Say you love me 1

1K 131 38
                                    

[Unicode]

"ကဲ အစ်ကို ဘာစားမလဲ"

"ထမင်းပေါင်း။ သောင်ယံရော။"

"ကျွန်တော်လည်း အဲ့ဒါပဲ"

"ညီလေးရေ။ ဒီဝိုင်းကို ထမင်းပေါင်း နှစ်ပွဲ။"

လူကျချိန်ဖြစ်၍ Canteen မှာ လူတွေ ပြည့်နေသလို လမ်းမပေါ်မှာလည်း တရုန်းရုန်း။ ဟိုဝိုင်းဒီဝိုင်းမှ ရယ်မောသံ၊ အတင်းပြောသံ၊ စားပွဲထိုးတွေ၏ အော်သံအပြင် ဇွန်းသံ၊ ပန်းကန်သံတို့ဖြင့်ပါ ဆူညံလျက်ရှိသည်။

"သောင်ယံ စာတွေလိုက်နိုင်လား"

".........."

သောင်ယံ့အကြည့်က ဆိုင်ထဲမှာ မရှိ။ လမ်းပေါ် ဖြတ်သွားသူများထံမှာသာ ရှိနေပြီး ထိုအထဲ အသိပါမလား ရှာနေသလို။

"သောင်ယံ"

"ဗျာ။ ဟုတ်ကဲ့။ လိုက်နိုင်ပါတယ်။"

အကြည့်ပြန်ရွေ့ကာ အလျင်စလို ဖြေလိုက်လျှင် ကိုခန့်တည်က သတိထားမိဟန်။

"တစ်ယောက်ယောက် လာမှာမို့လို့လား"

ရိပ်မိသလို ပြောလာတော့ တစ်ရှူးစတွေကို လက်နှင့် ဖိချေလိုက်မိသည်။ မလာနဲ့ ပြောပြီး မျှော်သူက သူ ဖြစ်နေပါရော့လား။

"လာမှာတော့ မဟုတ်ပါဘူး။ လာမယ်ပြောထားလို့။"

"အစ်ကိုတို့ မှာထားတာ ရပါပြီ"

လာချပေးသော ထမင်းပေါင်းပူပူကို ကိုခန့်တည်က သောင်ယံ့ဘက် တိုးပေးသည်။

"မနေ့က အစ်ကိုပေးတဲ့ဟာ ဖတ်ပြီးသွားပြီလား"

"ကျွန်တော် တစ်မျက်နှာ၊ နှစ်မျက်နှာလောက်ပဲ လှန်ကြည့်ရသေးတယ်"

"အေးအေး ဖတ်ပေါ့။ တခြားစာအုပ်တွေ လိုချင်ရင်လည်း အစ်ကို့ဆီမှာ ငှားလို့ ရတယ်နော်။"

"ဟုတ် အစ်ကို။ ကျေးဇူးအများကြီး တင်ပါတယ်။"

ထမင်းတွေကို ထိုးဖွနေသော်လည်း သောင်ယံ့စိတ်မှာ လိပ်ခဲတည်းလည်း။ ကိုလတ် ဘာလို့ မလာတာလဲ။ သူ့ကို သက်သက် လာညာတာလား ဟူသော မေးခွန်းများကသာ ခေါင်းထဲမှာ လွှမ်းမိုးနေ၏။

ကိုလတ်က အစအနောက် သန်သော်လည်း သူ့ကိုတော့ ညာမည်မထင်ပါ။ မနေ့က မိုးရေထဲ ပြန်သွားလို့များ...။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now