" ဂွန်းဝု.... "
မတွေ့ရတဲ့ရက်ပိုင်းလေးအတွင်းမှာ ဂွန်းဝုတစ်ယောက် ညှင်းသိုးသိုးရုပ်ဖြစ်နေလေပြီ။ ရှင်းလင်းမထားတဲ့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးငုတ်စိလေးတွေနဲ့အတူ ဖြစ်သလို ဝတ်စားထားတဲ့ပုံစံကြောင့် တက္ကသိုလ်ကျောင်းသားလို့ပင် မထင်ရတော့။ လမ်းလျှောက်နေတဲ့ပုံကလည်း စိတ်ကျနေတဲ့သူတစ်ယောက်လို ခေါင်းငိုက်စိုက်နဲ့။ ပတ်ဂွန်းဝုရဲ့ အသည်းကွဲနေတဲ့ပုံစံကို ကြည့်ရင်း ဟာနူးလ်မှာ မျက်ရည်တွေဝဲကာ ငိုချင်လာရပြီ။
အကယ်၍ ဟာအိုသာ သူ့အတွက် ကူပြီး မစဉ်းစားပေးခဲ့ရင်၊ သူသာ မိန်းမတစ်ယောက်ကို ယူဖို့ ဆုံးဖြတ်ခဲ့ရင် ဂွန်းဝုအခြေအနေက ဒီ့ထက် ပိုဆိုးသွားတော့မှာ။
ဘေးပတ်ဝန်းကျင်ကို ဘာမှဂရုမစိုက်ဘဲ အတန်းထဲ ခေါင်းငိုက်စိုက်နဲ့ ဝင်ဖို့ပြင်နေတဲ့ ဂွန်းဝုအား ဟာနူးလ် လှမ်းဆွဲလိုက်ပြီး ဘာမှ တုံ့ပြန်ခွင့်မပေးဘဲ ဆွဲခေါ်လာခဲ့လိုက်သည်။
အတန်းထဲ ဝင်ခါနီးမှာ ရုတ်တရက်ကြီး အနောက်ကနေ လှမ်းဆွဲလိုက်တာကြောင့် ဂွန်းဝု ကြောင်အမ်းသွားရသည်။ သို့သော် ဘာမှ တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ အတင်းဆွဲခေါ်သွားတဲ့သူကြောင့် ဂွန်းဝုမှာ ခလုတ်တိုက်မတတ် တရွတ်တိုက်ကြီး ပါသွားရတော့သည်။
အဆွဲခံထားတဲ့လက်ကို ရုန်းဖို့ ပြင်လိုက်စဉ် အနောက်ကနေ မြင်နေရတဲ့ ကျောပြင်ငယ်အား ကြည့်ရင်း ဘယ်သူဘယ်ဝါဆိုတာကို ရိပ်မိလိုက်တာကြောင့် ရုန်းဖို့မလုပ်တော့ဘဲ ထိုလူဆွဲခေါ်ရာနောက် အသာတကြည်ပဲ လိုက်လာမိတော့သည်။
တက္ကသိုလ်ဝင်းထဲမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေအတွက် လုပ်ပေးထားတဲ့ ထိုင်ခုံတန်းတွေဆီကို ရောက်တော့မှ ထိုသူက ဂွန်းဝုရဲ့ လက်ကို လွှတ်ပေးလာလေသည်။ ထို့နောက် ဂွန်းဝုကို နောက်ကျောပေးကာ ရပ်နေပြီး ဘာမှ ပြောမလာသေးပေ။ ထိုသူ့ဆီက စကားသံကို ဂွန်းဝုနားစွင့်နေပေမယ့် အတော်ကြာတဲ့အထိ စကားသံထွက်မလာတာကြောင့် ဂွန်းဝုလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး
" ဘာပြောမလို့ ကျွန်တော့ကို ဆွဲခေါ်လာတာလဲ အစ်ကို... ဘာမှ ပြောစရာမရှိရင် ကျွန်တော်သွားတော့မယ်... "