Chapter 13

765 81 0
                                    

အပိုင်း (၁၃) ကင်ချီ


"ဘာရပ်လုပ်နေတာလဲ ဆုယောင်။ တံခါး မြန်မြန် ဖွင့်လေ"

"နင်က...."

ဆုယောင်က မမှတ်မိသဖြင့် ထိုမိန်းကလေးကို အံ့ဩစွာ ကြည့်ပြီး ထပ်မေးခဲ့သည်။

ထိုအခါ ရွှေရောင် ဆံပင်နှင့် မိန်းကလေးက ဆံပင်ကို ကုတ်ကာ "ဘာလဲဟ။ နင်က နာမည်ကြီး ဖြစ်သွားပြီ ဆို‌တော့ ဆင်းရဲတဲ့ အမျိုးတွေကို ဂရုမစိုက်တော့ဘူးလား။ ငါ ဆုယွဲ့လေ။ နင့်ရဲ့ ညီမဝမ်းကွဲ" ဟုဆောင့်အောင့်ပြီး ပြောဆိုတော့သည်။

နာမည်ကိုကြားမှ ဆုယောင်က ရှေ့သို့လျှောက်လာကာ တိုက်ခန်းတံခါးကို ဖွင့်ပေးလိုက်တော့သည်။

တံခါးပွင့်သွားသောအခါ ဆုယွဲ့က ဖိနပ်ကို အမြန်ချွတ်ပြီး သူမ၏ အိမ်ကဲ့သို့ သဘောထားကာ ဆိုဖာပေါ်တွင် ပစ်လှဲလိုက်သည်။

"ငါ ဗိုက်ဆာလို့၊ နင့် အိမ်မှာ ဘာစားစရာ ရှိလဲ"

"ဘာစားမှာလဲ"

"နင် ကြိုက်တာ လုပ်ပေး။ ငါ တစ်ညလုံး မအိပ်ထားလို့ ပင်ပန်းနေပြီ"

ဆုယွဲ့က စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်ပြီး ရေချိုးခန်းရှိရာ နေရာကို မေးလိုက်သည်။

ဆုယောင်က ရေချိုးခန်းကို ညွှန်ပြလိုက်ပြီး ခြင်းတောင်းကို သယ်ကာ မီးဖိုခန်းသို့ ဝင်သွားတော့သည်။

ထို့နောက် ရှေ့လျှောက် ဆက်လုပ်မည့် ကိစ္စများကို တွေးကာ မနက်စာကို ပြင်ဆင်လိုက်၏။

ဆုယောင်က မူလ ခန္ဓာကိုယ် ပိုင်ရှင်၏ မှတ်ဉာဏ်ကို ပြန်ကြည့်လိုက်သောအခါ မူလဆုယောင်၏ မိဘများက သက်ရှိထင်ရှား ရှိနေကြပြီး (၇) နှစ်အရွယ် မောင်လေး တစ်ယောက် ရှိခဲ့သော်လည်း ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့သည်။

မူလ ဆုယောင်၏ မိဘများက လောဘကြီးသူများ ဖြစ်ရာ သူတို့၏ သမီး နာမည်ကြီး ဖြစ်လာသောအခါ သူတို့၏ ဇာတိတွင် ကြွားဝါ မောက်မာနေကြတော့သည်။

မူလဆုယောင်ထံသို့ အမျိုးများစွာ လာရောက် အကူအညီ တောင်းကြသော်လည်း မူလဆုယောင်က အကုန်လုံးကို ငြင်းပစ်ခဲ့သည်။

ယခု ဆုယောင်၏ အမြင်၌ မူလဆုယောင်၏ အမျိုးများက ပြဿနာ တစ်ခုဟု ထင်နေခဲ့သည်။

မူလဆုယောင် ငယ်ရွယ်စဉ်က မိဘများက ဂရုမစိုက်ကြသည့်အပြင် မောင်လေးပါ မွေးလာသောအခါ သူမက အရိုက်ခံ ဖြစ်လာခဲ့၏။

မူလဆုယောင်က အိမ်တွင် ညစ်ပတ်သော အလုပ်မှန်သမျှကို လုပ်ရပြီး မျက်နှာ မရခဲ့ပေ။

မူလဆုယောင် နာမည်ကြီး ဖြစ်လာမှ သူ၏မိဘများ
က ငိုယိုကာ မူလဆုယောင် ရှာထားသော ပိုက်ဆံများကို ထိုင်ဖြုန်းခဲ့ကြသည်။

အိမ်ဝယ်၊ ကားဝယ်၊ နာမည်ကြီး ပစ္စည်းများ ဝယ်ပြီး ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းခဲ့ကြ၏။

ထိုမှတ်ဉာဏ်များမှာ အလွန် နက်ရှိုင်းနေသဖြင့် ယခု ဆုယောင်က အကုန်ပြန်မှတ်မိသွားခဲ့သည်။

သို့သော် ညီမဝမ်းကွဲအကြောင်းကိုမူ ရောထွေးနေခဲ့သည်။

ငယ်ရွယ်စဉ်က သူမ၏ ညီမဝမ်းကွဲက အလွန်သိမ့်မွေ့သော မိန်းကလေး တစ်ယောက် ဖြစ်ခဲ့သည်။

စကားပြောရာတွင် ချိုသာပြီး လိမ္မာယဉ်ကျေးသူ ဖြစ်၏။

သို့သော် ယခု၌မူ ထိုကလေးမလေးက လုံးဝ ပြောင်းလဲသွားခဲ့သည်။

မူလဆုယောင်၏ မှတ်ဉာဏ်ထဲမှ ချစ်စရာ ဆုယွဲ့၏
ပုံစံက ယခုတွင် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သဖြင့် ယခု ဆုယောင်က မမှတ်မိနိုင်ခဲ့ပေ။

"ဆုယောင်ရေ၊ တဘက်ပေးပါဦး"

ဆုယွဲ့က ရေချိုးခန်းထဲမှ အသံအကျယ်ကြီးဖြင့် တဘက် လှမ်းတောင်းလိုက်သဖြင့် ဆုယောင်ကအိပ်ခန်းထဲသို့ ဝင်ကာ တဘက်အသန့် တစ်ထည်ကို သွားယူပေးလိုက်သည်။

အစပိုင်းတွင် သည်းခံမည်ဟု စဉ်းစားထားသော်လည်း ယခုတွင် ဆုယွဲ့ကို မေးချင်သည့် မေးခွန်းများက ဆုယောင်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

ထို့နောက် ဆုယောင်က သက်ပြင်းချလိုက်ပြီး ပြုတ်ထားသော ဆန်ပြုတ်ကို တစ်ချက်မွှေကာ မုန်လာဥအဖြူကို လှီးလိုက်၏။

မနက်စာမှာ ဆန်ပြုတ်နှင့် မုန်လာဥအဖြူကြော် ဖြစ်သည်။

ဆုယွဲ့က မနက်စာကို ကြည့်ကာ စိတ်ပျက်သွားသည့် ပုံစံဖြင့် "နင်က ငါ့ကို အထင်သေးပြီး ပထမဆုံး နေ့မှာတင် ဆန်ပြုတ်နဲ့ အရံဟင်းပဲ ကျွေးတာလား" ဟု ပြောလိုက်သည်။

"နင် အဲ့ဒါ မစားချင်ရင် ပါဆယ် မှာလိုက်။ ငါက မနက်စာကို ပေါ့ပေါ့ပါးပါးပဲ စားတတ်တယ်။ ဒါနဲ့ နင် ငါ့ဆီ ဘာလို့ ရောက်လာတာလဲ။ လာလည်မယ်ဆိုလည်း ဖုန်းလေးဘာလေးတောင် ကြိုမဆက်ဘူး"

"ငါလာလည်တာလို့ ဘယ်သူက ပြောလဲ"

ဆုယောင်က ဗိုက်ဆာနေသဖြင့် ဆန်ပြုတ်ကို ပန်းကန်လုံး အကြီးထဲတွင် ထည့်စားကာ မုန်လာဥအဖြူကြော်ကို ယူစားလိုက်သောအခါ ဆန်ပြုတ်နှင့် အလွန် လိုက်ဖက်နေသဖြင့် အံ့ဩသွားတော့သည်။

"နင် စာဆက်မသင်တော့ဘူးလား။ ငါ့ အိမ်လိပ်စာကို ဘယ်လိုသိတာလဲ။ ငါ အိမ်မှာ မရှိဘဲ နေမှာကို နင် မကြောက်ဘူးလား"

"ငါ့အဖေက ဦးလေးကို ဖုန်းဆက်လိုက်တော့ ဦးလေးက နင် ဒီအချိန်ဆို အလုပ် မရှိဘဲ အားနေတယ်လို့ ပြောတယ်။ ပြီးတော့ ငါ မနှစ်ထဲက စာဆက်မသင်တော့တာ။ ပျင်းစရာ ကောင်းလို့။ ငါ့အဖေက ငါ့ကို နင့်ဆီမှာ လက်ထောက် လုပ်ခိုင်းဖို့ လွှတ်လိုက်တာ။ နာမည်ကြီးတွေရဲ့ လက်ထောက်က လစာ အရမ်းကောင်းတယ်တဲ့။ အမျိုးတွေဆိုတော့ ငါ အများကြီးတော့ မလိုချင်ပါဘူး။ လုံလောက်အောင်ပဲပေးပေါ့" ဟု ဆုယွဲ့က ခေါင်းမဖော်ဘဲစားကာ ရောက်လာသည့် အကြောင်းရင်းကို ပြောလိုက်သည်။

ဆုယောင်ကမူ ရယ်မောပြီး လက်လည်း လက်မခံ၊ ငြင်းလည်း မငြင်းဘဲ ဆုယွဲ့နှင့် ဖြည်းဖြည်းချင်း စကားပြောကြည့်လိုက်သည်။

ဆုယွဲ့က လွန်ခဲ့သော နှစ်က အတန်းဖော်နှင့် ရန်ဖြစ်ခဲ့သောကြောင့် ကျောင်းထုတ်ခံခဲ့ရ၏။

ယခုနှစ်တွင် မတော်တဆ အမျိုးသမီးကြီး တစ်ယောက်ကို ရိုက်မိသဖြင့် ဆုယွဲ့၏ အဖေက ဆုယောင်၏ မိဘများထံ အကူအညီတောင်းကာ ဆုယောင်ဆီသို့ လွှတ်လိုက်ခြင်း ဖြစ်သည်။

ဆုယွဲ့ ကိုယ်တိုင်ကလည်း နာမည်ကြီး၏ လက်ထောက်အဖြစ် လက်ခံနိုင်ရလောက်အောင်
ချောမော လှပ၏။

"အန်တီရော၊ သဘောတူလို့လား"

ဆုယောင်က ထိုသို့ မေးလိုက်သော်လည်း ဆုယွဲ့က မျက်နှာပျက်သွားကာ "နင် နေမကောင်းဘူးလား ဆုယောင်။ ငါ့အမေက ဟိုးအရင်နှစ်တုန်းက ဆုံးသွားပြီလေ။ ဒါမှမဟုတ် နင် တမင် ပြောနေတာလား" ဟု ပြောပြီး ခြေထောက်ကို ဆောင့်ကာ ဧည့်သည်အခန်းထဲသို့ ဝင်သွားတော့သည်။

"ငါ တောင်းပန်ပါတယ် ဆုယွဲ့ရယ်။ ငါ အလုပ်တွေများပြီး မေ့သွားလို့ပါ"

ဆုယောင်က မူလ ခန္ဓာကိုယ် ပိုင်ရှင်၏ အမျိုးများ၏ အကြောင်းကို တွေးကာ ထူးဆန်းနေတော့သည်။

ဆုယောင် ညစာချက်ပြီးသည့်အချိန်မှ ဆုယွဲ့က နိုးလာကာ အခန်းထဲမှ ထွက်လာခဲ့၏။

ဆုယောင်က ဟင်းပွဲများ အဆင်သင့် ဖြစ်နေသဖြင့် ဆုယွဲ့ကို "လာလေ၊ ဟင်းတွေကျက်ပြီ။ တစ်ခါတည်း လာစားလိုက်တော့" ဟု လှမ်းခေါ်လိုက်သည်။

ဆုယွဲ့က ဆုယောင်ကို စကား မပြောချင်သော်လည်း ဟင်းပွဲများ၏ အနံ့ကြောင့် သွားရည်ကျလာကာ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်၏။

ဟင်းများမှာ သာမန် အိမ်ချက်ဟင်းများ ဖြစ်သည်။

အဓိက ဟင်း နှစ်ခွက်မှာ ပုဇွန်ကင်နှင့် ဝက်သားနှပ် ဖြစ်သည်။

နူးညံ့၍ စေးကပ်နေသော တို့ဖူးဟင်းနှင့် အစိမ်းရောင် အရွက်ကြော်ကိုလည်း အရံဟင်းအဖြစ် ချက်ထားခဲ့၏။

ထို့အပြင် မုန်လာဥ အဖြူ ကင်ချီကိုပါ ချထားလိုက်သည်။

မုန်လာဥ အဖြူ ကင်ချီမှာ လက်ညိုးအရွယ် အချောင်းလေးများကို ခပ်ညီညီလှီးထားပြီး အပြင်ဘက်မှာ ကြည်လင်နေ၍ အတွင်းဘက် အမျှင်များကိုပင် မြင်နေရ၏။

ရှာလကာရည်၏ အချဉ်ဓာတ်နှင့် မုန်လာဥအဖြူ၏ အချိုဓာတ်တို့ ပေါင်းစပ်လိုက်သောအခါ ထူးခြားသော အနံ့ အရသာ ထွက်လာခဲ့သည်။

ဆုယွဲ့က စိတ်မကြည်လင်သော်လည်း ဟင်းများမှာ စားကောင်းလှသဖြင့် စိတ်ကြည်စ ပြုလာကာ ဆုယောင်ကို စကား စပြောလာတော့၏။

"နင် အခု အရမ်း ထူးဆန်းနေတယ် သိလား။ နင် အရင်က မုန်လာဥအဖြူ ကင်ချီ လုံးဝ မစားဘူးလေ"

"ဟုတ်လား။ ငါ အရင်က မစားဘူးလား။ အခု အကြိုက် ပြောင်းသွားတာ ဖြစ်မယ်"

"ငါ နင့်ရဲ့ လက်ထောက် လုပ်ရင် တခြားနာမည်ကြီးတွေကိုလည်း တွေ့ရမှာပေါ့နော်"

"ငါ ကုမ္ပဏီကို ပြောရဦးမယ်။ လက်ထောက် လုပ်မယ်ဆို အရင်ဆုံး လေ့ကျင့်ရေး အရင်ဆင်းရတယ်။ နောက်ရက်ကျရင် နင် ငါနဲ့ အတူတူ ငါ့ရဲ့ အေးဂျင့်ကို လိုက်တွေ့လိုက်"

"အင်း။ ငါက တော်ပြီးသားဆိုတော့ လေ့ကျင့်ရေး ဆင်းစရာတောင် လိုမှာ မဟုတ်ဘူး"

ဆုယောင်က ဆုယွဲ့ကို နောက်ရက်များတွင် မြို့တော်ကို လိုက်လံ ပြသခဲ့သည်။

ထို့နောက် ရန်ယိဖန်းကို ကုမ္ပဏီတွင် သွားရှာရန်အတွက် ကင်ချီ နှစ်ဘူးကို ထုတ်ယူလာခဲ့၏။

ရန်ယိဖန်းက လက်ဆောင်ပေးသည့် ကင်ချီကို ပျော်ရွှင်စွာ လှမ်းယူလိုက်ပြီး လာရင်း အကြောင်းရင်းကို မေးလိုက်သည်။

"သူ့ကို မင်းရဲ့လက်ထောက်အဖြစ် ထားချင်တာ သေချာလား၊ ဆုယောင်"

ရန်ယိဖန်းက ဆုယောင်ကို ရုံးခန်းထဲသို့ ဆွဲခေါ်သွားပြီး "အနုပညာ လောကမှာ အမျိုးတွေကို လက်ထောက်အဖြစ် ခေါ်ထားတဲ့ လူတွေတော့ အများကြီး ရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ လက်ထောက်တွေက အသက်ကြီးပြီး ရင့်ကျက်တဲ့သူတွေ။ အခုမင်းရဲ့ လက်ထောက်က အရွယ်တောင် မရောက်သေးဘူး။ သူ့ကို သုံးချင်တာ သေချာလို့လား" ဟု မေးလိုက်သည်။

ဆုယောင်က ပြုံးပြကာ ဆုယွဲ့၏ အခြေအနေကို အမှန်အတိုင်း ပြောပြပြီး အကူအညီ တောင်းလိုက်၏။

ထို့ကြောင့် ရန်ယိဖန်းက စဉ်းစားကာ ဆုယောင်၏ စကားကို သဘောတူပေးလိုက်သည်။

"အိုး၊ ဟုတ်သားပဲ။ ငါ မင်းကို ပြောထားတဲ့ အစီအစဉ်က ငြင်းလည်း မငြင်းဘူး။ လက်လည်း မခံသေးဘူး။ အဲ့ဒါကြောင့် လှမ်းခေါ်ရင် အဆင်သင့် ဖြစ်နေအောင် ပြင်ထားနော်"

"ဟုတ်ကဲ့။ ကျေးဇူးပဲနော် အစ်ကို ရန်"

ထိုအချိန်တွင် ဆုယောင်၏ ဖုန်းက အသံမြည်လာကာ လျန်ယွဲ့ထံမှ "မိန်းကလေး ဆုက ရသစုံ အစီအစဉ်တွေမှာ ပါဝင်ဖို့ လုပ်နေတယ်လို့ ကျွန်တော် ကြားမိတယ်" ဟူသော စာက ရောက်လာခဲ့သည်။

ဆုယောင်၏ မျက်နှာက ပျက်သွားသဖြင့် ရန်ယိဖန်းက ကြည့်ကာ "ဘယ်သူမို့လို့ မျက်နှာပျက်သွားတာလဲ" ဟု မေးလိုက်၏။


...…….................................
.........................................


အပိုင်း (၁၃) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now