အပိုင်း(၃)(Unicode)
3.5K 316 5
"ငါလည်းမသိလို့ သူနဲ့သိတဲ့သူဆီမှာ
မင်းသွားစုံစမ်းပေး..."
"မင်းဟာကလည်း အငယ်လေးရယ်..."
တည်တံ့သစ္စာတစ်ယောက် ဤကဲ့သို့ပင် ရေရွတ်ခဲ့မိပါသည်။ နေဝေသော် အရူးထတိုင်း လိုက်မလုပ်ပေးချင်သော်ငြား ငယ်စဉ်မှစ၍ ယခုအရွယ်အထိ အလိုလိုက် အကြိုက်ဆောင်ပေးခဲ့သည်မို့ မျက်နှာလွှဲပြီး တင်းခံဖို့ရန်မတတ်နိုင်ပါချေ။
အကယ်၍ တည်တံ့သစ္စာမစုံစမ်းပေးခဲ့လျှင်လည်း နေဝေသော်က လက်လျှော့မည်မဟုတ်ဘဲ ကိုယ်တိုင်သိအောင် ကြိုးစားဦးမှာမို့ သူပြောနေသည့်ကောင်လေးမှာ ဘယ်လိုလူမှန်း သိထားရန်အတွက် စုံစမ်းပေးပါမည်ဟု တည်တံ့သစ္စာ ခေါင်းညိတ်ခဲ့ပါသည်။
"ပြော...ငါက သူ့အကြောင်းကို
ဘယ်သူ့ဆီမှာ စုံစမ်းပေးရမှာလဲ..."
"ငါတို့companyက ဝန်ထမ်းကောင်မလေး ဆီမှာပဲ...
အဲ့ကောင်မလေးကို ငါပြမယ်...လာ လိုက်ခဲ့..."
နေဝေသော့်အနောက်ကနေ သက်ပြင်းချရင်းသာ လိုက်ခဲ့သည်။ မြောက်ကြွမြောက်ကြွနှင့် ပျော်နေပုံရသော နေဝေသော်ကိုကြည့်ပြီး တည်တံ့သစ္စာ ခေါင်းခါမိပြန်သည်။
မိမိမှာ ဂေးတစ်ယောက်ဖြစ်ကြောင်း လူအများသိအောင် သက်သေလိုက်ပြနေသည် ဆိုကတည်းက နေဝေသော်၏စိတ်ထဲတွင် မိဘနှင့်ပတ်ဝန်းကျင်ထံမှ ရိုက်ခတ်မှုများကို ပေါ့ပေါ့တန်တန်သဘောထားနေကြောင်း တွေ့ရသည်။
တည်တံ့သစ္စာသာ ဂေးတစ်ယောက်ဖြစ်ခဲ့မည် ဆိုပါက ပတ်ဝန်းကျင်မသိအောင် သိုသိုသိပ်သိပ်နှင့် ဖုံးဖိနေထိုင်မည်ဖြစ်သည်။ သို့သော်လည်း ကိုယ်ဟာသူများ မဟုတ်သည့်အတွက် နေဝေသော့်စိတ်ထဲတွင် ဘယ်လိုတွေးနေသည်လဲဆိုတာကို တည်တံ့သစ္စာလည်း သေချာမသိတော့ပေ။
နေဝေသော်ညွှန်ပြခဲ့သည့် ဝန်ထမ်းကောင်မလေးထံသို့ တည်တံ့သစ္စာရောက်သွားခဲ့သည်။ ရည်မွန်က တည်တံ့သစ္စာကိုမြင်သောအခါ မတ်တပ်ရပ်၍ နှုတ်ဆက်သည်။ ရည်မွန်သည် company၏ အကြံပေးရှေ့နေမှာ သူမရှေ့၌ရောက်နေသည်ဖြစ်၍ စိတ်မသက်မသာဖြစ်နေပုံရသည်။ တည်တံ့သစ္စာထံမှ စကားကို စောင့်နေပုံမှာ စစ်တပ်ထဲက သတိဆွဲရဲဘော်နှင့်ပင် တူနေသေးသည်။