Chapter 43
46.1K 3K 275
>>>>>Unicode<<<<<
သျှန်နောင် ရောက်ပြီး သိပ်မကြာပါ အခမ်းအနားမှုးက အခမ်းအနားဖွင့်ကြောင်း စတင်ကြေငြာလာသည်။ ထို့ကြောင့် သူနှင့်အကျွမ်းတဝင်ရှိသော စီးပွားရေးသမားများအချို့ကိုသာ ကပျာကယာနှုတ်ဆက်ပြီး မိမိအားနေရာချထားပေးသော ခုံတွင် ဝင်ထိုင်လိုက်သည်။ သူထိုင်သော ဝိုင်းမှာ အထူးဧည့်သည်တော်များထိုင်သော ဝိုင်းဖြစ်ရာ ခေါင်းကြီးပိုင်းမှ အစိုးရအရာရှိတချို့နှင့်ရောနှောကာ ထိုင်ရသည်။ သို့သော် ထိုလူအားလုံးနှင့် ကြုံဆုံဆက်ဆံဖူးသည်ဖြစ်ရာ ကြောင်တောင်တောင် မဖြစ်ပေ။ အဲ... ပြောစရာဆိုလို့ ဦးရန်ရှင်းက သူ့ကို မသိမသာကြည့်နေသည်ကို မသိဟန်ပြုနေရတာတခုပဲ ဆိုးလှသည်။
အခမ်းအနားစသည်ဖြင့် Chairman မှစ၍ Board of Directors တစ်ယောက်ပြီးတစ်ယောက် ကျေးဇူးတင်စကားနှင့် corporation ၏ ရည်ရွယ်ချက်ကို စီကာပတ်ပြောသွားပြီး နောက်ဆုံးတွင် CEO ၏ လုပ်ငန်းပိုင်းဆိုင်ရာ မိန့်ခွန်ပြောရန် အလှည့်ကျလာသည်။ ပြီးလျှင် MD ဖြစ်သော ဈာန်လင်းခန့်အလှည့်။
"ဟုတ်ကဲ့.... ကျွန်တော်တို့ ပတ္တမြားမြေ corporation အနေနဲ့ ဒီတိုင်းပြည်နဲ့ ပြည်သူပြည်သားတွေရဲ့အကျိုးဆောင်ဖို့......"
ဈာန်လင်းခန့်က Corporation၏ MD အနေဖြင့် လဲမို့ကဲ့သို့ ထုထည်ကြီးသော်ငြား အနှစ်သာရအားဖြင့် ပေါ့ပါးကာ လက်တွေ့မဆန်သည့် စကားလုံးလှလှတို့ဖြင့် စာနယ်ဇင်းများရှေ့တွင် မိန့်ခွန်းခြွေနေတော့သည်။ သျှန်နောင်ကတော့ တခြားလူကြီးလူကောင်းများကဲ့သို့ ကိုယ်ရှေ့တွင် လူတစ်ယောက် စကားပြောနေသည်ကို လျစ်လျူရှုရန် ဖုန်းမျက်နှာပြင်ကို ရုပ်ပျက်ဆင်းပျက်ဖြင့် ကြည့်မနေလိုပါ။ သူထိုင်သည့်ဝိုင်းက အခမ်းအနားစင်မြင့်နှင့် တည့်နေသည့်အပြင် ကင်မရာများက ဟိုမှဒီမှ ချိန်ထားသည်ဖြစ်ရာ နေချင်တိုင်းနေလို့မကောင်းပေ။ ထို့ကြောင့် ဈာန်လင်းခန့်စကားကို စိတ်ဝင်တစားနားထောင်နေဟန်ပြုရတော့သည်။ ဈာန်လင်းခန့်က မင်သေသေနှင့် မိန့်ခွန်းချွေအပြီးတွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြန်သည်။ သူအတွက်တော့ ဟန်ဆောင်ပန်ဆောင်ဖြင့် စားရသော ထိုနေ့လယ်စာသည် အဓိပ္ပာယ်မဲ့လှသည်။ ထို့ပြင် စားနေရင်းမှ တစ်စားပွဲတည်းထိုင်နေသော လူကြီးများနှင့် စကားပြောရသေးသည်။ မပြောပဲနေလို့လည်းမရ။ ကိုယ့်အကျိုးစီးပွားအတွက် ဒီလူတွေကို မြှောက်တန်မြှောက်၊ ပေးတန်ပေးလုပ်ကာ ပေါင်းထားဖို့လိုသည် မဟုတ်လား။