31 - Abandoned Hospital (15)

2.2K 455 39
                                    

Unicode

အခန်း - ၃၁ : စွန့်ပစ်ဆေးရုံ (၁၅)

မုန့်ခယ်သည် သူမ၏ခေါင်းပေါ်မှ ဝက်ဝံရုပ်လေး၏ ညွှန်ကြားချက်အတိုင်း သာမန်လူမမြင်နိုင်သည့် ကိုးထပ်မြောက်အလွှာတွင် နောက်ကျောမလုံစွာ လမ်းလျှောက်နေ၏။ စင်္ကြံလမ်းတစ်လျှောက် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့် မီးအလင်းရောင်ကြောင့် တစ်ချိန်လုံး ရင်တုန်နေရသည်။ မီးပြန်လင်းလာတိုင်း သူမရှေ့တွင် ကြောက်စရာကောင်းတာတစ်ခုခု ဘွားခနဲပေါ်လာမလား တွေးကြောက်နေမိသည်။

ကိုးလွှာ၏ ဖွဲ့စည်းပုံက ဝင်္ကဘာကြီးတစ်ခုသဖွယ် အလွန်ရှုပ်ထွေးသည်။ စင်္ကြံလမ်းနှင့် အခန်းအားလုံးသည် ပုံစံတူချည်းသာဖြစ်၍ အရပ်မျက်နှာ ခွဲမရတော့ပေ။ အချိန်လည်း ရှုပ်ထွေးလာသည်။ လမ်းလျှောက်နေရင်း အချိန်အရမ်းကြာသွားသလိုလို… အချိန်သိပ်မကြာသေးသလိုလို…

“ညာဘက်ကိုချိုး..”

ဝက်ဝံရုပ်လေးက သူမ၏ခေါင်းကို ပုတ်ပြီး ခပ်တိုးတိုး‌ပြောသည်။ မုန့်ခယ်နှင့်ယှဉ်လျှင် သူက တက်ကြွပြီး အပူအပင်ကင်းနေ၏။ ရှဲ့ယွမ်ဟွိုင်နှင့်ပိုင်ရိ ပေါ်မလာမရွေ့ မည်သည့်အရာကိုမျှ သူ မကြောက်ပေ။

“ထင်းရှူးသီးလေး.. မင်းကို မယုံတာမဟုတ်ဘူးနော်..” မုန့်ခယ်က ခပ်တိုးတိုး ပြန်ပြောသည်။ “ဒါပေမဲ့ ဒီလမ်းက မှန်ရောမှန်ရဲ့လား..?”

“ဒယ်ဒီ့အနံ့အတိုင်း သွားနေတာ..”

ဝက်ဝံရုပ်က ဆက်ပြောသည်။ : “ဒါပေမဲ့ တစ်ခါမှမရောက်ဖူးလို့ ဒီကိုးလွှာ ဘယ်လောက်ကျယ်သလဲဆိုတာ ကျွန်တော်လည်း မသိဘူး.. ကြားဖူးတာတော့ သူ့ရဲ့အကျယ်အဝန်းက သခင့်အလိုကျ ပြောင်းလဲနေတာတဲ့..”

“သခင်..?” မုန့်ခယ်က မေးသည်။ “မင်းရဲ့သခင်လား..?”

“မဟုတ်ဘူးလေ.. ကျွန်တော့်သခင်က မာမီ.. ကျွန်တော်ပြောနေတာက ဆေးရုံရဲ့သခင်..”

ဝက်ဝံရုပ်လေးက ကျင်လည်စွာ ပြောသည်။ တစ်ခါတလေ စကားသိပ်မပြောတတ်သော်လည်း တစ်ခါတလေ အတော်လေး ပြောနိုင်သည်။

“သူက အရင်ကတော့ လူပဲ..” ရှဲ့ယွမ်ဟွိုင်အကြောင်း ရောက်သွားသည်နှင့် ဝက်ဝံရုပ်လေး၏ နာရွက်ဖျားများ တုန်ယင်လာပြီး အသံလည်း သေးသေးလေးဖြစ်သွားသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now