Chapter 39
49.1K 3.2K 545
>>>>>Unicode<<<<<
မနက်မိုးလင်းပါပြီဆိုကတည်းကိုက ယခုနေ့လယ် ၁နာရီအထိ အနမ်းလေးတစ်ခုနှင့် ကျေနပ်နေရသော ဘဝကြီးက သိပ်မမိုက်ဟု သျှားအိမ် ထင်မိသည်။ ဒီကြားထဲ တကုပ်ကုပ်ဖြင့် အလုပ်ရှုပ်နေသော ချစ်သူကိုကြည့်ကာ ပျင်းလို့ သေမတတ်။ အကောင်းဘက်ကလှည့်တွေးလျှင် ချစ်သူက မျက်စိအောက်တွင် အမြဲရှိနေသဖြင့် မဆိုးသော်လည်း တနေကုန် အလုပ်မလုပ်ရ၍ ဟာတာတာကြီးဖြစ်နေသည်။ ထိုစဉ် ဆိုင်လုံခြုံရေးတာဝန်ခံထံမှ ဖုန်းဝင်လာသဖြင့် ဖုန်းကောက်ကိုင်လိုက်လျှင်....
"ဟဲလို..."
"ဟဲလို... Coffee Breakရဲ့ ပိုင်ရှင် ကိုသျှားအိမ်နဲ့ ပြောလို့ရမလား ခင်ဗျာ။ ကျွန်တော်က လုံခြုံရေးမှုးပါ။"
တဖက်မှ အမောသောကောအသံကြောင့် သျှားအိမ် မျက်မှောင်ကြုတ်လိုက်ပြီး.....
"ဟုတ်ကဲ့။ ပြောနေပါတယ်။"
"ဆရာ... ဆရာ့ဆိုင်ကို လူတစ်စု အခုတင်ပဲ လာပြီးဖျက်စီးသွားတယ်။ အရှေ့ဘက်က မှန်တံခါးတွေ အက်ကုန်ပြီး အထဲက ပစ္စည်းတွေအားလုံး ရိုက်ခွဲသွားတယ်..."
"ဗျာ...!"
"အဲ့ဒါ... ဆရာ အခု လာခဲ့ပါ။"
"ဟုတ်... ကျွန်တော် အခု လာခဲ့ပါမယ်။"
သူဖုန်းချလိုက်တော့ သျှန်နောင်က ဘာလို့လဲဆိုသည့် အကြည့်နှင့် ကြည့်နေသည်။
"မောင့်ဆိုင် အဖျက်စီးခံရလို့တဲ့။ အဲ့ဒါ သွားကြည့်ရဦးမယ်။"
"ကို လိုက်ပို့မယ်။"
"ရပါတယ်။ မောင် ကားငှားပြီးပဲ သွားပါ့မယ်။"
"မဟုတ်တာတွေ။ ကို လိုက်ပို့မယ် ခဏလေး။"
သျှန်နောင် ကပျာကယာပင် အလုပ်ကို လက်စသတ်ကာ မမိုးကို လက်လွဲပေးပြီး သျှားအိမ်၏ ဆိုင်ရှိရာသို့ ထွက်ခဲ့တော့သည်။ ဆိုင်၏ parking lot တွင် ကားရပ်လိုက်ပြီး ဆိုင်ရှိရာသို့ လျှောက်လာတော့ ဆိုင်ရှေ့ရှိ မှန်တံခါးကိုကာထားသည့် သတ္တုခေါက်တံခါးတစ်ချပ်သာပွင့်နေသဖြင့် စိတ်ထဲတွင် စနိုးစနောင့်ဖြစ်သွားသည်။ သို့သော် ဆိုင်ထဲသို့ ဝင်လိုက်တော့မှ သူတို့ထောင်ချောက်မိပြီမှန်းသိလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငဘဆိုသောလူက တပည့်တစ်သိုက်နှင့် စောင့်နေပြီး အစောက သူ့အားဖုန်းခေါ်သည့် လုံခြုံရေးမှုးမှာ ခွေခွေလေးလဲကျကာ သတိမေ့နေသည်။ ထို့ပြင် ကောင်တာရှိ ပန်းကန်ခွက်ယောက်အချို့မှာ ရိုက်ခွဲခံထားရဟန်တူသည်။ ပန်းကန်ကွဲစများက မွစာကြဲနေတော့သည်။