Say you love me 3

952 129 42
                                    

[Unicode]

အနည်းငယ် စိုစွတ်‌နေသော ဘောင်းဘီကို လိပ်တင်ကာ ကျောက်တုံးပေါ်သို့ ထိုင်ချလိုက်သည်။ မေခနှင့် မလိခ ပေါင်းဆုံသော ဧရာ၀တီမြစ်သည် လွမ်းလတ်နောင်၏ ခြေထောက်အောက်၌ စီးဆင်းလျက် ရှိ၏။

ရေပြင်က ကြည်လင်စိမ်းလဲ့နေသည်။ ကျောက်စရစ်ခဲလေးများကို တိုက်ရိုက် မြင်နေရပြီး တစ်ဖက်ကမ်းမှ တောအုပ်များကလည်း အုံ့ဆိုင်းမှိုင်းလို့ နေကြသည်။

ရာဇ၀င်များ၏ သတို့သမီး။ ဧရာ၀တီမြစ်ကို ဒီလိုကင်ပွန်းတပ်ကာ အမြတ်တနိုး ခေါ်ကြသည်။ ဒါဆိုလျှင် သတို့သမီး ဖြစ်သောသူအား မွေးဖွားပေးခဲ့သည့် မြစ်ဆုံကျ ဘယ်လိုကင်ပွန်းတပ်ရင် ကောင်းမလဲ။

"အဲ့ဒါဆို ဝေက ပြန်မလိုက်ဖြစ်တော့ဘူးပေါ့"

"ဟုတ်တယ် မမမေလွမ်း။ မေမေ့ကို ဂရုစိုက်ပေးပါဦးနော်။ မနွေကိုရောပဲ။ အိမ်ကနေ ရုတ်တရက်ကြီး ခွဲလာတော့ ၀မ်းနည်းသလိုလိုကြီးနဲ့ အဆင်မပြေပါဘူး။"

"ဒီလိုပဲ‌ပေါ့ ဝေရယ်။ ကိုယ့်အိမ်‌ထောင်နဲ့ ကိုယ် ဖြစ်သွားပြီဆိုတော့ အရင်လိုတော့ ဘယ်ဟုတ်ပါတော့မလဲ။ စိတ်ချပါ။ မမက မေမေရော၊ နွေရောကို ဂရုစိုက်ပါ့မယ်"

"ယား...ဒီတစ်ခေါက်တော့ အဝေးကြီးရောက်သားပဲ။ ဖေဖေ့ကို စိန်ခေါ်မယ်။ သားနိုင်ရင် လိုချင်တာ တစ်ခုခု၀ယ်ပေး။"

အနောက်က လိုက်လာသော မေမေနှင့် တီဝေ၊ ကိုမြတ်နှင့် ဖေဖေတို့၏ အသံများက သူနားထဲသို့ ၀င်ရောက်လာပြီးနောက် ပြည့်လျှံကာ ပြန်ထွက်သွားကြသည်။

ရေတွေကို ခြေထောက်နှင့် ကန်လိုက်ပြီးနောက် သက်ပြင်း ချလိုက်မိ၏။ မေခနှင့် မလိခ ဆုံသလိုပဲ သူနှင့် ဦး၏ အချစ်တွေလည်း ဒီလို ဆုံဆည်းကြရင် ကောင်းမည်။

မေခနဲ့ မလိခရေ မင်းတို့ ဘာဆုတွေတောင်းခဲ့ကြလို့ ဒီနေရာမှာ လာဆုံကြတာလဲ။ ဒီနေရာမှာ ငါရော ဆုတောင်းရင် မင်းတို့လို ပြည့်နိုင်သလား...။

ရင်ထဲက လာသမျှကို စိတ်ရှိလက်ရှိ အော်ထုတ်ပစ်လိုက်လျှင် မကောင်းရှိရော့တော့မည်။ ခြိမ်းခြောက်၍လည်း ယူလို့မရ၊ ခယ၍လည်း ယူလို့မရ။ အလိုမကျမှုတို့ကြောင့် ခံစားချက်တို့ ပြည့်ကျပ်ကာ လူပါ မွန်းနစ်နေရသည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Där berättelser lever. Upptäck nu