အပိုင်း(၄)
5.2K 511 137
နေဝေသော်ပြောသွားခဲ့သည့် စကားတွေသည် နန္ဒသွေးခေါင်းထဲတွင် ဝင်လိုက်ထွက်လိုက် ဖြစ်နေသည်။ ကားမောင်းနေရသည့် အချိန်များတွင် အာရုံများ၍ မဖြစ်တာမို့ စိတ်ထဲမှ ဖျောက်ဖျက်နေရသော်လည်း အဆင်မပြေပါ။ နေဝေသော်ပြောခဲ့သည်သာ အမှန်ဖြစ်ခဲ့လျှင် အိမ်က ရန်ကုန်တွင်းမှာ မဟုတ်သည့်အပြင် ဆယ်တန်းပါ မအောင်သည့် မိမိသည် အဖြုတ်ခံရမည့် စာရင်းတွင် နံပါတ်တစ်ချိတ်နေပြီဖြစ်သည်။နေဝေသော်ပေးခဲ့သော ကတ်ကလေးကိုတော့ အိတ်ကပ်ထဲတွင် လိုရမယ်ရ ထည့်သိမ်းထားလိုက်သည်။
ဝန်ထမ်းတွေအားလုံးကို အိမ်ပြန်ပို့ပြီးသည်နှင့် companyတွင် ကားဝင်ထားတော့ပင် ညရှစ်နာရီခွဲနေပြီဖြစ်သည်။ အိမ်ပြန်ရောက်ရန်အတွက် ကားသုံးဆင့်လောက် စီးရဦးမည်။ ခြေလက်တွေ မသယ်ချင်အောင် နွမ်းနယ်နေသော်ငြား ဘတ်စ်ကားတိုးစီး၍သာ ပြန်ရမည်။ နန္ဒသွေးစိတ်ထဲတွင် ကားငှါးပြန်ဖို့နေနေသာသာ အသွားအပြန်စီးရသည့် ကားခအကြွေလေးတွေကိုပင် သေလုမတတ် နှမြောနေမိသည်။
အိမ်ပြန်ရောက်တော့ပင် ဆယ်နာရီကခွဲနေပြီ...။ ခါတိုင်းဆို နန္ဒသွေးကို ထိုင်စောင့်နေသူမှာ အဘွားတစ်ယောက်သာ ရှိသော်လည်း ခြံဝသို့ရောက်သည်နှင့် အသံကျယ်နှစ်ခုက ခရီးဦးကြိုပြုပါသည်။ ပထမတော့ အသံတွေကိုမသဲမကွဲ။ ပိုနီးလာသည်နှင့် ထိုအသံနှစ်ခုမှာ နန္ဒသွေး၏ အဘွားဖြစ်သူ ဘွားညွန့်နှင့် အဘွား၏တူမဖြစ်သူ ဒေါ်မိဆွေတို့ အချင်းများ နေကြသော အသံဖြစ်ကြောင်း သိလိုက်ရသည်။ အသံတွေကို ကြားနေရသော်ငြား မည်သည့်အကြောင်းကိစ္စနှင့် ပတ်သတ်၍ အငြင်းပွားနေရသည်လဲတော့ နန္ဒသွေးလည်းမသိပေ။
အိမ်မျက်နှာစာရှိ သစ်သားထိုင်ခုံလေးတွင် ဒေါ်မိဆွေ၏ယောက်ျား ဦးခင်မောင်က အရက်ပုလင်းကိုကိုင်ကာ မှိန်း၍ထိုင်နေပါသည်။ နန္ဒသွေးရောက်လာသည်ကို မြင်သည်နှင့် နီစွေးနေသောမျက်လုံးများနှင့် စောင်းပေကြည့်ကာ နန္ဒသွေးရပ်နေရာခြေထောက်နားက မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်သည်။
"မြင်ရတာ ကျက်သရေမရှိလိုက်တာ..."
ဦးခင်မောင်ပါးစပ်မှထွက်လာသော ဝိုးတဝါးစကားသံကို နန္ဒသွေးသေချာကြားလိုက်ရပါသည်။ မြင်နေ၊တွေ့နေ၊ကြားနေကျ အပြုအမူမျိုးမို့ နန္ဒသွေးအတွက် အထူးအဆန်းမဟုတ်ပေမဲ့ စိတ်ထဲကတော့
နာကျင်မိပါသည်။