Chapter 57 A
36.5K 2.8K 475
>>>>>Unicode<<<<<
မှိန်ပျပျ မီးလုံးမှ အလင်းရောင်၊ အစီအရီထပ်ထားသော ကုန်သေတ္တာများ၊ မလှမ်းမကမ်းတွင် ရပ်ထားသော ကုန်ပစ္စည်းသယ်သည့် forklift truckတစ်စီးကြောင့် ဤနေရာသည် ပစ္စည်းသိုလှောင်ရာ ဂိုဒေါင် (warehouse) တခုဖြစ်မည်ဟု သျှားအိမ် ခန့်မှန်းမိသည်။ သူ ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေလိုက်လျှင် ပစ္စတိုတစ်လက်စီ ခါးကြားထိုးထားသော လူသုံးယောက်က စောင့်ကျပ်နေသည်ကို တွေ့ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီလို လက်နှက်ကိုင်ဆွဲထားနိုင်ဖို့ဆိုသည်မှာ တော်တော်တန်တန် လူတွေတော့ မဖြစ်နိုင်သလို၊ ဒီနေရာသည် တော်ရုံနေရာတော့ မဟုတ်နိုင်။
တဖန် သူ့အား လက်နောက်ပြန် ချည်ထားသော ကြိုး၏ အခြေအနေကို စစ်ဆေးမိပြန်တော့ စိတ်ဓါတ်ကျချင်ချင် ဖြစ်သွားသည်။။ သူ့လက်ကောက်ဝတ်ကို တုတ်နှောင်ထားသော ကြိုးများမှာ ဝါယာကြိုးများဖြစ်ပြီး အသားထဲမြှုပ်အောင် တင်းရင်းနေသည်။ မတတ်နိုင် ရလိုရငြားတော့ ကြိုးစားကြည့်ရလိမ့်မည်။ သူများလက်ထဲတွင် ဒီအတိုင်း လည်စင်းပြီးတော့ မနေနိုင်။
သူ အစောင့်များ၏ အခြေအနေ အကဲခတ်လိုက်ပြန်သည်။ ဆေးလိပ်သောက်သူက သောက်၊ ဘီယာမော့သူ မော့နှင့် သူ့ထံတွင် အာရုံမရှိ။ သူ လက်များကို မသိမသာ ရုန်းကြည့်လိုက်သည်။ အတန်ကြာသောအခါ သူ့၏ ကြိုးပမ်းအားထုတ်ကို ထိုဝါယာကြိုးတို့က လက်မြှောက်စပြုလာသည်။ သို့ရာတွင် အနည်းငယ်သာ ချောင်လာသည့် အနေအထားမျိုး။ လုံးဝကြီး ပြေသွားဖို့ မဖြစ်နိုင်။ ရုတ်တရက် သူ ခေါင်းထဲသို့ အကြံတခုဝင်လာသည်။ ဤသည်က သူ့လက်တစ်ဖက်ရှိ ဝါယာကြိုးကို ပို၍ တင်းကျပ်အောင် ဆွဲနိုင်လျှင် လက်တစ်ဖက်က လွတ်သွားမည်ဖြစ်သည်။ သို့သော် ဤအကြံအစည်အတိုင်းဆိုလျှင် ထိုတင်းကျပ်ခံရသော လက်က အနာတရဖြစ်နိုင်သည်။ တဖက်ကတွေးကြည့်ပြန်တော့ ဒီလူတွေ နှိပ်စက်တာခံရသည်နှင့် ယှဉ်လျှင် တော်သေးသည့်အပြင် ဒီနည်းတစ်ခုသာ ရှိသဖြင့် ထိုအကြံအစည်ကိုသာ အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။
သိပ်မကြာပါ။ သူ့လက်တစ်ဖက်မှာ လွတ်မြောက်သွားသလို ကျန်တစ်ဖက်မှာ ပွတ်မှုကြောင့် ဒဏ်ရာရသွားတော့သည်။ သို့သော် ထိုဒဏ်ရာကို ဂရုမစိုက်နိုင်အား ကျန်လက်တစ်ဖက်ရှိ အနှောင်အဖွဲ့ကို ဖြေလျော့လိုက်သည်။ ကံကောင်းစွာပင် အစောင့်များနှင့် မျက်နှာချင်းဆိုင်နေရာတစ်ခုတွင် သူ့အား မှီထားသည်ဖြစ်ရာ သူ လက်တစ်ဖက် လွတ်သွားသည်ကို မသိနိုင်။ မည်သို့ဖြစ်စေ ပထမအဆင့်တော့ အောင်မြင်သွားပြီဖြစ်ရာ ဒုတိယအဆင့်အနေဖြင့် လွတ်လမ်းကို ရှာရတော့မည်။