Zawgyi~
အခန်း (၃၇)
"လုံမန်ကိုပြန်ပြီးတဲ့အခါကျရင် မင်းနဲ့ရတနာလေးမှာ ပိုပြီးပျော်စရာကောင်းတဲ့အမှတ်တရတွေရှိနေဖို့ ကိုယ်ပိုကြိုးစားမယ်... ၀မ်းနည်းခဲ့ရတာတွေနဲ့ အသည်းကွဲခဲ့ရတဲ့ မှတ်ဥာဏ်တွေကို မေ့သွားအောင်လုပ်ပေးမယ်... ကိုယ်မင်းကို ပျော်အောင်ထားမယ်... ပျော်စရာတွေကိုပဲ ခံစားရစေမယ်... ၀မ်းနည်းအောင်၊ အသည်းကွဲရအောင် ဘယ်တော့မှ မလုပ်မိစေရဘူးလို့ ကတိပေးတယ်..." သူမကို သူ တင်းနေအောင် ဖက်ထားလိုက်ရင်း သူမကိုရော၊ သူ့ကိုယ်သူကိုပါ ပြောလိုက်သည်။
ဘယ်သူကမှ သူတို့နှစ်ဦးကို ထပ်ပြီး မခွဲစေရ။
"ကိုယ် မင်းကို ချစ်တယ်... လင်းလန်..." ချစ်လွန်း၍ သူမကို မထားခဲ့နိုင်... သူမ မရှိပဲ မနေနိုင်။
သူ၏ မြတ်နိုးခြင်းတို့ပြည့်နေသည့် စကားတို့ကို နားထောင်နေရင်း သူမ မျက်လွှာချမိလိုက်သည်။ မျက်ရည်ကြည်တို့က ကျလာသော်ငြား ဒီတစ်ခေါက်မျက်ရည်တို့ကတော့ ပျော်ရွှင်မှုကြောင့်ကျသည့်မျက်ရည်ဖြစ်ပြီး ၀မ်းနည်းမှုကြောင့် မဟုတ်တော့ပေ။
"ရှင့်ကိုလည်း ချစ်တယ်... လော့ထင်း..." သူမ တိုးသဲ့စွာပြောလိုက်ရင်း ၀မ်းသာမှုကြောင့် အံ့အားသင့်နေပုံပေါ်သည့် အနည်းငယ်ဟနေသည့် သူ၏ နှုတ်ခမ်းတို့ကို ဖိကပ်ကာ နမ်းရှိုက်မိလိုက်တော့သည်။
ဘုရားသခင်က သူမ၏ မိဘတွေကို ခေါ်ဆောင်သွားသော်ငြား အနီးဆုံး လူသားဖြစ်သည့် သူနှင့် ရတနာလေးကို သူမဗိုက်ထဲ ဆောင်ကျဉ်းပေးလာခဲ့သည်။ သူမ သူတို့ကို ချစ်ရမည်... အရမ်း... အရမ်းချစ်မြတ်နိုးရပေမည်။
*********************
သုံးနှစ်ကြာပြီးနောက်~
အပြင်မှ ပြန်လာသည့် ဟန်လော့ထင်းသည် အိပ်ခန်းတံခါးကို ညင်သာစွာဖွင့်လိုက်ရင်း အခန်းထဲသို့ တိတ်ဆိတ်စွာ ၀င်လာသည်။
သူ့ဘ၀၏ အချစ်ရဆုံးသော အမျိုးသမီးနှင့် သမီးလေးသည် ကြီးမားလှသည့် အိပ်ယာပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျ၍နေသည်။
ဒီရက်ပိုင်းတွင် ကလေးလေးသည် ဖျားနေပြီး တောက်လျှောက်ငိုယိုနေခဲ့တာဖြစ်သည်။ ညဘက်တွေဆို သူမ ကောင်းကောင်းအိပ်မပျော်သည့်အတွက် မသက်မသာဖြစ်ကာ ငိုလေ့ရှိသည်။
YOU ARE READING
Who Allowed you to Get on the Bed? |Completed|
RomanceMy 2nd Pick for translation... Hope u'll like it. Translation completed...