28 - Abandoned Hospital (12)

2.2K 435 20
                                    

Unicode

အခန်း - ၂၈ : စွန့်ပစ်ဆေးရုံ (၁၂)

ဆေးမှတ်တမ်းကို ဖွင့်ဖတ်လိုက်သောအခါ ချန်ကျစ်ချူး ပထမဦးဆုံးမြင်လိုက်ရသည့် စကားလုံးကား ‘ရှဲ့ယွမ်ဟွိုင်’ ဟူ၏။ သို့ဖြစ်၍ ရှဲ့ယွမ်ဟွိုင်၏ ဆေးမှတ်တမ်းဟု ထင်လိုက်ပါသော်ငြား အသေးစိတ် ဖတ်ကြည့်သောအခါ လူနာအမည်ထည့်ရမည့် အကွက်တွင် သူ၏နာမည်ကို ရေးထားကြောင်း တွေ့လိုက်ရသည်။ တာဝန်ခံဆရာဝန်ကလည်း သူ့ကို ကုသပေးသည့် ဒေါက်တာလော့ဝေ ဖြစ်နေသည်။ ဤကား သူ၏ နောက်ထပ်ဆေးမှတ်တမ်းတစ်ခုပင်။

သူ့ဆေးမှတ်တမ်းဖြစ်ကြောင်း သိလိုက်ချိန်တွင် ချန်ကျစ်ချူးမှာ အနည်းငယ် ကြောင်အမ်းသွားရသည်။ ရှဲ့ယွမ်ဟွိုင်၏ နာမည်က သူ၏ဆေးမှတ်တမ်းပေါ်တွင် အဘယ်ကြောင့် ရှိနေသနည်း။ သူက ထိုအမျိုးသားနှင့် မည်သို့ဆက်စပ်နေသနည်း။

သို့နှင့် ဆေးမှတ်တမ်းကို စတင်ဖတ်ရှုလိုက်သည်။

[ဆေးဘက်ဆိုင်ရာ အခြေအနေဖော်ပြချက် :

လူနာရောက်ပြီး သုံးလအကြာတွင် လက္ခဏာအသစ်များ ထပ်ပေါ်လာသည်။

ဆေးရုံစတက်စဉ်က လူနာ၏ ရောဂါလက္ခဏာများထဲတွင် တစ်ဖက်လူကို သူ၏ချစ်သူ (သို့) သူနှင့် အလွန်ရင်းနှီးကျွမ်းဝင်သူ ဟူ၍ ထင်ယောင်ထင်မှားဖြစ်သော လက္ခဏာတစ်ရပ် ပါဝင်သည်။ ပစ်မှတ်ဟူ၍ ပုံသေမရှိ။ လူနာက ရုပ်ရည်ချောမောသူကို ဦးစားပေး ရွေးချယ်တတ်သည်။

သို့သော် ဤရက်ပိုင်းတွင် ‘ရှဲ့ယွမ်ဟွိုင်’ဟူသည့် လူတစ်ဦးတည်းကိုသာ ပစ်မှတ်အနေဖြင့် စတင်စိတ်ကူးယဉ်လာသည်။

လေ့လာတွေ့ရှိချက်အရ ရှဲ့ယွမ်ဟွိုင်ဆိုသူ အမှန်တကယ်ရှိခဲ့ဖူးကြောင်း တွေ့ရသည်။ သူသည် ဤဆေးရုံ၏ လူနာတစ်ဦးဖြစ်ပြီး မွေးရာပါနှလုံးရောဂါသည် ဖြစ်သည်။ သူ သေဆုံးသွားချိန်တွင် သူ၏မိသားစုဝင်များက အလောင်းကို ပြန်လက်မခံဘဲ ဆေးရုံ၏ ရေခဲတိုက်ထဲတွင်သာ သိမ်းဆည်းထားရန် ငွေအမြောက်အမြား ပေးခဲ့သည်။

လူနာကို ပြုစုစောင့်ရှောက်ပေးသည့် လူနာပြုများထဲတွင် ရှဲ့ယွမ်ဟွိင်ကို စောင့်ရှောက်ပေးခဲ့ဖူးသော သူနာပြုတစ်ဦးလည်း ပါဝင်သည်။ သူမက ရှဲ့ယွမ်ဟွိုင်အကြောင်း လူနာကို ပြောမိရာမှ လူနာသည် ရှဲ့ယွမ်ဟွိုင်ကို ချစ်သူအဖြစ် ပုံသေပစ်မှတ်ထားပြီး စိတ်ကူးယဉ်လာတာ ဖြစ်နိုင်သည်ဟု သံသယရှိသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Όπου ζουν οι ιστορίες. Ανακάλυψε τώρα