Extra - 1

1.1K 98 19
                                    

[Unicode]

အဝါရောင် တံတိုင်းတွေကို အုတ်ဖြင့် ပြုလုပ်ထားသော်လည်း ခြံတံခါးမှာ သစ်သားတံခါး ဖြစ်သည်။ အရိုးရှည်ရှည် အစိမ်းရောင် အနွယ်တွေက တံတိုင်းပေါ် တွယ်တက်နေပြီး အညွန့် စိမ်းဖန့်ဖန့်လေးများက အပြင်ဘက်က လာမည့် ဧည့်သည်ကို ထွက်မျှော်နေကြသည်။ အချင်း သုံးလက်မခန့် ရှိသော အနီရောင် ခရောင်းပွင့်တွေကတော့ တံခါးပေါ်၌ လှပစွာ အခုံးလေး ဖြစ်နေ၏။

အိမ်တံခါးကို သော့ဖွင့်လိုက်ပြီးနောက် သောင်ယံသည် ပြတင်းပေါက် တံခါးတွေကိုပါ တစ်ခါတည်း ဆွဲဖွင့်လိုက်သည်။ လိုက်ကာ ပြာလဲ့လဲ့လေးက လေအရှိန်ကြောင့် လွင့်သွားစဉ်တွင် ဆောင်း၏ အငွေ့အသက်အား ရသလိုလို ရှိလိုက်၏။ လွယ်ထားသော အိတ်ကို စားပွဲခုံပေါ်သို့ တင်လိုက်ပြီးနောက် နာရီကို ကြည့်လိုက်တော့ ၄ နာရီ ခွဲ‌နေပြီပင်။ ‌

စောစော ပြန်ရောက်သဖြင့် တစ်ခုခုချက်‌ကျွေးရန် ပြင်လိုက်သော်လည်း သူ လုပ်တတ်တာက မယ်မယ်ရရ မရှိလှ။ လတ်က သူ့ကို အမြဲစားပွဲခုံမှာ ထိုင်စောင့်စေပြီး ဟင်းမြည်းတာ၊ စားတာလောက်သာ လုပ်ခိုင်းတတ်သောကြောင့် အကျင့်က ပါနေပြီးဖြစ်သည်။ ထို့ကြောင့် မနက်က အကျန်များကိုသာ နွှေးလိုက်သည်။

ပြီးနောက် ချွေးတွေ ထွက်နေသည်မို့ ရေချိုးခန်းထဲသို့ ၀င်လာလိုက်တော့ ဇလုံထဲရှိ ပုဆိုးနှစ်ထည်အား တွေ့လိုက်ရ၏။

လတ်က အိမ်မှာ အငယ်ဆုံးလေးဖြစ်၍ အလျှော်အဖွတ်ဟူသည် သူ့ကိစ္စမဟုတ်ဟု အမြဲ ခံယူထားခဲ့သည်။ နှစ်ယောက် အတူတူ နေကြတော့ လတ်က သူ့အကျင့်လေးတွေကို မသိမသာ ပြင်ပါသည်။ သို့သော်လည်း ပြင်နေရင်းနှင့်ပင် အကျင့်ဆိုးလေးတွေက ပြန်ပြန်ပေါ်လာတတ်သည်။

လတ်က ဟင်းချက်ကောင်းအောင် ဘယ်လိုမျိုး စိတ်ရှည်ရှည် သင်ယူခဲ့လဲ မသိသော်လည်း အ၀တ်လျှော်ရာတွင်တော့ ဆန့်ကျင်ဘက်ပင်။

အချိန် မရလျှင် ဆပ်ပြာတွေနှင့် စိမ်ကာ ထားပစ်ခဲ့တတ်သည်။ သူ မရှိလျှင် အ၀တ်တွေကို ဟိုတစ်ထည်၊ ဒီတစ်ထည် ပစ်ထားတတ်သေးသည်။ သူနှင့် မိနေလျှင်တော့ သွားဖြီးကာ ရယ်ရယ်ပြတတ်၏။ တွေးရင်း ပြုံးလိုက်ပြီး ပုဆိုးနှစ်ထည်နှင့် သူ့အ၀တ်အစားတွေ အကုန်လုံးကို ရောကာ ဖွတ်လိုက်သည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now