Chapter 21
47.6K 3.5K 429
>>>>>Unicode<<<<<
ယနေ့ သောကြာနေ့ဖြစ်သည်။ သျှားအိမ်မှာ ဆိုင်ဖွင့်ကတည်းက နေမထိထိုင်မသာ။ အကြောင်းမှာ သျှန်နောင် ဆိုင်သို့ မလာသည်မှာ တပတ်ရှိပြီဖြစ်သည်။ ဘုရားက ပြန်လာသည့်နေ့ကတည်းက မတွေ့ရ။ တဖက်ကတွေးကြည့်ပြန်တော့လည်း မလာတာ ခပ်ကောင်းကောင်းပင်။ ထိုလူ၏ မျက်နှာကိုမြင်ချင်ပါသော်လည်း မဖြစ်နိုင်သည့်အတူတူ မတွေ့တာပဲကောင်းသလိုလို။
တွေ့ချင်သောလူက မလာသော်ငြား မတွေ့ချင်မှအဆုံး ထိုလူတစ်သိုက်ကတော့ ဆိုင်ထောင့်ရှိ စားပွဲပုလေးတွင် အခိုင်အမာတပ်စွဲကာ ဟေးလားဝါးလားဖြင့်။ အကြောင်းအရင်းမှာ ကိုသိုက်နှင့်ယုယတို့ ချစ်သူဖြစ်သော အထိမ်းအမှတ်ဖြင့် ကိုစိုင်းအတွဲနှင့်အတူ သူသူကိုပါ သူ့ဆိုင်တွင် ကျွေးမွေးနေခြင်းဖြစ်သည်။
"ယု... ဘာယူဦးမလဲဟင်။ ကို သွားယူပေးမယ်လေ။"
ကိုသိုက်မှာ ယုယပေါင်ပေါ် ရောက်မတတ် ပူးကပ်နေသည်မှာ သျှားအိမ်အတွက် မြင်ပြင်းကပ်စရာကောင်းလွန်းလှသည်။
"ဟေ့ကောင် ငသိုက် ကျန်တဲ့ဧည့်သည်တွေကိုလည်း အားနာဦး။"
သျှားအိမ်က မုန့်ပန်းကန်ချပေးရင်း ကြည့်မရစွာ ဟောက်လိုက်လျှင်....
"မင်း မနာလိုမဖြစ်စမ်းပါနဲ့။"
ကိုသိုက်က ခေါင်းမော့ရင်ကော့ကာ ပြန်ပက်လာသည်။
"အေးလေ။"
ကိုစိုင်းကပါ ထောက်ခံလာသည်။
"ဟေ့ကောင်တွေ ငါဆိုင်မှာလာပြီး ငါ့ကို စော်စော်ကားကားနဲ့။"
"ကိုသျှားရယ် စိတ်လျော့ပါရှင်။"
သူသူက ဝင်ဖျန်ဖြေလိုက်ပါ သည်။
"မသူသူရယ် ကျွန်တော့်အလွန်လား၊ ဒီကောင်တွေ အလွန်လား။ နှစ်ကောင်စလုံး မရခင်တုန်းက လာလာပြီး နားပူနာစာနဲ့။ ဟော့... အခုလည်းကျရော မနာလိုမဖြစ်ပါနဲ့လေး ဘာလေးနဲ့။"
"ငသျှား... မင်းက ဘယ်တုန်းက သူသူနဲ့ အဖွဲ့ကျသွားလဲ။"
ကိုစိုင်းက အနှောင့်အသွားမလွတ်သလို လေသံဖြင့် မေးလာသည်။