Into the Dark 1

872 105 30
                                    

[Unicode]

အိမ်အပြင်ဘက်မှ ကျေးငှက်လေးများ၏ အော်မြည်သံကို ကြားနေရသဖြင့် မနက်မိုးလင်းပြီ ဆိုတာကို စိတ်က အလိုလို သိလိုက်‌လေသည်။ ခုတင်ပေါ်မှ ဖြေးညင်းစွာ ထလိုက်ပြီးနောက် စောင်အနားစတွေကို ဘက်ညီအောင် ဆွဲခေါက်ကာ ခြေရင်းဘက်တွင် ထားလိုက်သည်။

ထို့နောက် တစ်ဆက်တည်း လက်စွဲတော် တုတ်ကောက်ကို ဆွဲယူလိုက်တော့ လက်နောက်သို့ အလိုက်သင့် ပါလာ၏။

"မောင်မိုး မောင်မိုးရေ"

ခေါ်သံကပဲ တိုးတိတ်နေသလား၊ မောင်မိုးကပဲ ခြံထဲ မရှိသလား မသိ။ တုံ့ပြန်သံကို တော်တော်နှင့် မကြားရချေ။ တံခါးပေါက်ရှိရာသို့ တုတ်ကောက်ကို ထောက်ကာ လျှောက်သွားသည့်အခါမှ အပြင်ဘက်တွင် တစ်ခုခုအား တိုက်မိသံနှင့်အတူ မောင်မိုး၏ လမ်းလျှောက်သံကိုပါ ကြားလာရသည်။

"လာပြီ လာပြီ အစ်ကိုရေ"

တံခါးဖွင့်သံနှင့် မောင်မိုး၏ အလျင်စလို အသံနောက်တွင် လက်ပေါ်သို့ ရေခွက်တစ်ခွက်က ရောက်လာသည်။ လက်ထဲသို့ ရောက်လာသော ရေခွက်ကို ယူကာ မျက်နှာသစ်လိုက်ပြီးနောက် ပုခုံးပေါ်ရှိ မောင်မိုး အဆင့်သင့် တင်ပေးထားသော ပုဝါကို ယူကာ မျက်နှာသုတ်လိုက်၏။ ထိုအချိန်တွင် မောင်မိုးက အခန်းတံခါးတွေကို လိုက်ဖွင့်ပေးသည်။

ပုံမှန်အတိုင်းဆိုလျှင် ဒီလိုကိစ္စတွေအားလုံးပြီးသောအခါ ထမင်းချက်ဖို့ မောင်မိုးက ပြန်သွားတတ်သည်။ ဒီတစ်ခါတော့ လှုပ်လှုပ်ရှားရှား အသံမကြားရ၍ ပြန်သေးပုံ မပေါ်။

"ကိစ္စရှိသေးလို့လား မောင်မိုး"

"အစ်ကို ကျွန်တော် အိမ်ခဏပြန်ချင်လို့။ ဒါပေမဲ့ ကျွန်တော် သွားနေတုန်း ကိုကြီးက လာနေပေးမှာပါ။ အဲ့ဒါ ခဏပြန်လို့ရမလားဟင်။"

သောင်ယံက ဘာမှလုပ်နိုင်တဲ့သူ မဟုတ်၍ ၂၄ နာရီ အနားမှာ တစ်ယောက်ယောက် ရှိမှသာ အဆင်ပြေလေသည်။ မောင်မိုးက ဖင်ပေါ့၍ ခိုင်းလို့စေလို့‌ ကောင်းသည်မို့ ဖေဖေနှင့် မေမေ နှစ်ယောက်စလုံးက သဘောတကျဖြင့် ဒီမှာ ထားထားခြင်းဖြစ်သည်။ မောင်မိုးလည်း သူ့အိမ်ကို လွမ်းရှာမည်ပေါ့။ ခဏ ပြန်တာဖြစ်ပြီး သူ့အစ်ကိုကိုလည်း ပြောပြထား‌လောက်မည်မို့ အဆင်ပြေလောက်မှာပါ။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now