Chapter 1
170K 7.4K 508
>>>>>Unicode<<<<<
ယနေ့သည် အခါကြီးရက်ကြီးနှင့်ဆက်ဆိုင်သည့် ရုံးပိတ်ရက်ဖြစ်သောကြောင့် ဖြစ်ပေလိမ့်မည်။ Shopping Mall တစ်ခုလုံးမှာ မနက်ခင်းဖြစ်သည့်တိုင် လူများဖြင့် ပင်လယ်ဝေနေတော့သည်။ မည်သည့်နေရာ ကြည့်ကြည့် လက်ချင်းယှက်၍ ကယုကရင်ဖြင့် သွားလာနေသော ကြင်ဖက်မောင်နှံစုံ အတွဲများ၊ သူငယ်ချင်းများချည်းစုကာ လမ်းသလားနေသော အုပ်စုများသာမက ကလေးငယ်များကို ချီပိုး၍တဖုံ လက်ဆွဲ၍တလီ ဟိုဝင်ဒီထွက်ဖြင့် ဈေးဝယ်နေသော မိဘများဖြင့် ဆူညံစီကားကာ ပွဲတော်တခုအလား ပျားပန်းခပ်လျှက်ရှိသည်။
သျှားအိမ်မှာ သူ့လက်ကို ပိုင်ပိုင်နိုင်နိုင်ချိတ်ခိုကာ ဘေးချင်းယှဥ်လျှက် လျှောက်နေသော အမိငယ်ကို မသိမသာ အကဲခတ်လိုက်သည်။ ဆေးဆိုးပန်းရိုက်မျက်နှာဖြင့် အနှီးမိန်းမပျိုကမူ သူ့အား သတိထားမိဟန်မတူ။ ဆိုင်ခန်းများရှေ့ဝယ် ခင်းကျင်းပြသထားသော တန်ဖိုးကြီးပစ္စည်းများကိုသာ အာသာငန်းငန်းနှင့် ကြည့်နေသည်။ များမကြာလှသော အချိန်တခုဝယ် သူမလေး၏ မျက်ဝန်းတောက်တောက်လေးများမှာ သူ့ထံ ရွေ့လျားလာကာ ထိုနှုတ်ခမ်းပါးပါးများပေါ်တွင် အပြုံးလှလှလေးတစ်ခု ဝေ့သီလာတော့သည်။ ထိုအပြုံးထဲ၌ နစ်မြုပ်နေသော အဓိပ္ပာယ်ကို သူ ကောင်းစွာသိပါ၏။ ထို့အပြင် ထိုအပြုံး၏ ဦးတည်ချက်သည် သူ့ကိုထက် သူ့အိတ်ထဲမှ ငွေများကိုသာ ရည်ရွယ်သည်ဖြစ်ကြောင်းလည်း သူ နားလည်ပါ၏။ သိပ်မကြာမီတွင် သူ့ကိုယ်ပိုင် ဆင်များ၊ ခြင်္သေ့များ အတောင်ပေါက်ကာ ပိုက်ဆံအိတ်ထဲမှ ထွက်ခွါပေတော့မည်။
"ကိုကို ဟိုလက်ကိုင်အိတ်လေး မလှဘူးလားဟင်"
ရုံးပတီပင်ပေါ် ပက်ကျိတက်သလို အသံဖြင့် သူမလေးက ဆိုလာသည်။
သျှားအိမ်က "အင်း" ဟုဆိုလျှင် သူမက မြူးကြွသွက်လက်စွာဖြင့် သူအား ဆိုင်ထဲသို့ ဆွဲခေါ်သွားတော့သည်။ မိနစ်ပိုင်းအတွင်းတွင် သူ့အိတ်ထဲမှ ငွေသုံးသိန်းမျှကို ပျော်ရွှင်မှု၏ အဖိုးအခအဖြစ် ထိုဆိုင်၏ ကောင်တာ၌ ထားခဲ့ရလေသည်။ သူ့အတွက်တော့ ဤမျှသောငွေသည် မပြောပလောက်သော်လည်း သူမအတွက်တော့ အသွေးအသားနှင့် လဲလှယ်ရအောင်အထိ ထိုက်တန်ပုံပင်။ သူမ၏ နှုတ်ခမ်းထက်ဝယ် လိမ်းကျံထားသော နီစွေးစွေးနှုတ်ခမ်းဆိုးဆေးထက်ပင် တောက်ပအောင် ပြုံးပြလာသည်။ ဤကား နှစ်ဦးနှစ်ဘက်လုံးအတွက် ကျေနပ်ဖွယ်သင်္ကေတဖြစ်ရာ သူအနေဖြင့် ဖြည့်ဆည်းပေးရကျိုးနပ်သည်ဟုသာ ခံယူမိပါ၏။