အပိုင်း(၂၆)(Unicode)
4.4K 208 1
နေဝေသော်သည် ဖွာလန်ကြဲနေသောဆံပင်တွေကို ဘီးနှင့်သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖီးသင်ပြီး တစ်ဝက်စုချည်လိုက်သည်။ ရှည်လာပြီဖြစ်သော ဆံချည်မျှင်တွေက ခါတိုင်းလို ဟိုတစ်စဒီတစ်စ ထွက်မနေတော့ဘဲ သရေကွင်းထဲတွင်ပင် ရိုကျိုးစွာ ရှိနေပြီဖြစ်သည်။ ရှေ့ဘက်တွင် ချထားသော လှိုင်းတွန့်ဆံပင်တွေကို sprayဖျန်းပြီး ပုံကျအောင်လုပ်လိုက်ပြီးနောက် ပြင်ဆင်ခြင်း အမှုပြီးဆုံးသည်။
အားလုံးပြီးဆုံးသွားတိုင်း မှန်ရှေ့ရပ်ကာခန္ဓာကိုယ်ကို တစ်ပတ်ပတ်ကြည့်တတ်သည်က နေဝေသော်၏အကျင့်ပင်။ ဒီနေ့တွင်တော့ မှန်ရှေ့တွင်သာ တည့်တည့်ရပ်၍ ကုတ်အကျႌကိုပြန်ပြင်လိုက်သည်။ တီရှပ်အကျႌအဖြူ အောက်ခံနှင့် အပေါ်အောက်အနက်ချည်းသာ ဝတ်ဆင်ထားသူ။ ဖြူဥသောအသားအရေနှင့် အနက်ရောင်suitက လိုက်ဖက်လွန်းလှသော်လည်း နေဝေသော့်မျက်နှာကတော့ သုန်မုန်နေပါသည်။
ထို့နောက်တွင်တော့ သက်ပြင်းတစ်ချက်ချပြီး မှန်ရှေ့မှလှည့်ထွက်ကာ အောက်ထပ်ရှိ ထမင်းစားခန်းထဲသို့ ဦးတည်လာသည်။ စားပွဲဝိုင်းတွင် မိဘနှစ်ပါးစလုံး ထိုင်နေကြသည်။ဦးထက်သော်မှာ နေဝေသော်ကိုမြင်သည်နှင့် စားလက်စကိုရပ်ပြီး ဒေါ်နုဝေကိုနှုတ်ဆက်ကာ နေဝေသော်ကိုတစ်ချက်မကြည့်ဘဲ အိမ်ထဲမှထွက်သွားတော့သည်။
ဦးထက်သော်၏လုပ်ရပ်မှာ နေဝေသော်အား စိတ်မကောင်းခြင်းကြီးစွာဖြစ်စေသည်။ သူ့အတွက်လည်း ဖခင်ဖြစ်သူရှေ့ကိုလာရန် မနည်းအားတင်းခဲ့ရတာ ဖြစ်သည့်အတွက် ဦးထက်သော်က သူ့အားအဖက်မလုပ်ဘဲ ထွက်သွားသည့်အပေါ် ပြောစရာစကားမရှိအောင်ပင် ဖြစ်သွားရသည်။
"ထိုင်လေ သားငယ်....
သားကြိုက်တဲ့ ရှမ်းခေါက်ဆွဲ...မေမေလုပ်ထားတယ်....
စားလိုက်ဦးနော်...."
စားချင်စိတ်မရှိတော့ပေမယ့် မိခင်ဖြစ်သူကိုအားနာ၍ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။ နေဝေသော်သည် သူ့ရှေ့ရောက်လာသော ရှမ်းခေါက်ဆွဲကို ပျင်းတိပျင်းရွဲ့ မွှေနှောက်နေလိုက်သည်။ မွှေရင်းမွှေရင်း အချိန်သာကြာသွားသည်။ ရှမ်းခေါက်ဆွဲတစ်လုပ်တလေမျှ ပါးစပ်ထဲမထည့်ရသေး....။ ဒေါ်နုဝေသည် သားဖြစ်သူ၏စိတ်နှင့်ကိုယ် မကပ်သောအခြေအနေကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။