35

2.1K 429 29
                                    

Unicode

အခန်း - (၃၄)

သူ၏ညီမလေး ချန်လင်းလင်း အကူအညီတောင်းထားသည့် Event အတွက် ဓာတ်ပုံကို ရိုက်ကူးပေးပြီးနောက် ချန်ကျစ်ချူးသည် သူ့ပုံမှန်အင်္ကျီ ပြန်လဲလိုက်၏။ ချန်လင်းလင်း အခန်းပြင်ထွက်သွားမှ သူလည်း သက်ပြင်းချနိုင်တော့သည်။

ကုကျန်းက ချန်လင်းလင်းထံ ဖုန်းခေါ်လိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့်ထားပေ။ ထိုမတိုင်ခင်က သူတို့နှစ်ဦး အဆက်အသွယ်မရှိတော့တာ ကြာပြီဖြစ်သည်။

အဖြစ်မှန်သိပြီးကတည်းက ချန်ကျစ်ချူးသည် ကုကျန်းနှင့် လုံးဝမပတ်သက်ချင်တော့ပေ။ ပြန်တွေးမိတိုင်း စိတ်ဆင်းရဲရသဖြင့် အဆက်အသွယ်ဖျက်ပြီး ကုကျန်းနှင့်ပတ်သက်သမျှ  အကုန်ဘလော့ပစ်လိုက်သည်။ ကုကျန်း သူ့ကို လာရှာလျှင်လည်း တတ်နိုင်သမျှ ရှောင်နေလိုက်သည်။

ကံကောင်းထောက်မ၍ ကုကျန်းသည် သူ၏အိမ်ကိုတော့ လာမရှာခဲ့ပေ။ ကျောင်းသို့ တစ်ခါတလေ လာရှာတတ်သော်လည်း အမြဲတမ်း အလုပ်ရှုပ်နေသူဖြစ်၍ အချိန်သိပ်မရပေ။ ယခုနှစ်… စတုတ္ထနှစ်ပြီးတော့လည်း မိသားစုပိုင်ကုမ္ပဏီတွင် အလုပ်ဝင်နေရသဖြင့် ချန်ကျစ်ချူးကို လာရှာရန်မဆိုထားနှင့်၊ သူ၏ကျောင်းသို့ပင် ပြန်လာခဲသည်။

သိပ်မကြာခင်က ကုကျန်းသည် နောက်နှစ်တွင် နာမည်ကြီးနိုင်ငံခြားတက္ကသိုလ်တစ်ခု၌ ပညာဆက်သင်ရန် သွားရတော့မည်ဖြစ်ကြောင်း ချန်ကျစ်ချူး ကြားသိခဲ့ရ၏။ ဘွဲ့ရပြီးလျှင်လည်း နိုင်ငံခြားတွင် နှစ်အနည်းငယ်ခန့် ဆက်နေရဦးမည်ဖြစ်၍ သူတို့ ထပ်မတွေ့ဖြစ်လောက်ပေ။

ထိုသတင်းကို တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရတာဖြစ်သော်လည်း ဒေါသထွက်မိသလို အနည်းငယ် အံ့အားသင့်ခဲ့ရသည်။ နောက်ဆုံးတော့ ထပ်တွေ့စရာမရှိတော့ကြောင်း စဉ်းစားမိသည့်အခိုက် သူ၏စိတ်ထဲ အတော်လေး စိတ်သက်သာရာရသွားသည်။

သို့သော် ချန်ကျစ်ချူးသည် ကုကျန်းက သူ၏ညီမလေးထံ ဖုန်းခေါ်လာမည်ဟု မထင်ထားခဲ့။

ချန်ကျစ်ချူး၏ နှုတ်ခမ်းများ တင်းတင်းစေ့သွားပြီး ကုကျန်းအကြောင်း ဆက်မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ဦး ထပ်တွေ့ဖြစ်မည်မဟုတ်၍ ကုကျန်းလည်း ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now