Chapter 37
51.6K 3.3K 375
>>>>>Unicode<<<<<
"အစ်ကို သျှန်နောင်တစ်ယောက် အဆင်ပြေရဲ့လား။"
နှင်းနှင်းက ကော်ဖီဖျော်စက်နှင့် အလုပ်ရှုပ်နေသော သျှားအိမ်ကို သတင်းမေးလာသည်။
ယနေ့နှင့်ဆို သျှန်နောင် အိပ်ပျော်နေတာ နှစ်ရက်ပင်မြောက်ပြီ။ ဒေါက်တာ ငြိမ်းဟန်ကတော့ တစ်နေ့တခါလာ၍ ခန္ဓာကိုယ်အတွက် လိုအပ်မည့်အဟာရများကို drip ချိတ်ပေးရှာသည်။ ပြီးလျှင် မှတ်ချက်ပေးလာသည်။ သျှန်နောင်က ဒီတစ်ကြိမ် အများကြီး သက်သာလာတာတဲ့။ အရင်ကဆိုလျှင် အကြိမ်ရေအရလည်း ဒီထက်မက ယောင်ယမ်းတတ်သည့်အပြင် ပို၍ကြမ်းတမ်းစွာ ရုန်းရင်းဆန်ခတ် လုပ်တတ်သည်ဟု ဆိုသည်။ သို့တိုင် တစ်ချက်တစ်ချက် ကြောက်လန့်တကြား ဝူးဝူးဝါးဝါးလုပ်တိုင်း သျှားအိမ်မှာ နှလုံးသားကို အစိမ်းလိုက်ခွဲထုတ်ကာ ခြေမွခံရသလို နာကျင်လှသည်။
"အင်း... ပြေပါတယ်။ ဒါပေမယ့် မနိုးသေးဘူး။"
"စိတ်မပူပါနဲ့ Boss ရယ်။ ရုပ်ရှင်တွေထဲကလို coma ဝင်သွားတာထက်စာရင် အများကြီး တော်သေးပါတယ်။"
နှင်းနှင်း ပြောသည်ကို သဘောကျစွာရယ်မောမိတော့သည်။
"ကျေးဇူးပါပဲ နှင်းနှင်းရာ။ ကျွန်တော်တို့ကို နားလည်ပေးတာ။ ကျွန်တော်တို့လို အတွဲတွေကို နားလည်ပေးနိုင်တဲ့လူ ရှားတယ် မဟုတ်လား။"
"Boss ရယ်။ လူ လူချင်းချစ်တာ နားလည်ဖို့မကောင်းအောင် ရှုပ်ထွေးနေတာမှ မဟုတ်တာ။ နောက်ပြီး ဒီခေတ်ကြီးထဲမှာ ဒီလိုကိစ္စမျိုးတွေကို လက်ခံနိုင်တဲ့လူတွေက အရင်ကထက်ပိုပြီးများလာပါပြီ။ တချို့က လက်မခံနိုင်သည့်တိုင်အောင် မကန့်ကွက်ကြပါဘူး။"
"အေးဗျာ နှင်းနှင်းပြောမှပဲ အားရှိသွားတော့တယ်။"
နှင်းနှင်းပြောတာလဲ ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော်... သူ့သတင်းက ဤအနီးတစ်ဝိုက်တွင် ပွက်လောရိုက်နေသည့်တိုင် သူ့ဆိုင်လေးက အရင်ကလို အားပေးသူရှိမြဲပင်။ ယခုလည်း ယခင်ညနေခင်းများလို ဆိုင်ထဲတွင် လူစည်နေပါသည်။