အပိုင်း (၃၂) အမဲသားနှပ် ခေါက်ဆွဲ
"သူတို့ နှစ်ယောက်က တကယ် လိုက်ဖက်တာပဲ"
လက်ထောက် ဒါရိုက်တာက ရိုက်ကူးထားသော မျက်နှာပြင်ကို ကြည့်ကာ စိတ်လှုပ်ရှားပြီး ထိုသို့ပြောလိုက်သည်။
ထိုအခါ ဒါရိုက်တာ ကွမ်က ပုခုံးကိုပုတ်လိုက်ကာ "သူတို့က တစ်ခုခုဆိုရင်တောင် ငါတို့က ဘာလုပ်လို့ရမှာလဲ။ မင်းက ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေရတာလဲ" ဟု ပြောလိုက်၏။
"မဟုတ်ရင်ရော ဘာကို စိတ်ဝင်စားပြီး ကြည့်ရမှာလဲ"
"ဆုယောင် ချက်နေတာကို ကြည့်လေ။ ဒါပေမယ့် အစာလည်း အများကြီး မထည့်ထားဘူး"
"အစကတော့ ခင်ဗျားပဲ ဧည့်သည်တွေကို စရိတ်နည်းနည်းပဲ ပေးပြီး နှိပ်စက်ထားတာလေ။ အခုလောဘကြီးနေလို့ ရမလား။ သူတို့က ခင်ဗျားရဲ့ တောင်းဆိုချက်ကို လက်မခံဘဲ မဆဲသွားရင်တောင် ကံကောင်း"
လက်ထောက် ဒါရိုက်တာက ထိုသို့ပြောနေသော်လည်း ဒါရိုက်တာ ကွမ်က နားမဝင်ခဲ့ပေ။
ဆုယောင် ဂျုံနယ်နေသည့် ပုံစံကိုသာ ကြည့်ပြီး ဒါရိုက်တာ ကွမ်က သွားရည်မြိုချနေခဲ့သည်။ဆုယောင်၏ ဂျုံနယ်နေပုံက ကြည့်လိုက်ရုံဖြင့် ရလာမည့် ခေါက်ဆွဲမှာ အလွန် စားကောင်းမည် ဖြစ်ကြောင်းကို ဒါရိုက်တာ ကွမ်က ကြိုသိနေခဲ့သည်။
သူ့အတွက် တစ်နေ့ ထမင်းသုံးနပ် မစားရလျှင် အဆင်ပြေသော်လည်း တစ်နေ့ တစ်ကြိမ် ခေါက်ဆွဲ မစားရလျှင် အဆင်မပြေလှပေ။
ထို့ကြောင့် အသင့်စား အစားအစာများထဲတွင် ခေါက်ဆွဲပြုတ်ကိုသာ အများဆုံး စားခဲ့သည်။သို့သော် အသင့်စား ခေါက်ဆွဲနှင့် လက်လုပ် ခေါက်ဆွဲ၏ အရသာမှာ မိုးနှင့်မြေလို ကွာခြားလွန်းလှ၏။
ဆုယောင်၏ ကျယ်လောင်စွာ ဂျုံနယ်နေသည့် အသံနှင့် အမဲသားနှပ်မှ ထွက်လာသော အနံ့များကြောင့် အဖွဲ့သားများက ခေါက်ဆွဲ မရခင်တွင် နိုးလာခဲ့ကြသည်။
အားလုံး ဆေးကြော သန့်စင်ကြပြီးနောက် ဆုယောင်၏ အနားတွင် ရပ်ကာ ခေါက်ဆွဲ လုပ်နေသည့် ပုံစံကို ဝိုင်းကြည့်နေခဲ့ကြသည်။