55 - Ghost School (9)

1.6K 394 17
                                    

Unicode

အခန်း - (၅၅) : သရဲကျောင်းတော် (၉)

ချန်ကျစ်ချူး၏ မြင်ကွင်းတစ်ခုလုံး ချာချာလည်သွား၏။

ဘေးပတ်ပတ်လည်တွင် အလင်းရောင်မှေးမှိန်လာပြီး တစ်ခဏကြာပြီးနောက် သရဲခြောက်သည့် စာသင်ခန်းကြီးထဲ ပြန်ရောက်သွားကြောင်း တွေ့လိုက်ရသည်။ ဆရာမက စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေပြီး မျက်လုံးဖြူဖြူများဖြင့် သူ၏အဖြေကို စောင့်နေသလိုမျိုး သူ့ကို စိုက်ကြည့်နေလေသည်။

မျက်နှာကျက်မှ ပရိုဂျက်တာကလည်း စက်ချို့ယွင်းနေသလို ရုပ်ပုံများ ရုတ်တရက် ဝေဝါးလာပြီး ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ ယင်းအခြေအနေမှလွဲ၍ အရာအားလုံး ပုံမှန်အတိုင်းပင်။ သူကြုံတွေ့ခဲ့ရသမျှက စိတ်ကူးယောင်အိပ်မက်သဖွယ် ထင်မှတ်ရသည်။

ချန်ကျစ်ချူးမှာ စားပွဲပေါ် လက်ထောက်ပြီး မောဟိုက်နေလေသည်။ သူ၏ပုံစံက အတော်လေး ပင်ပန်းနွမ်းနယ်နေဟန်။ တခြားလူများ သူ့ကို လှည့်ကြည့်လိုက်သောအခါ သူ၏မျက်နှာက အတန်ငယ် ဖြူရော်နေတာကို မြင်လိုက်ကြရသည်။ ပိုင်ရိက သူ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ထိုအခါ အသားချင်းထိကပ်နေသည့်နေရာမှ အနွေးဓာတ်တို့ ကူးလူးလာသည်။

“…………”

ဒေါသနှင့် ဝမ်းနည်းစိတ်က သူ၏နှလုံးသားထဲ ခိုအောင်းနေဆဲ။ ချန်ကျစ်ချူးသည် သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်ပြီးမှ အနောက်မှာထိုင်နေသည့် ချွီယန်တို့အဖွဲ့ကို လှည့်ကြည့်လိုက်သည်။ သူ၏အကြည့်က ရိုးသားဖြူစင်သော မျက်နှာလေးဖြင့် ယခုအချိန်ထိ မျက်ရည်မခြောက်သေးသော လုကျဲထံတွင် အနည်းငယ် ပိုကြာခဲ့သည်။ အပြစ်မရှိသော ရှန်ချီချီမှလွဲ၍ ကျန်သုံးယောက်ကို မြင်ပင်မမြင်ချင်တော့ပေ။

လျန်ဝမ်ပင်းလည်း ပါသည်။ သူတို့လေးယောက်လုံး အပြစ်ရှိသည့်အတွက် ပြန်ပေးဆပ်ရလိမ့်မည်။

တစ်ကိုယ်လုံး ထိခိုက်ဒဏ်ရာများနှင့် ဖြူဖျော့ညှိုးငယ်နေရှာသော ဆုလင်း၏ မျက်နှာလေးကို ပြေးမြင်မိတိုင်း ချန်ကျစ်ချူးမှာ မထိန်းနိုင်အောင် ဒေါသထွက်လာ၏။ ထိုအခိုက် ‘သူတို့အားလုံး သေသွားလျှင်ပင် ထိုက်တန်သည်၊ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်မနေသင့်ဟူ၍ မတွေးသင့်မတွေးအပ်သည့် အတွေးမျိုးပင် တွေးလာမိသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!حيث تعيش القصص. اكتشف الآن