အခန်း (၁၇)

1.6K 46 1
                                    

အခန်း (၁၇)

မန္တလေး၏ နွေညတွေသည် လေပြေညှင်းလေးတွေ ရိုက်ခတ်သွေးဆော်မှုကြောင့် အေးစိမ့်စိမ့် ရှိလှသည်။ ဒီယံပျိုး ဆိုင်ကယ်လေးကို ဖြည်းဖြည်းမှန်မှန်လေး မောင်းကာ အတွေးများ နယ်ချဲ့လျက်ရှိသည်။

ပထမဆုံး အတွေးထဲရောက်လာသည်က သူ့ရဲ့ ကောင်မလေး ပန်းသွန်းရူပါ ပင်။ သူတို့ ချစ်သူဖြစ်တာ တစ်နှစ်တောင် မရှိသေးသည့်အချိန်မှာ ပန်းသွန်းက ခိုးရာလိုက်ပြေးဖို့ တတွတ်တွတ် ပူဆာနားရှုပ်လျက်ရှိသည်။ တကယ်ဆို သူ ပန်းသွန်းအပေါ်မှာ ထားတဲ့ခံစားချက်တစ်ခုက စိတ်တွေပြိုလဲနေချိန်မှာ မှီရာနွယ်တစ်မျှင်ကို လှမ်းဆွဲခဲ့ရုံသာ။ လက်ထပ်ဖို့အထိတော့ အဝေးကြီးမှာ တွေးထားမိရုံသာဖြစ်ခဲ့သည်။

အချစ်ကို တစ်ယောက်တည်း ရူးရူးမိုက်မိုက်နဲ့ လူမသိ သူမသိ အစွမ်းကုန် ချစ်ပေးခဲ့ပြီးချိန်မှာ သူ အချစ်ခံချင်ပါသည်။ ပက်ပက်စက်စက် လူတစ်ယောက်ဆီက မြတ်နိုးယုယခြင်းများကို ဒီယံပျိုး လိုအပ်ခဲ့ပါ၏။ တစ်စုံတစ်ယောက်ရဲ့ အရေးပေး၊ အရာဝင်မှုအောက်မှာ သူ ခံစားပျော်ဝင်ချင်သည်။ ထို့အတွက် ကော်ဖီဆိုင်မှာ နေ့တိုင်းတွေ့ဆုံ ရင်းနှီးပြီးခဲ့တဲ့ ပန်းသွန်းရူပါကို အချစ်ခေါင်းစဉ်တပ်ပြီး လွဲမှားစွာပင် ချစ်ရေးဆိုခဲ့ခြင်းဖြစ်သည်။

အချစ်ဆိုတာလည်း ဆန်းကြယ်သောအရာပင်။ သူ့အပေါ် သဲသဲလှုပ် အကဲပိုအောင် ချစ်တဲ့ ပန်းသွန်းအပေါ်ကျ ညီမလေးတစ်ယောက်ထက် ပို၍ ချစ်မရခဲ့ခြင်းပင်။ စိတ်နှစ်ပြီး သေချာကြိုးစားခဲ့ပြီးတောင် မအောင်မြင်ခဲ့ပါ။ နောက်ဆုံးသိခဲ့ရတဲ့ အဖြေတစ်ခုက သူ ထိုကောင်မလေးအပေါ် ချစ်မြတ်နိုးခြင်း လုံးဝ မရှိဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခုကို သူ အသေအချာ ချထားလိုက်ခဲ့သည်။ မကြာတော့တဲ့ တစ်နေ့မှာ ပန်းသွန်းဆီက ခွင့်လွှတ်ခြင်းကို တောင်းခံပြီး သူငယ်ချင်း ဆက်နွယ်မှုအဖြစ် ပြောင်းလဲဖို့သာဖြစ်သည်။

အတွေးများနှင့် ယောက်ယက်ခတ်နေချိန်မှာပင် နောက်ကနေ ဆိုင်ကယ်တစ်စီးရဲ့ အရှိန်ပြင်းပြင်း တွန်းကန်မှုကြောင့် ဒီယံပျိုး ဆိုင်ကယ်လေး လွင့်စင်ခါယမ်းသွားသည်။ ထို့နောက် လမ်းမရဲ့ ဘေးတစ်ဖက်ချက်မှာ ပုံ့ပုံ့လေး လဲကျသွားသည်။ အခြေအနေတို့က လျင်မြန်လွန်းလှသည်။ တစ်ဖက်က ဆိုင်ကယ်နှစ်စီးပေါ်က လူသုံးယောက် သူ့ဆီ လျင်မြန်သော အရှိန်နှင့် ဝင်လုံးကြသည်။ ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်းမသိအောင် ကြောင်အ သွားခဲ့သည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now