အခန်း (၁)

25.1K 1.4K 50
                                    

နွေနေအပူချိန်သည် (၄၁°) အထက်မို့ အသားများပင် ကျွတ်ကြဲနိုင်သည်အထိပင်။ ထိုနွေ‌နေအပူ၏ ပူပြင်းခြောက်သွေ့မှုအောက်တွင် ဝမ်းရေးတစ်ထွာအတွက် ရုန်းကန်လှုပ်ရှားနေရသူတွေကတော့ အပူချိန်ကိုပင် ဂရုမစိုက်အား။ ချွေးတဒီးဒီးကျအောင် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရသည့်တိုင် မငြီးငြူအားပါ။

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်  လှုပ်ရှားရုန်းကန်ရသည်မှာ ထိုသူတို့အတွက် နေ့စဉ်ဓူဝ တာဝန်တစ်ခုသာဖြစ်နေတော့သည်။

ရှိန်းရှိန်းတောက်နွေ၏ အပူချိန်ကို အရိပ်ထဲတွင် နေရသူအဖို့ အချိန်အတော်ကြာ  ခံစားထိတွေ့ဖို့ မလွယ်ကူလှပါ။ ထိုနွေပူထဲတွင် အင်္ကျီ မပါဘဲ ကြာကြာနေနိုင်ဖို့ဆိုရင်တော့ မတွေးဝံ့မိတဲ့ စိတ်ကူးသာဖြစ်လိမ့်မည်။
အသားများ လောင်ကျွမ်းသွားနိုင်သည်အထိ နေရှိန်ပြင်းလွန်းလှသည်။

"ဘေးကို...ဘေးကို "

သက်ဦးဇင်တစ်ယောက် ချကာလီ တွန်းလှည်းကြီးပေါ်မှာ ကုန်ပစ္စည်းအပြည့်တင်ဆွဲကာ ပါးစပ်က ဆက်တိုက်ရွတ်လာရသည်မှာ ထိုစကားပင်။ နဖူးစပ်ဆီက ချွေးသီးပေါက်များသည် အိုင်သီကာ တွန်းလှည်းလက်ရန်းလေးပင် ရွှဲရွှဲစိုအောင် တဒီးဒီးကျနေသည်။

ရှုပ်ရှုတ်ခတ်ပြီး လူများက ပျားပန်းခတ် ပြည့်ကျပ်လို့နေသည်။ ဆိုင်ကယ်၊ ကားများသာမက လူအများက စျေးကျဥ်းကျဥ်းနေရာလေးတွင် ခြေချစရာနေရာမရှိအောင်ပင်။ စျေး၀ယ်၊ စျေးသည်များနှင့် စျေးဧရိယာတစ်ခုလုံးသည် ပြည့်နှက်လျက်။

အင်္ကျီလက်ရှည်ကို ပခုံးကနေသိုင်းထားပြီးတော့ စပို့ရှပ်တစ်ထည်သာ သက်ဦးဇင် အမြဲ ဝတ်ထားလေ့ရှိသည်။ တစ်ခါတစ်ရံ အင်္ကျီကိုချွတ်၍ ပခုံးပေါ်တွင်သာ တင်ထားတတ်သည်။ တိုတိုတုတ်တုတ် ဝတ်ဆင်လေ့ရှိတဲ့ ပုဆိုးခါးပုံစထဲမှာ ကွမ်းယာတစ်ထုပ်ကတော့ မပါမဖြစ်။ ပင်ပန်းနွမ်းလျမှုတွေက ကွမ်းတစ်ယာ ပါးစောင်မှာ ညှပ်လိုက်ရုံဖြင့် အမောသက်သာတာမျိုး။

အားကစား မလေ့ကျင့်ထားသည့်တိုင် တုတ်ခိုင်သန်စွမ်းလှသည့် လက်မောင်းကြီးနှစ်ဖက်က ချကာလီတွန်းလှည်းလေးရဲ့ တစ်ဖက်တစ်ချက်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ချကာလီ ဆွဲသယ်ရသည့်အချိန်များတွင် လက်ဖျံရိုးများပင် ထိုးထောင်နေတတ်သည်။ ကြွက်သားစိုင်များသည်တော့ ကျစ်လျစ်တောင့်တင်းလျက် ရှိပါ၏။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now