Part 1 (Unicode )

11.3K 319 5
                                        

အခန်းထဲတိတ်ဆိတ်နေတာကြောင့် လူကြီးလေးယောက်၏ အသက်ရှုသံတွေကို အတိုင်းသားကြားနေရသည် ။ မျက်နှာထားတင်းတင်းနဲ့ထိုင်နေသည့် အမျိုးသားနဲ့အမျိုးသမီး၏အရှေ့တွင် အဝတ်အစားခပ်နွမ်းနွမ်းနဲ့ အခြားအမျိုးသားအမျိုးသမီးစုံတွဲ ။ သူတို့ဘေးနားမှာတော့ ကလေးငယ်လေးတစ်ဦး ။ ဝိုင်းဝိုင်းစက်စက်မျက်လုံးလေးတွေနဲ့ အိမ်ကြီးကိုလှည့်ပတ်ကြည့်နေသည့်ပုံလေးက တစ်ခါမှမမြင်ဖူးတဲ့အရာတွေကို အထူးအဆန်းသဖွယ်ငေးကြည့်နေတာမျိုး ။

" ငါတို့က လက်မခံနိုင်ဘူးဆိုရင်ရော ၊ မင်းတို့က
ဘာလုပ်ချင်လဲ "

တိတ်ဆိတ်နေသည့်အချိန် ပထမဆုံးထွက်လာသည့်စကားသံ။

" မမကြီးတို့ လက်မခံရင် ၊ ကျွန်တော်တို့က ကလေးကိုပြန်ခေါ်သွားပြီး မိဘမဲ့ဂေဟာဖြစ်ဖြစ်ပို့ပေးပါ့မယ် ။ ဒီကိုလာပို့တယ်ဆိုတာကလဲ  ဘဘကြီးရှိနေတုန်းက ပို့လိုက်တဲ့စာကြောင့်ပါ ။ စာထဲမှာ ဘဘကြီးကသူ့သမီးနဲ့သူ့မြေးကို
အိမ်ပြန်လာခိုင်းပေမယ့်  မေရီက မာနအရမ်းကြီးတော့
ပြန်လာဖို့မပြောခဲ့ပါဘူး ။ သူကျန်းမာရေးမကောင်းလို့ နောက်ဆုံးအချိန်ရောက်မှ သူ့သားလေးကို သူ့အဖိုးဆီပို့ပေးဖို့မှာခဲ့တာပါ "

အိမ်ပိုင်ရှင်အမျိုးသမီးက သူ့မျက်နှာလှလှလေးကို ရုပ်ဆိုးသွားစေတဲ့အထိ မဲ့ရွဲ့လိုက်ရင်း

" တွေ့ရာလင်ကိုယူပြီး  အခုလိုဒုက္ခရောက်မှ အိမ်ပေါ်လာထိုးတင်ရအောင်  ငါတို့အိမ်က ဇရပ်မဟုတ်ဘူး ။ နောက်ပြီး  ရတနာစံအိမ်ဆိုတာ လမ်းဘေးက ကလေကချေတွေ ခြေချစရာနေရာမှမဟုတ်တာ။ အဆင့်အတန်းမရှိ ပေါက်လွှတ်ပဲစားယူချင်တဲ့သူကိုယူ ၊ မျိုးရိုးမသန့်တာလေးတွေမွေးလာပြီးမှ ငါတို့ဆီပြန်လာပို့တော့ အိမ်မှာရှိနေတဲ့ ငါတို့ကလေးတွေဆီကိုပါ မကောင်းတဲ့စရိုက်တွေ ကူးလာနိုင်တယ်လေ "

" ဒါကတော့ မမကြီးတို့သဘောပါခင်ဗျာ ။ဒီကလေးကိုလာပို့တာကလည်း သူ့အဖိုးရှိနေသေးတယ်ထင်လို့ပါ ။ နောက်ပြီး ဒီကိုမလာခင်  မမေရီက သူတို့အိမ်ရဲ့ မိသားစုရှေ့နေဖုန်းနံပါတ်ကိုပေးခဲ့လို့  ရှေ့နေကြီးကိုလဲ ဆက်သွယ်ထားပါတယ် ။ စေသုတျာလေး အသက်ဆယ့်ရှစ်နှစ်ပြည့်တာနဲ့  မိသားစုရဲ့ အမွေကိုဆက်ခံပိုင်ခွင့်ရှိတယ်လို့ပြောထားပြီး ရန်ကုန်ရောက်ရင် သူ့ကိုလာတွေ့ဖို့ခေါ်ထားလို့  ဒီကနေပြန်ရင်ဝင်တွေ့ရမှာပါ ။ အခု ကလေးကိုလက်မခံနိုင်ဘူးဆိုရင်လဲ  ကျွန်တော်တို့ကို ခွင့်ပြုပါဦး ၊ သုတျာ .. ဘဘကြီးတို့ ပြန်ကျရအောင် "

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Donde viven las historias. Descúbrelo ahora