(၁၈)
၂၀၀၇ ခုနစ်
အသက်၂၀ရဲ့ငါးနှစ်အလွန် အသက်နှစ်ဆယ့်ငါးနှစ်မှာ Rikuက ထူးချွန်တဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာဖြစ်နေပြီ။အိုဆာကာရဲ့ အသစ်ဆောက်တဲ့ ရှောပင်းမောတွေအကုန်လုံးမှာ Rikuလက်ရာတွေက အပါမဖြစ်။အခုကတော့ တိုကျိုက siteတစ်ခုမှာ ရောက်နေတယ်။အကြောင်းက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ခနလောက်ဖြစ်ဖြစ် လာခဲ့ပါခေါ်နေတာနဲ့ အားနာစွာ ရောက်လာခဲ့ခြင်း။
"ဆရာကြီး အပေါ်ဆုံးထပ်ကို လိုက်ကြည့်လိုက်ဗျာ ဒီဇိုင်းကအဆင်ရောပြေရဲ့လား အကြံပေးပါအုံး"
"မင်းက ငါ့ကိုဆို ခိုင်းဖို့ပဲသိ တိုကျိုမှာ ကောင်မလေးချောချောလေးရတာကိုတောင် လက်မတို့တဲ့ကောင် "
Rikuက တစ်ဖက်သူငယ်ချင်းရဲ့လက်မောင်းကို ထိုး၍ စလိုက်ခြင်း။တစ်ဖက်လူကလဲ တဟားဟားနဲ့ အတော်သဘောကျနေတယ်။လုပ်ငန်းသုံး ယာယီဓာတ်လှေကားနဲ့ ၇လွှာကို တက်ခဲ့ကြတယ်။ရာသီဥတုက ခပ်အုံ့အုံ့ပဲ။ဆောက်လုပ်ရေးဦးထုပ်လေးနဲ့ ချစ်စရာကောင်းတဲ့ အင်ဂျင်နီယာလေးက အပေါ်ထပ်ကိုတက်သွားခဲ့တယ်။
"ဘယ်နှယ့်လဲ တိုကျိုက လှတယ်မို့လား အပေါ်ကမြင်ရတဲ့မြင်ကွင်းက တမူထူးခြားပြီးကို လှနေတာဗျ မြေပြင်က နတ်သမီးလေးတွေက ပိုလှတာပေါ့ ဟုတ်တယ်မို့လား"
Rikuက ထိုလူ့စကားကြောင့် ခေါင်းကို အနည်းငယ်ရမ်းပြီး ရယ်လိုက်မိတယ်။
အပေါ်ဆုံးအထပ်ကိုရောက်မှ ကောင်းကင်ကြီးက ပြိုကျတော့မယ့်အတိုင်း ချက်ချင်းငိုချတော့မယ့်အတိုင်း ညွှတ်ကျလာတယ်။
"ဟ ဒီလိုရာသီဥတုကတော့ လွမ်းစရာပဲဗျာ ချစ်သူလေးကိုတောင်လွမ်းမိတယ် ဆရာသမားရော လွမ်းစရာလို့မထင်ဘူးလား"
Rikuက နှာခေါင်းကို အနည်းငယ်ရှုံ့လိုက်တယ်။အဲ့တာဟာ တစ်ခုခုကို အလိုမကျဖြစ်နေတယ်ဆိုတာ တစ်ယောက်သောသူကလွဲပြီး ဘယ်သူမှ မသိနိုင်ဘူး။
"ဘယ်ကသာလွမ်းစရာလဲ စိတ်ပျက်စရာ စိတ်ညစ်စရာကြီး ရာသီဥတုက အုံ့နေရင် လူကလဲ နုံးပြီး ဘာမှလုပ်ချင်စိတ်မရှိတော့တာ လွမ်းဖို့တောင် လွမ်းချင်စိတ်မရှိဘူး"