Chapter 18 ( Unicode )

4K 530 24
                                    

နေဝင်သွားတဲ့နောက် အမှောင်ရိပ်အနည်းငယ်သန်းနေတဲ့ ညနေခင်းမှာ ရိပေါ်က ပုံမှန်ခြေလှမ်းတွေနဲ့ လျှောက်လာတယ်။ ကျောင်းကနေ ပြန်တဲ့ အိမ်ပြန်လမ်းရဲ့ ညနေအခါက အနည်းငယ်တော့ အထီးကျန်ဆန်တယ်။

ဘောင်းဘီအိတ်ထဲ လက်ထည့်ရင်းသာ လျှောက်လာတဲ့ ရိပေါ်က air pod တပ်ထားရင်း အေးအေးဆေးဆေးရှိနေတယ်။

ရုတ်တရက်ခြေလှမ်းတွေက ရပ်တန့်သွားတယ်။ ကျောမလုံတဲ့ခံစားချက်နဲ့ တစ်စုံတစ်ယောက်က စောင့်ကြည့်နေသလို ကြီးက သူ့အတွက် အဆင်မပြေဘူး။ တပ်ထားတဲ့ air pod တစ်ဖက်ကို ဖြုတ်ရင်း ခန္ဓာကိုယ်ကို အနည်းငယ် စောင်းကြည့်မိတယ်။

မြင်ကွင်းထဲ ဘာမှထူးခြားမှုမရှိတာကြောင့် လမ်းကိုသာ ဆက်လျှောက်ရင်း အိမ်ပြန်ဖို့သာ အာရုံစိုက်လိုက်တယ်။

....

ရက်အနည်းငယ်ကြာသွားတဲ့နောက် ကျောင်းရဲ့ သတင်းတချို့ငြိမ်ကြသွားပေမယ့် ကျောင်းက ခြောက်ကပ်ကပ်ဖြင့်ရှိနေတုန်းပင်။

ရိပေါ်ကတော့ ထိုင်နေကျ အတန်းရဲ့ နောက်ဆုံး ထောင့်မှာ ထိုင်နေတယ်။ လေတိုးလို့ လွင့်နေတဲ့ လိုက်ကာအဖြူလေးက မြင်ကွင်းထဲရောက်လာတော့ လက်နဲ့အသာ ဖယ်လိုက်တယ်။

အဖြူရောင်နေရာမှာ အနီရောင်လေးဖြစ်ရင် ပိုလှမှာ ဆိုတဲ့ အတွေးနဲ့ ဖယ်ချလိုက်တဲ့ လက်လေးမှာ အဆောင်ကြိုးနီလေးရှိနေတယ်။

အတန်းထဲဝင်လာတဲ့ ဆရာကို ရိပေါ်အကြည့်လွဲရင်း စာအုပ်တွေဆွဲဖွင့်လိုက်တယ်။

ဘယ်လိုလုပ်မလဲ ...။
ခင်ဗျားမှ မဟုတ်ရင် အခြားသူတွေကို မမြင်ချင်တော့တဲ့အထိပဲ။

ရူပဗေဒ နိယာမတစ်ခုကို အကြိမ်ကြိမ်အခါခါရှင်းပြနေတဲ့ ဆရာ့အသံကို လျစ်လျူရှုရင်း စာမျက်နှာအလွတ်ပေါ်မှာ မှင်နီနဲ့ လျှောက်ခြစ်နေလိုက်တယ်။

" အရာဝတ္တုတိုင်းမှာ အချင်းချင်း ဆွဲအားတွေရှိနေရင် ဘာကြောင့် ဆရာနဲ့ မင်းတို့ ပြေးမကပ်တာလဲ "

စာသင်နေတဲ့ ရူပဗေဒဆရာက တပ်ထားတဲ့ မျက်မှန်ကို ပင့်တင်ရင်း မေးတော့ ကျောင်းသားတွေက တိတ်ဆိတ်သွားတယ်။

Douleurs Rouges  [ Completed ]Where stories live. Discover now