Before he saw 2

825 108 24
                                    

[Unicode]

"လက်သည်းညှပ်တွေ၊ နားဖာကလော်တွေ၊ တစ်ရှူးထုပ်တွေ ရမယ်နော်"

"ဘောလုံးအင်္ကျီတွေ။ ကလေး၀တ်လား၊ လူကြီး၀တ်လား။"

"Label ပြားတွေ ကပ်မယ်ဟေ့။ နာမည်လေးတွေ လာပြောကြပါ။"

ကားနား၌ ရပ်ကာ အထုတ် ထည့်တာကို စောင့်ပေးနေရင်း ဦးမျက်နှာကို လှမ်းလှမ်းကြည့်တော့ ဘာမှ ပြောင်းလဲမှု သိပ်မရှိ။ တစ်ခါတစ်ရံ လက်‌ချောင်းလေးတွေကိုသာ ခဏခဏ ဖိညစ်နေသည်။

"လတ် ပြန်တော့လေ။ ကားထွက်တော့မယ်။"

တည်တည်ငြိမ်ငြိမ်နှင့် ဦးက ဆိုလာသည်။ မတည်ငြိမ်သော လွမ်းလတ်နောင် ရင်ထဲမှာတော့ လှိုင်းထန်လာ၏။ ဒီ၀င်းထဲကနေ ကားထွက်သွားတာကို မျှော်ကြည့်ရင်းမှ ၀မ်းနည်း မျက်ရည်ကျရတာမျိုး သူ မကြိုက်ပါ။

"ကားထွက်မှ ပြန်မယ်"

ခေါင်းမာမာနှင့် ဆက်ရပ်နေမိလျှင် ဦးက လက်တစ်ဖက်ကို လာ‌ရောက်အုပ်ကိုင်ပေးသည်။ လေပြည်အေးလေးဖြင့်လည်း နားချရှာ၏။

"ကားထွက်သွားရင် လတ် ပိုပြီး စိတ်မကောင်း ဖြစ်နေမှာပေါ့"

"ဟင့်အင်း ရတယ်။ ကိုယ် အဆင်ပြေပါတယ်။"

လတ်က တကယ် ကလေးတစ်ယောက်လိုပင်။ ဂျီကျနေသည်ကို ကြည့်ကာ ရယ်ချင်မိသော်လည်း မရယ်နိုင်ပါ။ သူကိုယ်တိုင်ကပါ ၀မ်းနည်းနေကြောင်း ပြလျှင် လတ်က မသွားဖို့ အတင်း ဆွဲထားတော့မည်။

"ကဲ ကားပေါ် တက်လို့ရပြီ"

စပါယ်ယာက အော်သည်။ လက်တွေကို ဆုပ်ကိုင်ရင်းက ခေါင်းညိတ်ပြသော လတ်မျက်လုံးမှာ မျက်ရည်တွေဝဲနေ၏။ ကြာကြာ မကြည့်နိုင်တော့ဘဲ ကားပေါ်သို့သာ အပြေး တက်ခဲ့လိုက်မိသည်။

ခုမှ ဘာလို့ ဒီလောက် ဝမ်းနည်းနေရပါလိမ့်။ ခဏလေး ကျောခိုင်းရုံနှင့် တစ်ဘဝလုံး ပျောက်ကွယ်သွားတော့မလို ခံစားနေရသည်။

လက်ဆွဲအိတ်ကို အပေါ်အံထဲသို့ ခပ်မြန်မြန် ထိုးထည့်ကာ အံကြိတ်ထားစဉ်မှာပင် မျက်ရည်တစ်စက်က ပေါက်ခနဲ ကျသွားသည်။ ခုံပေါ်သို့ အလျင်အမြန် ထိုင်ချလိုက်ပြီးနောက် အင်္ကျီအိတ်ထဲက လက်ကိုင်ပုဝါကို ထုတ်ယူလိုက်၏။ ဘေးခုံကလည်း လူ မရောက်သေး။ ငုံ့ကိုင်းကာ တိတ်တိတ်လေး ကျိတ်ငိုလိုက်လျှင် တခြားသူတွေရော လတ်ရော မြင်လိမ့်မည် မဟုတ်တော့။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now