Notification or Song 5

1K 155 25
                                    

[Unicode]

ဥဩငှက်ငယ်က နွေရာသီ ရောက်ပြီဖြစ်ကြောင်း အသိပေးသည့် အနေဖြင့် တစာစာ အော်မြည်နေသည်။

ပုပုဝိုင်းဝိုင်းလေး ဖြစ်သော်လည်း အကိုင်းအလက်တို့ ဖြာထွက်နေသည့် ထနောင်းပင်ပျို၏ ပင်စည်ကိုမှီကာ လွမ်းလတ်နောင် ထိုင်ချလိုက်၏။ မကြာမီ သံချောင်းခေါက်သံက တတောင်တောင် မြည်လာသလို  စာဖြေ ကျောင်းသားများကလည်း စာမေးပွဲခန်းတွင်းမှ ဝေါခနဲ ထွက်လာကြသည်။

"ကိုလတ် ဖြေနိုင်လား"

"အေး။ ဖြေနိုင်တယ်ကွ"

"ကိုလတ်ရေ ပြန်နှင့်ပြီနော်"

"အေးအေး။ ကျောင်းပိတ်လည်း လာခဲ့ဦး"

"အစ်ကိုကြီးကိုလတ် ဖြေနိုင်လားဗျ"

"ဖြေနိုင်တယ် ညီလေး"

သူ့အား နှုတ်ဆက်လာသူ အများအပြားကို ပြန်လည်နှုတ်ဆက်ရင်း စာမေးပွဲခန်းထဲသို့ တဖန် မျှော်ကြည့်လိုက်ပြန်သည်။ တစ်ယောက်စ၊ နှစ်ယောက်စသာ ကျန်သေးသော လူများထဲတွင် မောင်သောင်ယံက အပါအ၀င်ဖြစ်ပုံရ၏။ သူဖြေခဲ့သလောက်ကတော့ သမိုင်းက ဒီလောက်ထိ ခက်သည် မထင်။ ဘာတွေများ ဒီလောက်တောင် အသည်းအသန် ဖြေနေသည် မသိ။

"ဟေ့ ကိုလတ်ရေ ! မပြန်သေးဘူးလား"

တစ်ယောက် တစ်ယောက် တွန်းထိုးကာ ထွက်လာရင်းမှ ကျော်ထင်က လှမ်းမေးသည်။

"အေး။ သောင်ယံ ထွက်မလာသေးလို့"

"ငါတို့တော့ သွားနှင့်ပြီဟေ့။ မစောင့်တော့ဘူး"

ကျော်ထင်က ပြောရင်းနှင့်ပင် အရှိန်နည်းနည်း ရနေသော စက်ဘီးပေါ်သို့ ပြေးတက်လိုက်သည်။ အတော်ဝေးဝေး ရောက်တော့မှ ၀ဏ္ဏက လက်လှမ်းပြ၏။ ထိုအချိန်မှာပင် နဖူးကို ဘောပင်နှင့် ထောက်ကာထောက်ကာဖြင့် ‌ကိုယ်တော်ချောလေးက ထွက်လာသည်။

"ဘာတွေ ဒီလောက်တောင် ဖြေနေတာလဲ။ အမှတ် ၂၀၀ ပြည့်အောင် မမေးတာတွေပါ ထည့်ဖြေနေတာလား"

အမိုးအောက်၌ ရပ်ထားသော စက်ဘီးကို ထုတ်ယူရင်း လွမ်းလတ်နောင် ဘုကျကျ မေးလိုက်လျှင် သောင်ယံက သွားများ ပေါ်အောင် ရယ်မော၏။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now