Chapter 3

1.1K 128 1
                                    

အပိုင်း - ၃
ဝက်အူချောင်း မြေအိုးထမင်း


ယနေ့၏ ဇာတ်လိုက်ကျော်ကမူ ဆုယောင်၏ အသားစတူး ဖြစ်ပြီး လေထဲတွင်လည်း အသားစတူးနံ့များကသာ စိုးမိုးနေလေသည်။ ရိုက်ကူးရေး အဆုံးသတ်သွားသည့်တိုင် ပရိတ်သတ်များက မပြန်ကြသေးဘဲ ယောင်လည်လည် လုပ်နေကြပြီး ဟင်းပွဲအား မြည်းစမ်းခွင့် ရမလားဟု မျှော်လင့်နေကြ၏။ သို့သော်လည်း ရိုက်ကူးရေးအဖွဲ့က ဟင်းပွဲအား မျှဝေဖို့ ဆန္ဒ မရှိသည့်ပုံပင်။

သည် ရိုက်ကူးရေးသမားတွေက လူရောဟုတ်ရဲ့လား။ ငါတို့ကို မစားရ ညော်ခံ လုပ်ခိုင်းပြီးတော့ နည်းနည်းလေးတောင် ပေးမမြည်းကြဘူး။အကြင်နာတရား မရှိလိုက်ကြတဲ့လူတွေ။ 

ရိုက်ကူးရေး ပြီးဆုံးသွားသည့်အခါတွင်မူ ညဆယ့်တစ်နာရီ ထိုးနေပြီ ဖြစ်သည်။ ဆုယောင်သည်လည်း အထုတ်အပိုး သိမ်းကာ ပြန်ရန် ပြင်ဆင်နေပြီ ဖြစ်၏။ ထိုစဉ်မှာပင် ဆုယောင် နားသို့ အမျိုးသား တစ်ယောက်က ချဉ်းကပ်လာကာ လိပ်စာကဒ် တစ်ခုအား ထုတ်ပေးလာသည်။

"မိန်းကလေး ဆု။ သူဌေး စုန့်က မိန်းကလေးကို ဒါလေး ပေးခိုင်းထားလို့ပါ"

ဆုယောင်ကမူ ထိုလိပ်စာကဒ်အား မကောင်းဆိုးဝါးအဆိပ်သဖွယ် ပုတ်ထုတ်ကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။

"ပြောရတာတော့ အားနာပေမယ့် ကျွန်မက အဲ့လိုလူမျိုး မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မက အဲ့လိုမျိုးတွေလည်း စိတ်မဝင်စားပါဘူး"

ဆုယောင်ကမူ ညကြီး အချိန်မတော် သူမအား လိပ်စာကဒ် ပေးကာ ချိန်းဆိုခံရသည်မို့ သူမ တွေးထားသည့်အရာဟုပင် ယူဆကာ ပြတ်ပြတ်သားသားပင် ငြင်းတော့၏။
ဆုယောင်က အသည်းအသန်ပင် ငြင်းဆန်ကာ ခါးခါးသီးသီး ဖြစ်နေသည်မို့ လက်ထောက်အမျိုးသားက ကြောင်အ,သွားလေပြီး ဆုယောင် အထင်မှားနေသည်ကို ရှင်းပြလေသည်။

"မိန်းကလေး ဆု ...အထင်မှားနေပါပြီ။ ကျွန်တော်က ဒီလိပ်စာကဒ်ကို ပေးတယ်ဆိုတာက ဒီနေ့ မိန်းကလေး ချက်တဲ့ ဟင်းကို စုန့်ယန်က အရသာတွေ့လို့ နောက်လည်း ဆန္ဒရှိရင် စားလို့ရအောင်လို့ အလုပ် ကမ်းလှမ်းတဲ့ သဘောပါ"

လက်ထောက် အမျိုးသား၏ ရိုးရိုးသားသား စကားက ဆန်းဆန်းပြားပြား တွေးကာ ငြင်းနေသော ဆုယောင်အား လှောင်နေသည့် အတိုင်းပင်။ ဆုယောင် ရှိုးတိုးရှန်းတန့် ဖြစ်သွားလေသည်။ အလုပ် ကမ်းလှမ်းခံရသည်ကတော့ သတင်းကောင်းပင် ဖြစ်သည်။ လက်ထောက် အမျိုးသားကမူ ဆုယောင်အား ပြုံးပြကာ ပြန်ထွက်သွားပြီ ဖြစ်၏။ ဆုယောင်ကမူ စုန့်ယန်ဆီသို့ သွားသင့် မသွားသင့် စဉ်းစားနေတုန်းပင် ဖြစ်သည်။

"ယောင်ယောင်... ... ..."
ဆုယောင်၏ နောက်ဘက်ဆီက အသံ တစ်သံ ထွက်လာလေသောကြောင့် လှည့်ကြည့်လိုက်သောအခါတွင်မူ ဆုယောင်က အံ့အားသင့်သွားလေသည်။ မူလကိုယ်၏ မှတ်ဉာဏ်များအရ ထိုလူသည် သူမ၏ အေးဂျင့် ဖြစ်လေပြီး သူမအပေါ်တွင် အတော်လည်း အထိန်းအကွပ် လမ်းကြောင်းများ ပေးသူလည်း ဖြစ်လေသည်။ သူမ သူဌေးသမီးဟန်ဆောင်စဉ်အခါကလည်း အားတက်သရော ထောက်ပံ့ခဲ့သူ ဖြစ်ပြီး မရင့်ကျက်သော သူမ၏ ဆိုးဒဏ်ကိုလည်း အတော်ပင် ခံခဲ့ရသူ ဖြစ်လေသည်။ 

သို့သော် ဤသည်က မူလကိုယ်ပိုင်ရှင် ဆုယောင်၏ မှတ်ဉာဏ်မျှသာ ဖြစ်လေပြီး သူမအတွက်မူ ထိုလူသည် သူမအပေါ် ကောင်းသည်ဆိုသည်က မသေချာသေးသော ကိစ္စဖြစ်၏။

"အစ်ကို ခမ်း ... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

"နင့်ရဲ့ အေးဂျင့်လေ။ နင့်အတွက် အလုပ်ရှိလို့ ရောက်လာတာပေါ့"

ဆုယောင်၏ အမေးကို လောင်ခမ်းက အပြုံးနှင့်ပင် ဖြေကာ ဆုယောင်အား လက်တို့ကာ အဝတ်လှဲခန်းထဲသို့ ခေါ်လာခဲ့လေသည်။ ထို့နောက်တွင်မူ လေသံတိုးလေးနှင့် အလုပ်ကိစ္စဆိုသည်အား ပြောလေတော့သည်။

"သိတဲ့အတိုင်းပဲ လက်ထောက်က ပြီးခဲ့တဲ့ နှစ်ရက်ကမှ အလုပ်ထွက်သွားပြီး လူကလည်း အခုထိ မရသေးတော့ အလုပ်တွေ ရှုပ်နေတာ။ ရိုက်ကူးရေး အခြေအနေက ဘယ်လိုလဲ။ ထူးထူးဆန်းဆန်းတွေ ဖြစ်သေးလား"

"အကုန်လုံး အဆင်ပြေပါတယ်"

ဆုယောင် ပြုံးကာ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ဤလူ ရောက်လာရသည့် အကြောင်းရင်းစင်စစ်ကိုသာ တွေးနေလေသည်။ သူမ ဤရိုက်ကူးရေးသို့ လာစဉ်အခါကမူ ထိုလူသည် မအားဟူသော အကြောင်းပြချက်နှင့် မနက် ဝေလီ ဝေလင်း အချိန်မှာပင် သူမအား အငှားကားနှင့် တင်ပေးလိုက်ပြီး ယခုတွင်မူ ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာသည်က သေချာပေါက် အကြောင်းပြချက် ရှိပေလိမ့်မည်။ ဤလူအား ဤနေရာသို့ ရောက်လာစေသည့် အကြောင်းအရင်း စစ်စစ်က မည်သည့်အရာ ဖြစ်သနည်း။

"ဘယ်သူကမှ ထူးထူးဆန်းဆန်း မရှိပါဘူး"

"အဲ့တာပဲ ကောင်းတယ်။ ငါ ဒီကို လာတာက နင့်ကို သတင်းကောင်း ပေးစရာ ရှိလို့လာတာ။ လုပ်မယ် မလုပ်ဘူးကတော့ သေချာလေး ဆုံးဖြတ်ပေါ့။ ဒါပေမယ့်နော် ဒီအလုပ်က တကယ့်ကို တစ်သက်တာ အာမခံ အလုပ်၊ သိလား"

"တကယ်ကြီးလား"

"နင့်ကို ငါက ဘာလို့လိမ်နေရမှာလဲ။ နင် သိတယ်မို့လား။ တကယ်သာ စိတ်ပါမယ်ဆိုရင် ဘယ်လိုအလုပ်လုပ်ပဲ ဖြစ်ဖြစ် ဘဝကြီးကို ပြောင်းလဲလိုက်နိုင်တယ်ဆိုတာလေ။ လုပ်ချင်ရင်တော့ ဘာပဲဖြစ်ဖြစ် အလွယ်လေးရယ်"

လောင်ခမ်းက စကားပလ္လင်ကို အတော်ပင် ခံနေပြီမို့ ဆုယောင် မျက်ခုံး လှုပ်လာပြီ ဖြစ်လေသည်။ လွယ်လွယ်ရပြီး ချီးထုပ် ဖြစ်နေမည့် အလုပ်မျိုးကို သူမ မလုပ်လိုပေ။

"ပြောပြမယ်။ လုပ်ရမှာက အလွယ်လေးရယ်။ လူသား အရင်းအမြစ်ကို ပုံဖော် ထုတ်လုပ်တဲ့ လုပ်ငန်းက ဥက္ကဌနဲ့ တစ်ညလေးပဲ ကုန်ဆုံးပေးရမှာ။ တစ်ညပဲနော်။ ဒါပေမယ့် ပြန်ရမှာကတော့ ဘဝတစ်သက်စာပဲ။ နင် လက်ညိုးညွှန်ရာ ရေဖြစ်လာတော့မှာ။ ကဲ...ဘယ်လို သဘောရလဲ"

ရွှေတွင်း ထင်၍ ခုန်ချတော့မည့် တွင်းသည် ချီးတွင်းဖြစ်နေသည်ကို အချိန်မှီ သိလိုက်ရ၍ တော်ပေသေးသည်။ ဆုယောင်အနေနှင့်မူ လျှာပေါ်မြက်ပေါက်လျှင်ပင် ထိုသို့သော အလုပ်မျိုးကို လုပ်လိမ့်မည် မဟုတ်ပေ။ လောင်ခန်းကမူ ဆုယောင်ငြင်းမည့် အရိပ်အယောင်များ ရနေ၍ အတင်းပင်  တိုက်တွန်းနေတော့သည်။

"ဆုယောင် ... ငါက နင့်အတွက် လမ်းခင်းပေးထားရတာနော်။ အနာဂတ်မှာ နင် ကောင်းစားဖို့ ငါ ရှာဖွေပေးထားရတာကို နင် စိတ်ကူး မမှားနဲ့"

"ဘာလမ်းကို ဖွင့်တာလဲ။ အဲ့တာက အလုပ်လား။ ရူးနေပြီး ချီးစားတဲ့သူပဲ အဲ့လိုလုပ်လိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ရင်လည်း သူများဘဝကို ချနင်းပြီး မလုပ်ဘဲ နေပေးလို့ မရဘူးလား"

"ဘာ ...နင့်အတွက် ကုမ္ပဏီက စာချုပ်ထားတာ ဆယ်နှစ်လေ။ သုံးနှစ်ကျော် ကျန်သေးတယ်။ နင် ပွဲဦးထွက်ဖို့ သုံးထားတဲ့ အရင်းအနှီးတွေတောင် အခုထိ ကြေသေးတာ မဟုတ်တာကို နင်က ဘာတွေ ကြီးကျယ်ချင်နေတာလဲ။ လုပ်ဆိုရင် လုပ်လိုက်ပေါ့။ စာချုပ် သက်တမ်း ကျန်သေးတာကို မလုပ်ရင်တော့ နင့်ကို တရားစွဲပြီး လျော်ကြေးတောင်းပစ်မယ်"

"ဆုယောင် ...နင် သေချာစဉ်းစား။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခ ရှာမလား။ ငါ ခင်းပေးတဲ့လမ်းကို အဆင်သင့်လျောက်မလား။ နင် တွေးထားပေါ့"

လောင်ခမ်းကမူ စကား လိုရင်းအား ပြောပြီးသည်နှင့် ဒေါနှင့် မောနှင့် ဆောင့်အောင့်ကာ ထွက်သွားလေတော့သည်။  ဆုယောင်ကမူ ခုနှစ်နှစ်တိုင်တိုင် အလုပ်အကျွေးပြုပြီးသည့်တိုင် အားမရနိုင်သေးသော ဂုတ်သွေးစုပ် ကုမ္ပဏီအား မည်သို့လျော်ကြေးပေးရမည်ကိုသာ တွေးနေလေသည်။

ဆုယောင်၏ မျက်စိရှေ့တွင်မူ သူမ ပုတ်ထုတ်ထားသော လိပ်စာကဒ်က ရှိနေပြီး ဆုယောင်အား လက်ယက်ခေါ်နေသလိုပင်။ မိမိ ဘဝကို ချနင်းကာ စပွန်ဆာယူမည့်အစား နေ့မနား၊ ညမနား စားဖိုမှုးလုပ်ရသည်က သူမအတွက် ပိုကောင်းပေသည်။ ဆုယောင် ဆုံးဖြတ်ချက်ချပြီးသောအခါတွင်မူ လိပ်စာကဒ်ကို ကောက်ကာ အငှာကားနှင့် လိပ်စာကဒ်ပါ ဟိုတယ်သို့ ထွက်လာခဲ့တော့၏။

"ဒင် ... ဒေါင်"

အချက်ပေး ဘဲလ်သံ အဆုံးတွင် ရေချိုးခန်း ဝတ်စုံအား လျော့တိလျော့ရဲ ဝတ်ထားသည့် စုန့်ယန်က တံခါး လာဖွင့်ပေးလေသည်။ ခါးစည်းကြိုးအား လျော့ရဲရဲစည်းထားသည့် စုန့်ယန်၏ ပုံက ရင်ဘက်ကိုလည်း အနည်းငယ် လှစ်ဟထားပြီး ယောက်ျားဆန်ဆန် ဆွဲဆောင်မှုရှိသော အေငွ့အသက်များကို ထုတ်လွှတ်နေလေသည်။

"အစ်ကို စုန့် ...ကောင်းသော ညခင်းပါ"

"ဪ ... မင်းပါလား။ ကိုယ် စောင့်နေတာ ကြာလှပြီဆိုတော့ မင်းကို မလာတော့ဘူးတောင် ထင်တာ ။ မင်းက အခုထိ ဒီပုံစံပဲ ရှိသေးတယ်။ အဝတ်တွေတောင် မလဲရသေးပါလား။ ဝင်ခဲ့လေ"

စုန့်ယန်က ဆုယောင်အား တံခါး ဖွင့်ပေးပြီးသည့်နောက်တွင် အခန်းထဲသို့ ပြန်ဝင်သွားလေသည်။ ဆုယောင်က စုန့်ယန်၏ ခါးသေးသေးလေးပေါ်တွင် အကြည့် ရောက်သွားပြီး စုန့်ယန်အား တကယ်ပင် ကြောင်ပျင်းလေးဟု ခံစားရ၏။

"ဆုယောင် ... အခု မင်းကို ဒီကို ခေါ်တာနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်းတွေ တွေးနေရင် မေ့လိုက်နော်။ မဟုတ်ရင်တော့ မင်း မကြုံသင့် မကြုံအပ်တာတွေ ခံစားသွားရမယ်"

စုန့်ယန်၏ စကားကြောင့် ဆုယောင် သွေးပင်အန်ချင်သွားလေသည်။ ထူးထူးဆန်းဆန်းတဲ့။ ငါက သူ့နဲ့ ဘာဖြစ်ချင်နေမှာကြလို့။ ဟွန့် ... ဒီကလည်း ဖြစ်ချင်မနေပါဘူး။

"အဟွန့် ....ကျွန်မက ထူးထူးဆန်းဆန်း ဆိုတာ ဘာမှန်းတောင် မသိပါဘူး"

"အဓိပ္ပါယ် မရှိတာတွေ ပြောမနေနဲ့တော့။ ညနေက ချက်သလိုမျိုး စားဖို့ တစ်ခုခုပြင်ပေး။ ဟင်း တစ်ပွဲလောက် ချက်ပေး"

"မဟုတ်ဘူး။ နှစ်ပွဲ ချက်ပေး"

ဆုယောင်သည်လည်း စကား အပို မပြောတော့ပဲ ဟိုတယ်ခန်း၏ မီးဖိုခန်းဘက်သို့ လျောက်လာလိုက်လေတော့သည်။ ဟိုတယ် မီးဖိုခန်းသည် အတော်ပင် ကျယ်ပြီး ပန်းကန် ဘီရို၊ ဟင်းခတ်အမွှေးအကြိုင် ဘီရို၊ အိုးခွက်ယောက် ဘီရိုများပင် ပါပြီး မီးဖိုများပါ ပါဝင်၏။  ရေခဲသေတ္တာထဲတွင်လည်း ဝက်သား၊ အမဲသား၊ ကြက်သား၊ အသားအစုံနှင့် ဟင်းသီးဟင်းရွက် အစုံအလင်ပင် ရှိသည်။ ဆုယောင် မအံဩဘဲ မနေနိုင်တော့ပေ။ စားဖိုမှုးတစ်ယောက်၏ မီးဖိုချောင်ကြီး သဖွယ် စုံလင်လှသော မီးဖိုချောင်ကြီးအား ကြည့်ကာ အားကျစိတ်နှင့် ငေးမောနေတော့သည်။

"ဒါက ဘာလုပ်နေတာလဲ။ မြန်မြန်လေး ချက်ပေးပါဆိုမှ"

"ရှင်က အသီးအရွက်ပဲ အစားများတာဆိုရင် သိပ်ပြီး ဆီမများအောင် ချက်ပေးမယ်။ အသားနည်းနည်းရော လိုက်မယ်။ အဆင်ပြေလား"

စုန့်ယန်က ဆုယောင် ပြောသည်ကို အရေးမလုပ်ဘဲ "မြန်မြန်လေး ချက်ပါဆို" ဟုသာ ပြောနေသည်။ ဆုယောင်သည်လည်း စုန့်ယန့်အား အရေးမလုပ်တော့ဘဲ အသားနှင့် အသီးအရွက် မျှကာ တစ်ထိုင်တည်းနှင့် အကုန်ပြီးနိုင်မည့် ဟင်းပွဲမျိုးကို စဉ်းစားလိုက်ပြီး ဝက်အူချောင်း မြေအိုးထမင်း ချက်ရန် ပြင်လိုက်လေတော့သည်။ 

ဝက်အူချောင်း မြေအိုးထမင်းသည် ကွမ်တုံဘက်မှ အစားအစာ ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်လောက်ကပင် စတင်ကာ ပေါ်ပေါက်လာသော အစားအသောက် ဟင်းပွဲ တစ်မျိုးလည်း ဖြစ်ပေသည်။ မြေအိုးထမင်းတွင် အဓိကကျသောအရာမှာ ဆန်အနေအထားနှင့် အသားမှ ထွက်သော အဆီဓါတ် ဖြစ်သည်။ 

ဆုယောင်ကမူ မြေအိုးထမင်းတွင် အောက်ခြေမှ ထမင်းချိုး အကြွပ်လေးများကို အကြိုက်ဆုံး ဖြစ်ပြီး ချဉ်စပ် အရသာ စားရသည်ထက် ပြောင်အချိုသက်သက် စားရသည်ကို ပိုကြိုက်၏။ ဟင်းပွဲက မြေအိုးထမင်း သေချာပြီမို့ ဆန်ကို ထုတ်ကာ ဆုယောင် ရေဆေးလိုက်လေသည်။

ဆုယောင် ပြင်ဆင်နေသည်ကို စုန့်ယန်ကမူ စိတ်မရှည်ဟန်နှင့် ဆိုဖာကနေ အကျအန ထိုင်ကြည့်ကာ စောင့်နေသည်။ ဒါလေး စောင့်ရတာကို ရုပ်က။ဘယ်အစားအသောက်က လေထဲကနေ 'ဖွတ်' ဆိုပြီး ပေါ်လာလို့လဲ။ စားချင်ရင်တော့ စောင့်ပေါ့။

စုန့်ယန်ကမူ စိတ်ရှည်လက်ရှည် စောင့်နေရလေပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now