထည့်ပြီး ပန်းသီးမုန့်ကိုပါ အတူထည့်လိုက်၍ အချိန် သတ်မှတ်လိုက်သည်။

အချိန်မှာလည်း ကုန်ဆုံးလာပြီ ဖြစ်သဖြင့် နောက်ဆုံး ငါးမိနစ် ကျန်သည့်အချိန်တွင် အခြားပြိုင်ပွဲဝင်များက ပြင်ဆင် ပြီးမြောက်သွားပြီ ဖြစ်သဖြင့် တစ်ယောက်ပြီး တစ်ယောက် အကဲဖြတ်ဒိုင်ရှေ့သို့ သွားကာ မြည်းစမ်းခိုင်းလိုက်ကြ၏။

ဆုယောင်ကမူ မီးအေးအေးဖြင့် ဆော့စ်ကို တည်နေတုန်းဖြစ်ပြီး အလျင်စလို မပြုလုပ်ပေ။

ဤသည်ကို ကြည့်နေသော ချောင်မန်လင်းက စိတ်မအေး ဖြစ်လာကာ "ဆုယောင်ရေ၊ အချိန်ကို ကြည့်ဦးနော်" ဟု အော်ပြီး သတိပေးလိုက်သည်။

ထိုအချိန်တွင် အကင်စက်ကလည်း အသံမြည်လာသဖြင့် ဆုယောင်က ဝက်သားကို ထုတ်ယူကာ အလွန်လှပနေသော ဝက်သား အရောင်ကို ကြည့်ပြီး ကျေနပ်သွားသည်။

အချိန်စေ့တော့မည့် အချိန်တွင် ဆုယောင်က မရောနိစ်ကို ပန်းကန်ပြားပေါ်တွင် သုတ်ခင်းလိုက်ပြီး အပေါ်မှ လတ်လတ်ဆတ်ဆတ် သခွားသီး အကွင်းများကို တင်လိုက်သည်။

ထိုအပေါ်မှ ကင်ထားသော ဝက်သားကို ထပ်တင်ကာ ပင်စိမ်းရွက်ကို ဝက်သားပေါ်မှ တင်ပြီး အလှဆင်လိုက်သည်။

မီးဖိုပေါ်မှ ဆော့စ်ကလည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်သဖြင့် ဆုယောင်က လှပပြီး သေးငယ်သော ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။

ဆုယောင်၏ ဟင်းပွဲက အလွန်လှပနေသဖြင့် ရိုက်ကူးရေးအဖွဲ့မှ ပီဒီက ဆုယောင် အနားသို့ ရောက်လာကာ ဆုယောင်၏ ဟင်းပွဲကို ဘက်ပေါင်းစုံမှ ရိုက်ကူးနေတော့သည်။

ထို့နောက် ဆုယောင်က ဟင်းပွဲကို ဗန်းထဲသို့ ထည့်ကာ အကဲဖြတ်ဒိုင်ဆီသို့ ယူသွားပြီး "ကျွန်မရဲ့ ဟင်းပွဲက ခံတွင်းပျက်စေမှာ မဟုတ်ဘူး" ဟု ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

"ဟဟ၊ ငါလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်"

အကဲဖြတ်ဒိုင်က ဆုယောင်၏ ဟင်းပွဲကို ငုံ့ကြည့်လိုက်ပြီး "မင်းက စတားလား။ စာဖိုမှူးလား။ ဒီဟင်းပွဲကို အထူးပြုပြီး လေ့လာထားတာလား" ဟု အံ့ဩတကြီး မေးလိုက်သည်။

ဆုယောင်က "ကျွန်မ ဟင်းချက်ပြိုင်ပွဲတွေက တစ်
ဆင့် ဒီဟင်းပွဲကို လေ့လာထားတာပါ။ အရင်ဆုံး မြည်းကြည့်ပါဦး" ဟု ဆုယောင် အဓိက အချက်ကို ရှောင်ဖယ်ကာ ပြောလိုက်သည်။

အကဲဖြတ်ဒိုင်က ခေါင်းညိတ်ပြပြီး ဟင်းပွဲကို မြည်းစမ်းရန် ပြင်ကာ ဝက်သားကို ဓားဖြင့် လှီးလိုက်သောအခါ ကြွပ်ရွနေသော အသံက ထွက်ပေါ်လာသည်။

ထိုအခါ အကဲဖြတ်ဒိုင်က ပြုံးလိုက်ပြီး ဝက်သားကို တစ်လုတ်စာ လှီးဖြတ်ကာ ဘေးတွင် ရှိသော ဆော့စ်ထဲတွင် နှစ်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

"ဂျွတ် ဂျွတ်..."

သွားဖြင့် ကိုက်လိုက်သောအခါ ဝက်သား၏ ကြွပ်ရွနေသော အသံက ထွက်လာပြီး တဖြည်းဖြည်း ဆက်ဝါးလိုက်သောအခါ အတွင်းပိုင်းရှိ နူးညံ့နေသော အသား၏ အရသာကို ခံစားမိလာခဲ့၏။

ထည့်သွင်းထားသော အရသာမှာ ညီညွတ် မျှတပြီး တစ်ချက် တစ်ချက် ဝါးလိုက်လျှင် ပန်းသီးဝိုင်၏
မွှေးရနံ့က ပျံ့လွင့်လာသည်။

ကြွပ်ရွ နူးညံ့ပြီး ချိုချိုငံငံ ဖြစ်နေသဖြင့် အကဲဖြတ်ဒိုင်က တစ်လုတ်ပြီး တစ်လုတ် ယူစားနေတော့၏။

ဗိုက်ပြည့်လာပြီဟု ခံစားရသည့် အချိန်မှ ရပ်သွားသဖြင့် ဘေးနားမှ စောင့်နေသော အစီအစဉ် တင်ဆက်သူက "ဘယ်လို ထင်လဲ ဖာဒီနန်။ ဝေဖန်ပေးပါဦး" ဟု မေးမြန်းလိုက်သည်။

အမှန်စင်စစ် အစီအစဥ် တင်ဆက်သူက ဝက်သား၏ ကြွပ်ရွသော အသံကို ကြားရစဉ်ကတည်းက မေးမြန်းချင်သော်လည်း အလုပ်သဘောအရ စား၍ ပြီးသည့် အချိန်အထိ စောင့်ကာ အကဲဖြတ်ဒိုင် ဖာဒီနန်ကို မေးမြန်းလိုက်သည်။

တစ်နေ့လုံး ထိုင်နေရပြီး ထွေထွေထူးထူး မျှော်လင့်ချက် မထားထားသော အကဲဖြတ်ဒိုင် ဖာဒီနန်က မျက်လုံးကို ဖွင့်ကာ အစီအစဉ် တင်ဆက်သူ လက်ထဲမှ မိုက်ကို ဆွဲယူလိုက်ပြီး "ဒီပြိုင်ပွဲရဲ့ အနိုင်ရရှိသူက အရှေ့တိုင်းက တရုတ် စာဖိုမှူးပဲ" ဟုကြေညာလိုက်သည်။

ဆုယောင်က အစပိုင်းတွင် ကြောင်သွားသော်လည်း အသိပြန်ဝင်လာကာ ပြုံးရွှင်သွားသည်။

စင်အောက်မှ ချောင်မန်လင်းကလည်း ဝမ်ယုကို ဖက်လိုက်ကာ "ဆုယောင် တကယ် နိုင်သွားပြီ။ ယူရို တစ်ထောင်ဆို ငါတို့အတွက် အများကြီးပဲ" ဟု ပျော်ရွှင်စွာ အော်ဟစ်နေတော့သည်။

အခြားသူများကလည်း ပျော်ရွှင်သည့် ပုံစံကို ပုံစံမျိုးစုံဖြင့် ဖော်ပြနေကြတော့သည်။

စုန့်ရန်ကမူ ပျော်ရွှင်နေသော ဆုယောင်ကို ကြည့်ပြီး သူ၏ ကမ်းလှမ်းချက်ကို ဆုယောင် လက်မခံသည့် အကြောင်းရင်းကို နားလည်သွားတော့သည်။

စာဖိုမှူး တစ်ယောက်အတွက် လူတစ်ယောက်ကို အကြိုက်တွေ့အောင် လုပ်ရသည်မှာ လွယ်ကူသော်လည်း လူအများကို အကြိုက်တွေ့အောင် လုပ်နိုင်ပါက ရလာသည့် ပီတိမှာ မည်သည့်အရာနှင့်မျှ မလဲနိုင်ပေ။


...…….................................
.........................................


အပိုင်း (၂၅) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now