Chapter 22

676 84 0
                                    

အပိုင်း (၂၂) ဖက်ထုပ်အိုးကပ်ကြော်


မနက်စာကို စုန့်ရန်မှ လွဲ၍ အားလုံး ကျေနပ် အားရကြသည်။

ဆုယောင်က စုန့်ရန်ကို တစ်ချက် တစ်ချက် လှမ်းကြည့်မိသောအခါ စုန့်ရန်၏ မျက်လုံးများက ထူးခြားနေသဖြင့် ဆုယောင်က သူမ ဘာအပြစ် လုပ်မိသည်ကို သိချင်နေတော့၏။

ဆုယောင်က စုန့်ရန်ကို ကြည့်မိတိုင်း စုန့်ရန်က သူမကို စိုက်ကြည့်နေသဖြင့် ရှက်သွားကာ အကြည့်လွှဲသွားတော့သည်။

စုန့်ရန်၏ အကြည့်ကြောင့် ဆုယောင်က ရင်ခုန်သွားသော်လည်း တခြားသူများ၏ သတိပေးမှုကြောင့် သိပ်ကြာကြာ ရင်မခုန်လိုက်ရပေ။

အကြောင်းရင်းမှာ ဤနေရာမှ ပြန်လည် ထွက်ခွာတော့မည် ဖြစ်သောကြောင့် ဖြစ်သည်။

ယနေ့ ကားမောင်းရမည့် ဝာာဝန်ကျသူမှာ ဟဲယွမ်ဟန်ဖြစ်ပြီး ဂျီးအန်းဝမ်က ကားမောင်းသူ ဘေးတွင် ဝင်ထိုင်လိုက်၏။

ဆုယောင် ကားပေါ်သို့ တက်မည့်အချိန်တွင် လော်ရိန်းနှင့် ခင်ပွန်း ဖြစ်သူကို တွေ့လိုက်ရသဖြင့် ဆုယောင်က နှုတ်ဆက်စကား ပြောကာ နှုတ်ဆက်လိုက်သည်။

"မင်းက လော်ရိန်း ပြောတဲ့ တရုတ် စာဖိုမှူးပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား"

လော်ရိန်း၏ ခင်ပွန်းက အရပ်ရှည်ရှည် ပိန်ပါးပါးနှင့် မျက်နှာထား တည်တည်ကြည်ကြည် ရှိသည်။

သို့သော် အရှေ့တွင် ရှိနေသော မိန်းမငယ်လေးက မနေ့က ဝက်နံရိုးချိုချဉ်ဟင်းကို ချက်သည့် စာဖိုမှူးဟု သိလိုက်ရသောအခါ ချက်ချင်း ပြုံးပြပြီး အဆက်မပြတ် ချီးမွမ်းခန်း ဖွင့်တော့၏။

"မနေ့က ဟင်းက အရမ်းစားလို့ ကောင်းတယ်။ ဒီလောက် မြန်မြန်ကြီး ထွက်သွားလိမ့်မယ်လို့ မထင်ထားဘူး"

လော်ရိန်း၏ ခင်ပွန်းက အံဩသွားသည့်အပြင် တစ်ချိန်တည်းတွင် နှမြောသွားတော့သည်။

အမှန်အတိုင်းပြောရလျှင် နေ့လည်စာ စားရရန် အခွင့်အရေးကို မျှော်မှန်းပြီး ဝိုင် နှစ်ပုလင်း ပေးမည်ဟု လော်ရိန်းတို့က စဉ်းစားထားခဲ့ကြ၏။

ဆုယောင်က လော်ရိန်းတို့ ဝက်နံရိုးချိုချဉ်ကို အလွန်ကြိုက်သည်ဟု သိလိုက်ရသဖြင့် လော်ရိန်းကို ချက်နည်းရေးပေးလိုက်သည်။

"တစ်ချို့ပစ္စည်းတွေကို အာရှဈေးမှာ ဝယ်ရင် ပိုကောင်းတယ် လော်ရိန်း"

"ဟုတ်ပြီ။ ငါ သွားလိုက်မယ်"

ဝက်နံရိုး ချိုချဉ် ချက်နည်း ရသွားသောအခါ လော်ရိန်းက အလွန် ကျေနပ်သွားပြီး အခန်းထဲ ပြန်ဝင်ကာ ဝိုင် နှစ်ပုလင်းကို ဆုယောင်ကို လက်ဆောင် ပေးလိုက်တော့သည်။

"ဆုယောင် ဒီဝိုင်က အမဲသားနှပ်ထဲ ထည့်လို့ရတယ်။ သောက်လို့လည်း ကောင်းတယ်။ ဒါပေမယ့် အရမ်းပြင်းတော့ မိန်းကလေးတွေတော့ အများကြီး မသောက်နဲ့နော်" ဟု လော်ရိန်းက သတိပေး ပြောဆိုလိုက်၏။

"ကျေးဇူးနော်"

ဆုယောင်က လော်ရိန်းကို ဖက်ကာ နှုတ်ဆက်လိုက်ပြီး ဝိုင် နှစ်ပုလင်းကို ကိုင်ကာ ကားပေါ်သို့ တက်သွားတော့သည်။

"ဟယ်၊ ဝိုင်တွေပါလား။ အတော်ပဲ၊ ညကျရင် သောက်ရမယ်"

ချောင်မန်လင်းက ဆုယောင်၏ လက်ထဲမှ ဝိုင်ပုလင်းကို တွေ့သောအခါ ပျော်ရွှင်ပြီး ထိုသို့ပြောလိုက်သည်။

ဆုယောင်ကမူ ပြုံးရုံပြုံးပြပြီး ပြန်မပြောလိုက်ပေ။

ကားပေါ်တွင် အနောက်ခန်း၌ လူ ခြောက်ယောက်ဆန့်သော ထိုင်ခုံ နှစ်တန်းရှိရာ အရှေ့တန်းတွင် စုန့်ရန်နှင့် လင်းရန်ချီတို့က ထိုင်ကြပြီး မိန်းကလေး သုံးယောက်က အနောက်တန်းတွင် ထိုင်လိုက်ကြသည်။

မကြာခင်တွင် အဖွဲ့က နောက်တစ်နေရာဆီသို့ မောင်းထွက်လာခဲ့တော့၏။

"ကျွန်တော်တို့ အခု ဘယ်ကို သွားကြမှာလဲ ခေါင်းဆောင်"

လင်းရန်ချီက လမ်းဘေး ရှုခင်းများကို ကြည့်ရင်း စုန့်ရန်ကို ထိုသို့ လှမ်းမေးလိုက်သည်။

စုန့်ရန်က "မြို့ကို သွားမှာ" ဟု ခေါင်းမထောင်ဘဲ ပြန်ပြောလိုက်၏။

"မြို့ကို သွားမှာတော့ သိတယ်လေ။ ဒါပေမယ့် ဘယ်နေရာကို သွားမှာလဲဆိုတာကို သိချင်တာ"

စုန့်ရန်က လင်းရန်ချီ၏ အမေးကို လျစ်လျူရှုကာ ဦးထုပ်ကို ငိုက်လိုက်ပြီး ထိုင်ခုံတွင် မှီထိုင်၍ အိပ်လိုက်တော့သည်။

စုန့်ရန်၏ အေးစက်စက် အပြုအမူကို ကြည့်ကာ  အနောက်တန်းမှ ဝမ်ယုက "အဲ့လောက် လက်ပေါက်ကပ်တဲ့ လူနဲ့ အတူတူ မထိုင်ရတာ ကံကောင်းလိုက်တာ" ဟု ဆုယောင်တို့ကို တီးတိုး ပြောဆိုလိုက်၏။

"..."

မကြာခင်တွင် အခြားသော အဖွဲ့သားများကလည်း စတင် ငိုက်မြည်းလာတော့သည်။

အထူးသဖြင့် ချောင်မန်လင်းကို ကူညီပေးရန် စောစောထထားသော ဆုယောင်က အိပ်ငိုက်လာကာ အရှေ့သို့ ခေါင်းတဆတ်ဆတ်ကျနေတော့၏။

ဆုယောင်အပေါ် အမြင် ပြောင်းလဲသွားသော ချောင်မန်လင်းက ဆုယောင်၏ အဆင်မပြေ ဖြစ်နေမှုကို မြင်သွားကာ ဆုယောင်၏ ခေါင်းကို သူမ၏ ပုခုံးပေါ်သို့ ဆွဲတင်လိုက်ပြီး "လာ၊ ငါ့ပေါ်မှာ မှီအိပ်လိုက်" ဟု ပြောလိုက်သည်။

ချောင်မန်လင်းက ဆုယောင်ကို အရင်က သဘောမကျသော်လည်း ယခုတွင် အလွန် သဘောကျသွားပြီ ဖြစ်သည်။

ဆုယောင်၏ ဟင်းချက် လက်ရာ၊ သူမ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးမှုနှင့် မျက်နှာ ဝင်ယူမှု မရှိသည့် ပုံစံများကြောင့် ဆုယောင်ကို ချစ်စရာကောင်းသည်ဟု ချောင်မန်လင်းက ထင်မြင်လာတော့၏။

ဆုယောင်က အရမ်း အိပ်ချင်နေသဖြင့် ချောင်မန်လင်းကို အားမနာတော့ဘဲ မှီအိပ်လိုက်သည်။

ခဏကြာပြီးနောက် အနောက်ခန်းရှိ လူများအားလုံး ခေါင်းစောင်းကာ အိပ်ပျော်သွားကြတော့၏။

နေအပူချိန်ကလည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ ပူပြင်းလာတော့သည်။

ထို့ကြောင့် နေအလင်းရောင်က ကားပြတင်းပေါက်ကို ဖောက်ကာ ကားထဲတွင် အိပ်နေသော လူများပေါ်သို့ ကျရောက်လာသည်။

စုန့်ရန်က ရုတ်တရက် နိုးလာပြီး ဘေးဘီကို ကြည့်လိုက်သောအခါ နေထိုး၍ မျက်မှောင်ကြုတ်နေသော ဆုယောင်ကို တွေ့သွား၏။

ထို့ကြောင့် စုန့်ရန်က ဦးထုပ်ကို ချွတ်ကာ ဆုယောင်၏ ခေါင်းပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။

အခြားသူများကလည်း အိပ်ပျော်နေသဖြင့် စုန့်ရန်၏ လှုပ်ရှားမှုကို မမြင်လိုက်ကြပေ။

သို့သော် ရိုက်ကူးရေး ကင်မရာများက စုန့်ရန်၏ အပြုအမူကို ရိုက်ကူးထားလိုက်ပြီ ဖြစ်သည်။

....

"ရောက်ပြီနော်။ ထကြတော့"

ဟဲယွမ်ဟန်၏ အသံက ထွက်ပေါ်လာသဖြင့် အားလုံး နိုးလာကြတော့သည်။

အိပ်ပျော်နေသော ဆုယောင်ကမူ ကားမူးနေသဖြင့် ထရန် အလွန်ပင် ခက်ခဲနေခဲ့၏။

"ဘာဖြစ်တာလဲ ဆုယောင်။ ကားမူးနေတာလား။ သက်သာအောင် ရေသောက်လိုက်ပါလား" ဟုချောင်မန်လင်းက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

ဝမ်ယုက ရေဘူးကို ယူကာ ဆုယောင်ဆီသို့ ချက်ချင်း ကမ်းပေးလိုက်သည်။

"ကျေးဇူး"

ဆုယောင်က ရေနည်းနည်း သောက်လိုက်ပြီး နှာခေါင်းထဲတွင် ပူဒီနာအနံ့ ရလာသဖြင့် အနည်းငယ် သက်သာလာတော့သည်။

ထို့နောက် သူမ၏ အရှေ့ကို ကြည့်လိုက်ရာ ပူဒီနာ ကိုယ်သင်းနံ့ ပိုင်ရှင် ဆူပုတ်‌နေသော စုန့်ရန်ကို တွေ့လိုက်ရ၏။

"သူ ဒီနေ့ ဘာဖြစ်နေတာပါလိမ့်"

.....

နိုင်ငံခြား၏ လှပသော မြင်ကွင်းများက လမ်းပေါ်
တွင် ရှိပြီး မြို့ပြတွင် လှပသော ရှုခင်းနေရာ သိပ်မရှိပေ။

အထင်ကရနေရာ အများစုမှာ ရောမ ဟစ်တိုင်နှင့် မြစ်၏ တောင်ဘက် ကမ်းနား ဖြစ်ကြသည်။

စုန့်ရန်တို့က ရသစုံရှိုး ရိုက်ကူးရန် ရောက်လာသဖြင့် အထင်ကရ နေရာများကို လျှောက်သွားကာ ရိုက်ကူးရေး လုပ်ကြတော့သည်။

"အီး...ဆက်မသွားနိုင်တော့ဘူး။ မနက်က စားလာတဲ့ ဖက်ထုပ်တွေ အကုန် အစာကြေကုန်ပြီ" ဟု လင်းရန်ချီက ထအော်လိုက်သဖြင့် အားလုံး၏ မျက်လုံးများက ဆုယောင်ဆီသို့ မျှော်လင့်တကြီး ရောက်သွားကြတော့၏။

ဆုယောင်၏ လက်ရာကို နှစ်နပ် စားပြီးနောက် အားလုံးက ဆုယောင်အပေါ် အလုံးစုံ ယုံကြည်သွားကြတော့သည်။

စာဖိုမှူး တစ်ယောက်လုံး အနားတွင် ရှိနေသဖြင့် တစ်ယောက်မှ အနောက်တိုင်း အစားအစာကို အရသာ အပျက်ခံပြီး မစားချင်ကြပေ။

လူအများစုမှာ ဗိုက်ဆာလျှင် အိမ်ချက်ဟင်းများကိုပဲ လွမ်းတတ်ကြမြဲ မဟုတ်ပေလော။

ဆုယောင်က မူးနေသေးသော်လည်း အခြေအနေအရမ်း မဆိုးတော့သဖြင့် အားလုံးကို "ဘာစားချင်လဲ" ဟု မေးလိုက်သည်။

ထိုအခါ စုန့်ရန်က "ခရီးထွက်လာတာကို ပြည်တွင်းက ဟင်းတွေပဲ စားမနေကြနဲ့လေ။ ဆုယောင်ကို တစ်နေ့ သုံးနပ်စာ ချက်ခိုင်းဖို့ စဉ်းစားမနေကြနဲ့" ဟုလေသံမာမာဖြင့် ထပြောလိုက်၏။

ဆုယောင်က စုန့်ရန်၏ စကားကြောင့် ကြောင်သွားသဖြင့် စုန့်ရန်ကို လှမ်းကြည့်လိုက်သည်။

အပူချိန်က အရမ်းမပူသော်လည်း စုန့်ရန်၏ မျက်နှာမှာ စိတ်ဆိုးပြီး စိတ်မရှည်သည့် ပုံစံမျိုး ဖြစ်နေသည်ကို ဆုယောင်က တွေ့လိုက်ရ၏။

"သူ ငါ့ဘက်က ပြောပေးနေတာလား"

ဆုယောင်က ထိုသို့တွေးပြီး အနည်းငယ် ရင်ခုန်သွားသည်။

"အဲ့လို မဟုတ်ပါဘူး။ ဆုယောင်က နှစ်နပ်စာတောင် ချက်ပေးပြီးပြီဆိုတော့ ကျွန်တော်တို့လည်း တစ်လှည့်စီ ချက်ပေးရမှာပေါ့။ လူအများစာကို ဟင်းအများကြီး ချက်ရတာဆိုတော့ ဆုယောင်လည်း ပင်ပန်းနေမှာပေါ့" ဟု လင်းရန်ချီက စုန့်ရန်၏ စကားကြောင့် ကြောက်ရွံ့သွားကာ ထိုသို့ ပြောလိုက်သည်။

"ဟုတ်တယ်။ ငါတို့လည်း ချက်ပေးမှာပေါ့"

"ဖြစ်သလိုပဲ စားကြတာပေါ့"

"အပြင်မှာ စားကြမယ်လေ"

စိတ်ဆိုးနေပုံ ရသော စုန့်ရန်ကို ကြည့်ကာ အဖွဲ့သားများက အပြစ်မကင်းသည့် စိတ်ဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။

ဆုယောင်က ဤအစီအစဉ်တွင် စာဖိုမှူး နေရာမှ ပါဝင်မည်ဟု ဆိုသော်လည်း လူ (၇) ယောက်စာအတွက် (၂၁) ရက်စာလုံး သူမတစ်ယောက်တည်း တာဝန်ယူရလျှင် လွယ်ကူလိမ့်မည် မဟုတ်ပေ။

အဖွဲထဲတွင် မိန်းကလေး သုံးယောက်ပါသော်လည်း ချောင်မန်လင်းနှင့် ဝမ်ယုတို့က ဟင်းမချက်တတ်ကြောင်း အတိအလင်း ကြေညာထားကြသည်။

ဆုယောင်၏ လက်ရာက ကောင်းသော်လည်း နေ့တိုင်း မီးဖိုခန်းထဲသို့ ဝင်ခိုင်းမည်မှာ မသင့်တော်လှပေ။

အထူးသဖြင့် ကင်မရာရှေ့တွင် ထိုသို့ မလုပ်သင့်။

ထို့ကြောင့် ဟဲယွမ်ဟန်၊ ဂျီအန်းဝမ်နှင့် လင်းရန်ချီတို့က ထပ်ခါတလဲလဲ တောင်းပန်နေကြတော့၏။

ဝမ်ယုနှင့် ချောင်မန်လင်းတို့ကမူ တိတ်ဆိတ်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စုန့်ရန်၏ ပြောင်းလဲနေသော အမူအယာကို အကဲခတ်လိုက်ကြသည်။

နောက်ဆုံးတွင် ဆုယောင်တို့က နာမည်ကျော်ကြား
သော စားသောက်ဆိုင် တစ်ခုကို ရှာတွေ့သွားပြီး နေ့လည်စာ ဝင်စားလိုက်ကြ၏။

နေ့လည်စာ စားပြီးသောအခါ အဖွဲ့တစ်ခုလုံး တိတ်ဆိတ်နေကြပြီး ဆုယောင်က စုန့်ရန်ကို ခဏခဏ လှမ်းကြည့်လိုက်သည်။

နောက်ဆုံး အဖွဲ့သားများ ဘုရားကျောင်းထဲသို့ ဝင်သွားသည့်အခါမှ ဆုယောင်နှင့် စုန့်ရန်က ကားပေါ်သို့ ပြန်သွားကာ စုန့်ရန် စားချင်သည့် အရာကို ဆု‌ယောင်က လုပ်ပေးမည်ဟု ပြောလိုက်၏။

စုန့်ရန်က မနက်စာ အနည်းငယ်သာ စားထားရသည့်အပြင် နေ့လည်စာကိုလည်း အအေး တစ်ခွက်သာ သောက်ထားသဖြင့် အလွန် ဆာလောင်နေပြီ ဖြစ်ကာ ကြာကြာ စဉ်းစားမနေတော့ဘဲ "အသားဖက်ထုပ် အိုးကပ်ကြော် စားချင်တယ်" ဟု ပြောလိုက်တော့သည်။

"အင်း"

နောက်ဆုံးတွင် ဆုယောင်က စုန့်ရန် တစ်မနက်လုံး  မှုန်ကုပ်နေသည့် အကြောင်းရင်းကို သိရှိသွားတော့၏။


...…….................................
.........................................


အပိုင်း (၂၂) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now