Chapter 50
38K 2.8K 299
>>>>>Unicode<<<<<<
မဇူးအား ထမင်းချိုင်ပို့ရန် ယနေ့တာဝန်ကျသူမှာ သျှားအိမ်ဖြစ်ရာ အလုပ်များကို တတ်နိုင်သမျှစောစောပြီးအောင် လက်စသတ်နေရသည်။
မဇူးမှာ သတိရလာကတည်းက ဈာန်လင်းခန့်အား အတွေ့မခံသည့်အပြင် သူမအိမ်မှ ထမင်းလာပို့သည်ကိုပင် လက်မခံ။ ထို့ကြောင့် သူမ၏ စားရေးသောက်ရေးအတွက် သျှားအိမ်နှင့် မင်းလွင်မှာ တစ်လှည့်စီ ထမင်းချိုင့်ပို့ပေးနေသည်။ ယနေ့နှင့်ဆို လေးရက်မြောက်သွားပြီဖြစ်သည်။ ပြောရလျှင် ဤထမင်းချိုင့်ကိစ္စသည် အလုပ်ရှုပ်သည်ဆိုသော်ငြား ပြဿနာမဟုတ်။
ပြဿနာက ဆေးရုံကဆင်းလျှင် သူမဖာသာ တိုက်ခန်းတစ်ခုငှား၍ နေမည်ဟူသော ရာဇသံ။ ထိုရာဇသံကြောင့် သူရော၊ မင်းလွင်ပါ အကျပ်ရိုက်နေရသည်။ မင်းလွင်ရော သျှားအိမ်ပါ အစ်မဖြစ်သူကို နည်းအမျိုးမျိုးနှင့် ဖြောင့်ဖျပါသော်ငြား ဘယ်လိုမှ ဖြောင့်ဖျ၍မရ။ အနည်းဆုံး မီးဖွားပြီးသည်အထိ သူတို့နှစ်ဦးထဲမှ တစ်ဦးနှင့်နေရန် ပြော၏။ မရ။ တဖန် တောင်ကြီးအိမ်သို့ ပြန်ရန်ပြောပြန်သည်။ လက်မခံ။ မနက်ဖြန်ဆို ဆေးရုံမှ ဆင်းတော့မည်။ ထိုကိစ္စက ယခုထက်ထိလည်း မပြေလည်သေး။ မတတ်နိုင်။ ဒီနေ့လည်း ဒီကိစ္စနှင့် ပတ်သက်၍ ထပ်ပြီးနားချရဦးမည်။
သျှားအိမ် အလုပ်သိမ်းပြီးသည်နှင့် အချိန်ကိုက်ပင် သျှန်နောင်က သူ့အိမ်မှ စီစဉ်လာသော ထမင်းချိုင့်နှင့် ကားထဲမှစောင့်နေကြောင်းဖုန်းခေါ်လာသည်။ သူလည်း ဆိုင်ထဲမှ ထွက်၍ အပြေးတစ်ပိုင်းဖြင့် ချစ်သူ၏ ကားပေါ်သို့တက်ခဲ့တော့သည်။ ကားပေါ်ရောက်လျှင် ချစ်သူက အလိုက်သတိပေးလာသော အနမ်းတစ်ပွင့်ကြောင့် အမောပြေသွားရသည်။
"ကားက မရသေးဘူးတဲ့။"
ကားမောင်းရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလာသော သျှန်နောင်ကြောင့် သျှားအိမ် ပြန်ကြည့်လိုက်ပြီး...
"အဲ့ဒီလောက်ကြာတယ်?"
"အင်း... ကွာသွားတဲ့ ဆေးပါပြန်မှုတ်ရမှာဆိုတော့ နောက်သုံးရက်နေမှ ပြီးမယ်တဲ့။"