16

541 95 5
                                    

သား‌တော်ငယ်အကြောင်းကို မယ်တော် သိပြီးသွားချိန်မှာတော့ တော်ဝင်စံအိမ်၌ စစ်အေးတိုက်ပွဲတွေ ဖြစ်လို့နေသည်။ မယ်တော်ဟာ အဘွားတော်ကို စိတ်နာပြီး စကားလုံးဝ မပြောတော့ချေ။ ထို့အပြင် အခန်းထဲက‌နေ အပြင်ကိုတောင် မထွက်တော့ဘဲ တစ်နေကုန် အခန်းထဲမှာပဲ နေ,နေတော့သည်။

မိသားစုအတွင်းရေးကိစ္စတွေ ရှိနေပေမယ့်လည်း ခမည်းတော်နဲ့ ဟာနူးလ်မှာ အရေးကြီးအစည်းအဝေးတွေ တက်နေရသေးတာကြောင့် မယ်တော့်ကို အချိန်ပေး၊ အဖော်မပြုနိုင်သေး။ နေ့ဘက်တွေမှာဆို အိမ်တော်မှာက အဘွားတော်နဲ့ မယ်တော်ပဲ ကျန်ခဲ့ရတာဆိုတော့ အဘွားတော်နဲ့ မျက်နှာချင်းမဆိုင်ချင်တဲ့ မယ်တော်ဟာ အခန်းထဲမှာ နေဖို့သာ ရွေးချယ်လိုက်သည့်ပုံ။

သူမကိုယ်တိုင် ဝမ်းနဲ့ လွယ်မွေးခဲ့ရသည့် သားတော်ကို ဘာမဟုတ်သည့် ဟောကိန်းတစ်ခုကြောင့်နဲ့ စွန့်ပစ်လိုက်သော အဘွားတော်အား မယ်တော်က အကြီးအကျယ် စိတ်နာသွားပြီ။

ဆေးရုံမှာ ပြန်သတိရလာကတည်းက ဟာအို့ရဲ့ အကြောင်းတွေ ဟာနူးလ်တို့ ပြောပြထားလို့ ဟန်ဘင်းနဲ့ ချစ်သူတွေဖြစ်နေတာကိုပါ မယ်တော်က သိပြီးလေပြီ။ ဓာတ်ပုံလေးတွေကို တစိမ့်စိမ့်ကြည့်ပြီး ဟာအို့ကို တွေ့ချင်ကြောင်းလည်း ဟာနူးလ်ကို တဖွဖွပြောနေသည်။ မြို့တော်ကို ခေါ်ဖို့လည်း ပြောနေတာကြောင့် ဟာအိုက အကြောင်းစုံမသိသေးလို့ ခေါ်မရသေးကြောင်း ဟာနူးလ်မှာ ချော့မော့ရှင်းပြထားရသည်။

ဟာအို့ကို တော်ဝင်မိသားစုတွေရဲ့ အရှုပ်ထုပ်တွေကြား ဟာနူးလ်က ရောက်မလာစေချင်ပေမယ့် ခမည်းတော်ကတော့ အားလုံး စိတ်မထိခိုက်စေဘဲနဲ့ သားတော်ငယ်ဖြစ်သူကို ပြန်ခေါ်နိုင်ရန် ကြံစည်နေလေသည်။ အဓိကကတော့ ဘာကြောင့် စွန့်ပစ်ခံရသလဲဆိုတာ ဟာအို့ကို မသိစေချင်တာပင်။ အဘွားတော်ကို မုန်းသွားမှာစိုးလို့ မဟုတ်ဘဲ ဟာအို့စိတ်ထဲ ထိခိုက်ဒဏ်ရာရသွားမှာကို စိုးရိမ်တာကြောင့်ဖြစ်သည်။

တဖြည်းဖြည်းချင်းတော့ ဟာအို့ကို အသိပေးရမှာပဲ။ ဟာအို့ဘက်ကလည်း သူတို့ရဲ့ ပတ်သက်မှုကို နည်းနည်းတော့ ရိပ်မိနေမှာပဲလေ။ အချင်းချင်းလည်း သံယောဇဉ်ရှိတာကြောင့် ဆိုးဆိုးဝါးဝါးကြီး မတုံ့ပြန်ဖို့ ဟာနူးလ် မျှော်လင့်ပါသည်။

Royal Prince Where stories live. Discover now