" လိမ်နေတာတွေ တော်လိုက်ပါတော့... ဒီဆိုင်ပိုင်ရှင်ဆိုတာနဲ့တင် ခင်ဗျားက ဂျန်ဟာအိုမှန်း ကျွန်တော် သိတယ်.... "
ဂွန်းဝုရဲ့ စကားကြောင့် ဟာနူးလ်မှာ ခဏလောက် ပြောစရာစကား ပျောက်သွားရသည်။ နေပါဦး... ဒီကလေးက ငါ့ကို အိမ်ရှေ့စံမှန်း သိသွားတာမဟုတ်ဘဲ ဟာအိုလို့ ထင်သွားတာလား။ ပြီးတော့ ဟာအိုနဲ့က ဘာအကန့်တွေရှိလို့ ဒီလို ခါးခါးသီးသီး ဖြစ်နေရတာလဲ။
" ငါက ဟာအိုမှ မဟုတ်တာ... ဂွန်းဝုရ... "
ဟာနူးလ် ပြောတာကိုတောင် ဂွန်းဝုက အဖက်မလုပ်တော့ဘဲ လှည့်ထွက်သွားတော့သည်။ ဟာနူးလ်လည်း ခပ်မြန်မြန် ဂွန်းဝုရဲ့လက်ကို လှမ်းဆွဲကာ တားလိုက်မိသည်။
" ဂွန်းဝု... "
" ဟာနူးလ်.... "
ခေါ်သံနှစ်ခုက တစ်ပြိုင်နက်ထဲ ထွက်လာလေသည်။ ထွက်သွားဖို့ ပြင်နေသော ဂွန်းဝုလည်း သူ့ရှေ့မှာ ပေါ်လာတဲ့သူကြောင့် ခြေလှမ်းတွေ ရပ်သွားရသည်။
" ဘာ... ဘာ... ဘာတွေလဲ.... "
အထိတ်တလန့်ဖြစ်သွားပြီး စကားတွေ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသော ဂွန်းဝုကြောင့် ဟာနူးလ်လည်း ဂွန်းဝုရဲ့ အရှေ့ကလူကို ခေါင်းလေးစောင်းကာ လှမ်းကြည့်မိသည်။
" ဟာအို... "
ဟာအိုက ဟာနူးလ်တို့အနား ရောက်လာပြီး
" ဟန်ဘင်းက ဟာနူးလ်အပြင်ထွက်သွားတယ်ဆိုလို့... စိတ်မချလို့ လိုက်လာတာ... ဘာလို့ သူနဲ့ အတူရှိနေတာလဲ... "
ဟာနူးလ်လည်း ခပ်တောင့်တောင့်ကြီးနဲ့ ရပ်နေတဲ့ ဂွန်းဝုကို တစ်ချက်မော့ကြည့်လိုက်ပြီး
" ငါ့ အသိလေ... ဟာအိုနဲ့က သိပြီးသား ဖြစ်မယ်ထင်တယ်.... "
" ခဏ...ခဏ.... ခဏ...ခဏ... "
အလယ်ကနေ လက်တကာကာနဲ့ ဝင်တားလာတာမလို့ ဟာနူးလ်နဲ့ ဟာအိုလည်း ဂွန်းဝုကို လှည့်ကြည့်မိကြသည်။ ဂွန်းဝုက သူ့ပါးစပ်ကို သူ အုပ်ထားရင်း
" နှစ်ယောက်က အမြွှာတွေလား... "
ဂွန်းဝုရဲ့ မေးခွန်းကို မဖြေခင် ဟာနူးလ်နဲ့ ဟာအို တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။