အပိုင်း(၃၆)
4.2K 415 39
(Zawgyi)
လမ်းထဲကိုဝင်ဖို့ ဂိတ်တံခါးကနေ အစစ်ဆေးခံပြီးမှ ဖြတ်လို့ရသည့် အိမ်ယာဝင်းထဲတွင် နေဝေသော်တို့နေသည်။ လမ်းမီးတိုင်ဟူ၍ ကျို့တို့ကျဲတဲသာရှိသည့် ကျွန်တော်တို့ရပ်ကွက်နှင့် တစ်လမ်းလုံးလင်းထိန်နေသည့် သူတို့ပတ်ဝန်းကျင်က နှိုင်းယှဉ်ဖို့ရန်ပင် မတူမတန်သလို...။အထဲသို့မိနစ်ပိုင်းမျှ ဝင်ပြီးသည်နှင့် အိမ်ကြီးက ကြီးလိုက်တာ၊ ခြံဝန်းကြီးက ကျယ်လိုက်တာလို့ မချီးမွမ်းဘဲမနေနိုင်သည့် အိမ်ကြီးတစ်အိမ်ရှေ့တွင် သူကားရပ်လိုက်သည်။
"ကားကိုအပြင်မှာပဲ ထားခဲ့လိုက်တော့မယ်...
တော်ကြာအသံကြားရင် ပါးပါးတို့နိုးလာမှာစိုးလို့..."
Sunရဲ့စကားကို အလျင်အမြန်ပင် ခေါင်းညိတ်ထောက်ခံ လိုက်သည်။ ကျွန်တော်လည်း အချိန်မတော်ကျမှလာပြီး ဂါဝရပြု နှုတ်ဆက်ရမည်ကိုမလိုလား...။ ထို့အပြင် sunမိဘတွေနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရမည်ကို သေမလောက် ကြောက်ရွံ့နေမိသည်။ ဒါကို မပြည့်စုံသူရဲ့စိုးရိမ်ကြောင့်ကြခြင်းဟုပင် ဆိုမလား....။
တကယ်လည်း ကျွန်တော်က sunနဲ့ယှဉ်ရင် အဖက်ဖက်က ရှုံးနိမ့်နေသူဆိုတာ မှန်နေတာပဲ မဟုတ်လား...။
တံခါးမရှိ၊ဓားမရှိ ဝင်ထွက်နိုင်သူက နန္ဒသွေးရှေ့မှဦးဆောင် လျှောက်လှမ်းနေစဉ် နန္ဒသွေးမှာတော့ ခြံတံခါးကိုတောင် မကျော်နိုင်ဘဲ အပြင်၌ရပ်ကာ တွေဝေနေမိသည်။ နေဝေသော်သည် အနောက်သို့ တစ်ချိန်လုံး လှည့်ကြည့်လှည့်ကြည့် လုပ်နေသည့်အတွက် နန္ဒသွေး၏အဖြစ်ကို ချက်ချင်းပင် သတိပြုမိပါသည်။ ထို့နောက် တွေဝေတုံ့ဆိုင်းမနေဘဲ နန္ဒသွေး၏ လက်တစ်ဖက်ကိုဆွဲကာ သူနှင့်အတူဆက်သွားရန် ခေါင်းညိတ်ပြလိုက်သည်။
လက်ဖဝါးချင်းယှက်နွယ်မှုသည် တစ်ကိုယ်လုံးနွေးထွေး သွားစေသည့်အပြင် ကြောက်စိတ်ကိုပါ ကင်းမဲ့စေနိုင်သည်။ သဘာဝလွန်ဖြစ်ရပ်လိုပင် ချက်ချင်းလက်ငင်းဆိုသလို နန္ဒသွေးထံ၌ ခြေလှမ်းဖို့သတ္တိတွေ ရှိလာရသည်။
သို့သော်လည်း အဝါရောင်မီးအိမ်လေးတွေ ထွန်းထားသည့် အိမ်ထဲသို့ခြေချသည်နှင့် အသက်ရှူသံမြန်လာသည်။ ပြောင်လက်နေသည့် ကြမ်းပြင်နှင့်ခြေဖဝါးက မထိတော့သလိုပင် နန္ဒသွေးတစ်ယောက် ခြေကိုဖွ၍ လျှောက်နေမိသည်အထိ ခန္ဓာကိုယ်က ပေါ့ပါးလွန်းနေသည်။ နေဝေသော်ကတော့ ပုံမှန်အတိုင်းသွားလာနေသလို ဖြစ်နေသည့်အပြင် တစ်ချိန်လုံးပြုံးနေသည့်မျက်နှာက ပျော်နေကြောင်းကိုလည်း ဖော်ပြနေသည်။