" နောက်တစ်ခါ အခုလို ကိုယ့်ကိုယ်ကို ထိခိုက်အောင် မလုပ်နဲ့တော့နော်... ပတ်ဂွန်းဝု.... "
ဆေးလိမ်းပြီး ပတ်တီးစည်းထားတဲ့ ဂွန်းဝုရဲ့ လက်ကို အသာကိုင်ထားရင်း ဟာနူးလ်ပြောလိုက်သည်။ ဂွန်းဝုလည်း မထိခိုက်ထားတဲ့ ညာဘက်လက်ကနေ ဟာနူးလ်ကို ပွေ့ဖက်လိုက်ပြီး
" အစ်ကိုလည်း ကျွန်တော့ကို ပစ်မထားနဲ့တော့နော်.... "
ဂွန်းဝုရဲ့စကားကြောင့် ဟာနူးလ်လည်း ရင်မောစွာ သက်ပြင်းရှိုက်လိုက်ရင်း
" ဒီလိုမျိုးဆိုရင် ငါ ဘယ်လိုလုပ်ရတော့မလဲ... ဂွန်းဝုရယ်... ဟမ်... နောက်ဆုံးကျရင် ငါတို့နှစ်ယောက်က ဘယ်လိုမှ အတူမရှိနိုင်ဘူးဆိုတာ သိရဲ့သားနဲ့ ... တစ်ခဏလေး ပစ်ထားလိုက်မိတာတောင် မင်းက အခုလို ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်တယ်ဆိုတော့... နောက်ကျရင် ဘယ်လိုလုပ်မလဲလို့ .... "
" ကျွန်တော်လည်း မသိတော့ဘူး... အစ်ကို့ကို လက်လွှတ်ပေးနိုင်မယ်လို့ မထင်တော့ဘူး.... ဒီအတိုင်းလေး တိုးလက်စနဲ့ ရူးရူးမိုက်မိုက် ရှေ့ဆက်တိုးကြရအောင်လေ.... "
ဂွန်းဝုရဲ့ စကားကို ဟာနူးလ် ခေါင်းတတွင်တွင်ခါကာ ငြင်းဆိုလိုက်ပြီး
" ဟင့်အင်း... မဖြစ်နိုင်ပါဘူး......... ဂွန်းဝု...... ငါတို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်.... နော်.... "
" အခုမှတော့ ရပ်လို့ မရတော့ဘူး.... ကျွန်တော် အစ်ကိုနဲ့အတူ ရှိရဖို့ ဘာမဆိုလုပ်မှာ.... အခုလို ထိခိုက်ရမယ်ဆိုရင်တောင်.... ကျွန်တော်.... "
" ငါ့ကို မခြိမ်းခြောက်ပါနဲ့ .... ပတ်ဂွန်းဝု.... ငါ့ကို... မခြိမ်းခြောက်ပါနဲ့ .... "
ဟာနူးလ်တစ်ယောက် စိတ်ရှုပ်ထွေးမှုတွေကို သည်းမခံနိုင်တဲ့အဆုံး အားရပါးရ ငိုချလိုက်မိတော့သည်။ တကယ်ဆိုရင် အစကတည်းက ဇာတ်လမ်းမစခဲ့သင့်တာ။ ခဏလေးပဲ အတူရှိရရှိရဆိုပြီး မရူးမိုက်ခဲ့သင့်တာ။ အခုကျတော့ အဲဒီရူးမိုက်မှုက နှစ်ဦးနှစ်ဖက်စလုံးကို ပိုထိခိုက်စေလာသည်။ သူသာ အိမ်ရှေ့စံမင်းသားမဖြစ်ခဲ့ဘဲ သာမန်လူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။