အပိုင်း - (၁၁)

4.5K 449 18
                                    

လေယာဉ်ပေါ်ရောက်တော့ နေးလက်ျာက လျှန့်ဘေးမှာထိုင်သည်။ ဒီခရီးက သူတို့နှစ်ယောက်အတူသွားဖြစ်တဲ့ ပထမဆုံးအလုပ်ခရီးဖြစ်သည်။ နေးလက်ျာကို လျှန့်အတွင်းရေးမှူးအဖြစ် ခေါ်ထားပြီးကတည်းက နေ့ချင်းပြန်အလုပ်ခရီးမျိုးသာသွားဖြစ်သည်။ 

လေယာဉ်ထွက်ခွာပြီး ဆယ်မိနစ်လောက်ကြာတဲ့အထိ နေးလက်ျာတစ်ယောက် မျက်လုံးကိုတွင်တွင်မှိတ်လျက် အနေအထားမပျက်။ စိတ်ရှုပ်ထွေးစရာတွေများနေမယ့်သူ့ကို လျှန်လည်းအနှောင့်အယှက်မပေးချင်တာကြောင့် အွန်လိုင်းစတော့ရှယ်ယာဈေးသတင်းတစ်ခုကိုသာ ကြည့်နေသည်။ 

အချိန်တစ်ခုကြာတော့ လေယာဉ်မယ်က ဘာသုံးဆောင်မလဲ ဆိုလာတာကြောင့် လျှန်က ကော်ဖီတစ်ခွက်မှာပြီးနောက်မှာတော့ သူ(မ)က နေးလက်ျာကိုလည်း မေးလာသည်။ နေးလက်ျာဆီက အဖြေပြန်မလာတာကြောင့်

" နေးလက်ျာ... မင်း ဘာသောက်မလဲ "

လျှန့်စိတ်ထင်တာပဲလားမသိ။ ပြတင်းပေါက်ရှိရာဘက်ကို ခေါင်းမှီအိပ်နေတဲ့နေးလက်ျာက အသက်ရှူတာ ပုံမှန်မဟုတ်သလိုပင်။ လျှန် သူ့လက်မောင်းရင်းကိုလှုပ်ကိုင်မိတော့ မျက်လုံးအသာဖွင့်ကြည့်လာသူက နဖူးစပ်တွင် ချွေးစတို့အနည်းငယ်စို့နေလျက်။

" နေးလက်ျာ... မင်း နေမကောင်းဘူးလား "

လေယာဉ်ပေါ်ရောက်မှ ရုတ်ချည်းဆိုသလို နွမ်းဖတ်ပျော့ခွေသွားတဲ့နေးလက်ျာကြောင့် လျှန်ရင်ထဲထိတ်သွားသည်။ လျှန်မေးတာကို ခေါင်းရမ်းတယ်ဆိုရုံလေးသာ အကြောင်းပြန်လာပြီး မူလပုံစံအတိုင်း ပြန်အိပ်သွားသူ။ တင်းတင်းကျပ်ကျပ်ဆုပ်ထားတဲ့လက်နှစ်ဖက်ဆီ အကြည့်ရောက်မိတော့ ပိုင်ရှင်ထံအခွင့်မတောင်းပဲ လျှန် ဆုပ်ကိုင်မိသည်။ အေးစက်နေတဲ့လက်ဖျားတို့က နေးလက်ျာသည် ပုံမှန်မဟုတ်ကြောင်း သက်သေထူသည်။

" နေး... မင်း ဘာဖြစ်နေတာလဲ... ကိုယ့်ကိုပြော "

" ဘာမှမဖြစ်ဘူးလို့ မပြောနဲ့... မင်း တစ်ခုခုဖြစ်နေတာ ကိုယ်သိတယ် "

လျှန့်အမေးကို ဒုတိယအကြိမ်ခေါင်းခါပြလာမည့်သူက လျှန့်စကားကြောင့် ခေတ္တတွေဝေသွားသည်။ လေယာဉ်မယ်လေးကလည်း သူတို့နှစ်ယောက်ရဲ့အခြေအနေကို အကဲခတ်နေသည်။ 

My Beautiful SPOUSEWhere stories live. Discover now