xxxxxနိုင်ငံမှာ တက္ကသိုလ်သွားတက်ဖို့ ဟာနူးလ် လေဆိပ်ရောက်နေသည်။ ခမည်းတော်နှင့် မယ်တော်အပြင် အဘွားတော်ကပါ တကူးတက လေဆိပ်ကို လိုက်ပို့ပေးသည်။
" ဟိုရောက်ရင် မယ်တော့်ဆီ ချက်ချင်း ဆက်သွယ်နော်... "
အမြဲတမ်း အိမ်မှာပဲ home guideနဲ့ စာသင်ခဲ့ရတာမလို့ တိုင်းတစ်ပါးမှာ စာသွားသင်ရမည့် ဟာနူးလ်ကို မယ်တော်က စိတ်ပူနေသည့်ပုံ။
" သူငယ်ချင်းတွေကို တွေ့ရာလူမပေါင်းနဲ့နော်... ဒီအဘွားတော်ကို လှမ်းပြပေး... အဘွားတော်က လူကဲခတ်ပေးမယ်... "
တခြားနိုင်ငံ ရောက်နေတာတောင် လိုက်ထိန်းချုပ်ချင်နေသော အဘွားတော်အား ဟာနူးလ် ဟန်ဆောင်ပြီးသာ ပြုံးပြလိုက်မိသည်။ ခမည်းတော်ကတော့ ဟာနူးလ်ကို နားလည်သည့်အလား ပုခုံးကို ညစ်ကာ အားပေးရှာသည်။
" ဟာနူးလ်!! "
အထုပ်အပိုးတွေနဲ့ လေဆိပ်ထဲ ဝင်လာတဲ့ ဟန်ဘင်းကြောင့် အားလုံး ဟန်ဘင်းကို တအံ့တဩ လိုက်ကြည့်နေကြသည်။ အားလုံးထဲမှာ အအံ့ဩဆုံးသူကတော့ ဟာနူးလ်ပင်။
" ဟန်ဘင်း... မင်းက... ဘာလို့... "
ဟန်ဘင်း မျက်လုံးတွေပါ မှိတ်သွားသည်အထိ ပြုံးပြလိုက်ကာ
" ငါလည်း မင်းနဲ့အတူ တက္ကသိုလ် တက်မလို့လေ... "
ဟာနူးလ်တစ်ယောက် ချက်ချင်းပင် မျက်ရည်တွေ ဝဲတက်လာပြီး ဟန်ဘင်းအား ပြေးဖက်လိုက်မိတော့သည်။
" မင်း ငါ့ကို ပြောလည်း မပြောဘူး... "
ဟန်ဘင်းလည်း ငိုနေတဲ့ ဟာနူးလ်ရဲ့ ကျောပြင်အား အသာအယာပုတ်ပေးရင်း
" စပရိုက်စ်ဖြစ်စေချင်လို့လေ... "
ဘယ်သူ့ကိုမှ ထုတ်မပြောဖြစ်ပေမယ့် တခြားနိုင်ငံမှာ သွားနေရမည်ကို ဟာနူးလ် အနည်းငယ် ကြောက်စိတ်ဝင်မိပါသည်။ အခုတော့ ဟန်ဘင်းကပါ သူနဲ့အတူ လိုက်တက်မည်ဆိုတော့ ဟာနူးလ် ရင်ထဲက စိုးရိမ်စိတ်၊ ကြောက်စိတ်တွေအကုန် လွင့်ပြယ်သွားရသည်။
သူ့ကို တစ်ယောက်တည်း လွှတ်ရမှာကို စိတ်ပူနေတဲ့ မယ်တော်နဲ့ ခမည်းတော်လည်း ဟန်ဘင်းပါ အတူလိုက်သွားမှာဆိုတာကြောင့် ဝမ်းသာသွားကြတော့သည်။