အရှင်မင်းကြီး၏ ရွေးချယ်မှု

272 34 0
                                    

နံနက်ခင်းနေရောင်ခြည်က သစ်ရွက်များအကြားကနေ ခြံဝင်းထဲသို့ဖျာကြနေ၏။ ချန်ယွင်က ခြံဝင်းထဲရှိ သစ်သားခုံလေးပေါ်ထိုင်ရင်း တရားထိုင်ကျင့်ကြံမှုကိုပြုနေခဲ့သည်။
ကောင်းကင်ဓားဂိုဏ်း၏ အတွင်းဆောင်တပည့်တွေက တခြားတပည့်များထက် အခွင့်ထူးခံရရှိမှုတွေများပြားသည်။ သူတို့က သီးသန့်သစ်လုံးအိမ်ငယ်လေးများဖြင့် နေထိုင်ခွင့်ရကြပြီး ထမင်းစားဆောင်တွင်လည်း သီးသန့်နေရာပေးခြင်းခံရသည်။
ဂိုဏ်းချုပ်ဟုန်ရွှီ၏ လက်အောက်တွင် သူအပါအဝင် တပည့်လေးယောက်ရှိသည်။ ထိုအထဲတွင် သူက ဝိညဥ်စွမ်းအင်အမြင့်ဆုံးဖြစ်ပြီး ယခု သူ့ဆရာ၏ လက်လွှဲပေးမှုကိုခံရလောက်အောင် ယုံကြည်မှုအပြည့်ရရှိထားသည်။ သူ့ဆရာ ပြောပြောနေကြစကားအတိုင်းဆိုလျှင် သူက ခေတ်တစ်ခေတ်မှာ တစ်ယောက်သာပေါ်ထွန်းနိုင်သည့် ပါရမီရှင်ဖြစ်နိုင်သည်ဟု သတ်မှတ်ထားသည်။ သူကလည်း သူ့ဆရာစကားအတိုင်းပင် ထာဝရရှင်သန်ခြင်းလမ်းစဥ်ကိုလျှောက်လှမ်းနိုင်ပြီး အထက်ကောင်းကင်ဘုံကို တက်ရောက်နိုင်မည်ဟု မျှော်မှန်းထားသည်။
ဒါပေမယ့်...ဒါပေမယ့် တကယ်တမ်းသူ လူ့လောကကိုသံယောဇဥ်ဖြတ်နိုင်ပါ့မလား...
မကြာသေးမှီရက်ပိုင်းအတွင်း မယ်တော့ထံမှ ရောက်ရှိလာသည့် စာတွေအရဆိုလျှင် သူ့ခမည်းတော်က သူ့ကိုနန်းတွင်းကိုပြန်ခေါ်ဖို့ စိတ်အားထက်သန်နေကြောင်း..မယ်တော်ကိုယ်တိုင်ကလည်း ပြန်လာစေချင်ကြောင်း စာတွေက သူ့အတွေးအာရုံကိုလှုပ်ရှားစေနေသည်။

ခမည်းတော်က သူ့ကိုရွေးချယ်ခဲ့သည်။ တိုင်းပြည်အတွက်အကောင်းဆုံးလမ်းဟု ပြောခဲ့သည်။ ဒါပေမယ့် သူကရော..သူ့ရွေးချယ်မှုကရော..သူ ရွေးချယ်ပိုင်ခွင့်ရောရှိပါ့မလား..ခမည်းတော်၏ စိတ်သဘောအတိုင်း နန်းတွင်းမှ ထွက်လာခဲ့ပေးပြီးပြီ.. အခုလည်း ခမည်းတော်ရဲ့ စိတ်သဘောထားအတိုင်း နန်းတွင်းကို ပြန်လာခဲ့တဲ့လား..သူက စိတ်ရှုပ်ထွေးမှုတွေကို ခေါင်းခါ ဖယ်ထုတ်လိုက်ပြီး လန်းဆန်းသွားအောင် ရေချိုးရန် ရေတံခွန်ရှိရာဘက်သို့ လျှောက်သွားလိုက်တော့သည်။

ကောင်းကင်ဓားဂိုဏ်းသည် မိုယန်းမြို့၏ နောက်ကြောရှိ တောင်တန်းများပေါ်တွင် တည်ဆောက်ထားသည်။ တောင်စဥ်တန်းက ရှည်လျားပြီး တောင်၏ တစ်ဖက်တွင် မိုယန်းမြို့ တစ်ဖတ်တွင်တော့ ကြီးမားလှသည့် မြစ်တစ်စင်းကရှိနေသည်။ ရှည်လျားပြီး ကျယ်ပြန့်သည့်မြစ်ကြောင်းသည် ရေစီးနှုန်းသန်ပြီး ဝဲဂယက်များ များပြားလှသောကြောင့် သာမာန်လူသားများ ဖြတ်ကူးဖို့ရာမတက်နိုင်ပေ၊ ထို့အပြင် မနက်၊ နေ့လည်၊ ညနေ၊ ညခင်းနှင့် ညနက်ချိန်အပေါ်မူတည်၍ မြစ်ရေအရောင်ပြောင်းလဲလေ့ရှိပြီး မြစ်ထဲတွင်လည်း ထူးခြားဆန်းပြားသည့် မကောင်းဆိုးဝါး မိစ္ဆာများပေါ်ထွက်လာတက်သည်။ ကောင်းကင်ဓားဂိုဏ်းက အစဥ်အမြဲဆိုသလို ထိုမြစ်ကိုစောင့်ရှောက်နေကြရပြီး မြစ်အတွင်းမှထွက်ပေါ်လာသည့် မိစ္ဆာများကို သတ်ဖြတ်ချေမှုန်းပစ်ကြရသည်။
မရဏငရဲ မြစ်ဟု အမည်တွင်သော ထိုမြစ်သည် ထူးဆန်းစွာပင် မိုယန်းမြို့ ပိုင်နက်နယ်မြေရောက်မှ မိစ္ဆာကျက်စားရာ မြစ်ကြောင်းဖြစ်ပြီး မိုယန်းမြို့ပိုင်နက်အလွန်တွင်မူ သာမာန်မြစ်တစ်စင်းအဖြစ်သာ ရှိနေခဲ့သည်။ ပါးစပ်ရာဇဝင်တွေအရမူ မိုယန်းမြို့တည်ရှိရာ မြေအောက်တွင် ထူးခြားဆန်းပြားသော လက်နက်တစ်ခုရှိနေပြီး ထိုပစ္စည်း၏ အမှောင်မိစ္ဆာဓာတ်ကြောင့် မိစ္ဆာတွေ ဖြစ်ပေါ်လာသည်ဟု၍ ဖြစ်သည်။ သို့စေကာမူ ခေတ်အဆက်ဆက် ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်အလီလီပြောင်းလဲခဲ့သည့်တိုင် ထိုလက်နက်၏ အကြောင်းကို စိုးစဥ်မျှရှာဖွေနိုင်ခြင်းမရှိခဲ့ပဲ လက်ရှိ ဂိုဏ်းချုပ်ဟုန်ရွှီလက်ထက်တွင်လည်း ထိုနည်း၎င်းပင်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now