အပိုင်း - (၁၉)

3.9K 443 31
                                    

ဆေးရုံရှေ့ကိုရောက်တာနဲ့ လျှန် ကားပေါ်ကနေ ခပ်သွက်သွက်ဆင်းရင်း ခြေလှမ်းကျဲတွေနဲ့အတူ အထဲကို ပြေးဝင်သွားမိသည်။ စိုးရိမ်မှုကြောင့် အရှိန်ပြင်းပြင်း တောက်လောင်နေတဲ့ ရင်အစုံက လျှန့်နှလုံးသားကို အပိုင်စားရတဲ့ချစ်မိသူကို မတွေ့ရမချင်း ရတက်အေးအံ့မည်မထင်။

" ဦးနော်!! "

ဆေးရုံရဲ့ လောဘီကိုရောက်တော့ ကောင်တာကနေ တစ်ခုခုယူပြီး လှည့်ထွက်လာတဲ့ ဦးနော်ကို လှမ်းတွေ့လိုက်ရသည်။ လျှန့်ကို မမြင်တာကြောင့် အနောက်ကနေ လှမ်းခေါ်လိုက်တော့မှ ဦးနော်က လှည့်ကြည့်လာသည်။

" အော်... ဒုဥက္ကဌ အလုပ်ခရီးကပြန်ရောက်ပြီလား "

မျက်နှာအနည်းငယ်နွမ်းနေတဲ့ ဦးနော်က ရောက်နေရာမှာပဲ ရပ်နေသည်။ လျှန်က ဦးနော်အနားကို ခပ်သွက်သွက်လှမ်းလာရင်း

" နေး... နေးလက်ျာက ဘယ်လိုဖြစ်တာလဲ... ဦးနော် "

" အင်း... နောက်မှပြောကြတာပေါ့ ... အရင်ဆုံး နေးနေးဆီသွားရအောင် ... အခန်းထဲမှာ နေနေးတစ်ယောက်တည်း ကျန်နေခဲ့တာ "

" ဂရင်းကရော "

" ဂရင်းက နေးနေးကို မနေ့ညကတစ်ညလုံး စောင့်ပေးထားလို့ ခဏအိမ်ပြန်ခိုင်းထားတယ် "

နေးရဲ့အခန်းက လေးထပ်မြောက်မှာ ဖြစ်ပုံရသည်။ မြေညီထပ်ကနေ လေးဂဏန်းဆီ တဖြည်းဖြည်းရွေ့နေတဲ့ ဓာတ်လှေကားက ကိန်းဂဏန်းတွေကိုကြည့်ရင်း လျှန့်စိတ်ထဲမှာ အချိန်အရမ်းကြာတယ်လို့ ခံစားနေရသည်။

ဓာတ်လှေကားထဲမှာလည်း သူတို့နှစ်ယောက်လုံး စကားမဆိုဖြစ်။ ‌ဓာတ်လှေကားက လေးထပ်မြောက်မှာ ရပ်သွားပြီး ဦးနော်က အရှေ့ကအရင်ထွက်သွားသည်။ အခန်းတစ်ခုရှေ့ကိုရောက်တော့ ဦးနော်ကရပ်လိုက်ပြီး လျှန့်ဘက်ကိုကြည့်လာသည်။ သက်မောတစ်ချက်ချရင်း

" အထဲဝင်သွားလို့ နေးနေးနဲ့တွေ့ရင် အလိုက်သင့်လေးနေပေးဖို့ ဒုဥက္ကဌကို ကျွန်တော်မေတ္တာရပ်ခံပါရစေ "

ဦးနော်ရဲ့စကားအဓိပ္ပါယ်ကဘာလဲဆိုတာ လျှန် နားမလည်။ ဒါပေမယ့် လျှန် ခေါင်းညိတ်ပြမိသည်။ ဒီတံခါးချပ်ရဲ့နောက်ကွယ်မှာ သူ့နှလုံးသားပိုင်ရှင်သည် ဘယ်လိုပုံစံနဲ့ စောင့်ကြိုနေမလဲဆိုတာ သူသိချင်လွန်းနေပြီဖြစ်သည်။

My Beautiful SPOUSEWhere stories live. Discover now